အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Tuesday, July 5, 2016

ဝိဇ္ဇာမဟာ

          လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ကျောင်းသားစာရင်းပြုစုရင်းနဲ့ အမှတ်မထင် AM-ဆိုတာကို သုံးခဲ့ဖူးတယ်။ တိတိပပ သိလို့ သုံးတာတော့ မဟုတ်ဘူး။ သူများသုံးထားတာတွေ့လို့ လိုက်သုံးလိုက်တာ။ ပိုပြီးတိကျအောင် ပြောရရင် သူများသုံးထားတာကို သဘောကျတာနဲ့ သူ့အတိုင်းပဲ ဆက်သုံးလိုက်ခဲ့မိခြင်းပါ။ မိမိတို့ လုပ်တဲ့စာရင်းရဲ့ အဓိက လိုအပ်ချက်ကလည်း ကွဲပြားဖို့နဲ့ တိကျဖို့သာ ဖြစ်ပါတယ်။ ထားပါတော့။ ပြောချင်တာက အဲဒီ AM-ဆိုတာကိုပါ။
          လက်တင်ဘာသာကနေ ဆင်းသက်လာတဲ့ Ante Meridiem-ဆိုတဲ့ နံက်ပိုင်းကို ရည်ညွှန်းသုံးတဲ့ AM-ကို ပြောချင်တာ မဟုတ်ပါဘူး။ တကယ်တမ်း ဒီနေရာမှာ ပြောချင်တာက ဘွဲ့ (Degree) ကို ဖြစ်ပါတယ်။ အွန်လိုင်းမှာ စာအုပ်တွေ ရှာရင်းဖွေရင်းနဲ့ (ဦး)စ၀်ထွန်းမှတ်ဝင်း-ရဲ့သုတေသနပြုစုနည်း အမျိုးမျိုးဆိုတဲ့ စာအုပ်ကို သွားတွေ့ပါတယ်။ အမှန်အတိုင်း ပြောရရင် အရင်က ဒီစာအုပ်ကို တစ်ခါဖူးမျှ မတွေ့ဖူးပါဘူး။ အခုတောင် ရှားပါးစာအုပ်တွေ ရှိတတ်တဲ့ ဘဲဥကန် (ကမ္ဘာအေး ဗုဒ္ဓသုတေသနစာကြည့်တိုက်) ၀က်ဆိုဒ်မှာ တင်ထားတာတွေ့လို့ ဒေါင်းလုတ်ယူလိုက်ရာက ရရှိတာပါ။ အဲဒီစာအုပ်မှာပါပဲ။ဝိဇ္ဇာမဟာဆိုတဲ့ စာလုံးကို စာရေးသူနဲ့တွဲပြီး မျက်နှာဖုံးပေါ်မှာ တွေ့လိုက်ရတာ။
          (ဦး)စ၀်ထွန်းမှတ်ဝင်းက အဲဒီဘွဲ့ကို အမေရိကန် ဟားဗတ်တက္ကသိုလ်ကနေ ရတာ။ သူက အဲဒီဘွဲ့မရခင်မှာ ရန်ကုန်-တက္ကသိုလ်ကနေလည်း မဟာဝိဇ္ဇာ-ဘွဲ့ ကို ရရှိထားပြီး ဖြစ်ပါတယ်။ အဆိုပါ ဘွဲ့ကိုတော့ အင်္ဂလိပ်လို MA-လို့ အတိုခေါက် ခေါ်ပါတယ်။ အဲလုံးသိပြီးဖြစ်တဲ့အတိုင်း အရှည်ကတော့ Master of Arts-ပါ။
          ဒါနဲ့ ဆက်စပ်ပြီး စဉ်းစားမိတာက ဒီလိုပါ။ ပြီးခဲ့တဲ့ တစ်နှစ်ကျော်က ကျောင်းသားစာရင်း လုပ်ရာမှာ အကြောင်းအမျိုးမျိုးနဲ့ MA-တန်းကို နှစ်ခါတက် နှစ်ဘွဲ့ယူတဲ့ အချို့ပုဂ္ဂိုလ်များကို တွေ့ရတယ်။ မေဂျာကတစ်ခုတည်း၊ တက္ကသိုလ်တစ်ခုက MA-ရပြီး ဖြစ်ပေမယ့် အထက်မှာ စကားခံခဲ့သလိုပါပဲ နောက်တက္ကသိုလ်တစ်ခုမှာ MA-ဘွဲ့ကိုပဲ ထပ်လုပ်ကြတာ။ စာရင်းသွင်းတဲ့အထဲက တစ်ဦးက သူနဲ့သက်ဆိုင်ရာ ကျောင်းသားများစားရင်း ပြုစုပြီး လာပေးရာမှာ အဲဒီလို MA-ဘွဲ့ကို နှစ်ကြိမ်ပြန်လုပ်တဲ့ ပုဂ္ဂိုလ်များကို  AM-လို့ သုံးလာတာ တွေ့တယ်။ MA-စာမေးပွဲမအောင်လို့ ပြန်တက်နေသူတွေကျတော့ သူက Repeater-လို့ သုံးထားပါတယ်။
ဒါက သုံးနေကျပါ။ စာမေးပွဲ ကျသူနဲ့ နှစ်ခါလုပ်သူ ကွဲအောင် မှတ်သားတဲ့နေရာမှာ နှစ်ခါလုပ်တဲ့သူကို Double-လို့ မသုံးပဲ AM-လို့သုံးတာကိုး။ အဲဒီတုးန်က သူသုံးတဲ့ AM-ဆိုတာကို နားမလည်လို့ မေးတော့ ဘွဲ့တစ်ခုတည်းကို Double-လုပ်တဲ့သူမို့ သုံးတာလို့ ပြန်ပြောတယ်။ မိမိတို့ နားလည်လိုက်တာက သို့ကလိုဘွဲ့တစ်မျိုးတည်းကို နှစ်ကြိမ်နှစ်ခါတက် နှစ်ဘွဲ့ယူတဲ့သူတွေကို MA-အစား ပြောင်းပြန်အနေနဲ့ AM-လို့ သုံးတယ်လို့ပဲ ဖြစ်ပါတယ်။ အတော်ဉာဏ်ကြီးတဲ့ ငါတို့ပါလားနော်။ ပြောပြီးပါကော။ အရေးကြီးတာက ကျောင်းသား၊ အသစ် အဟောင်း နှစ်ကြိမ်လုပ် ဒါတွေကွဲဖို့ပါလို့ဆိုနေ။
          ဒါနဲ့ ကြားညှပ်ပြောရဦးမယ်။ မိမိကိုယ်တိုင်လည်း အဲဒီလို MA-ကို Double-လုပ်ဖို့ ကျောင်းအပ်ဖူးတယ်။ အဲဒီတုန်းက ရင်းနှီးတဲ့ စီနီယာကျောင်းသားတစ်ဦးက ဘာပြောတယ်မှတ်လဲ။ ကိုယ့်လူတဲ့ပညာရေးအသိုင်းအ၀ိုင်း၊ ပညာရှင်လောကမှာ ကျင်လည်ချင်ရင် ဘာမှမထူးတဲ့ ဘွဲ့ကို ထပ်မလုပ်နဲ့၊ နှစ်ခုမယူနဲ့တဲ့။ သူဆိုလိုတာက တက္ကသိုလ်မတူပေမယ့် ဘွဲ့ကနှစ်ခု မေဂျာကတစ်ခုတည်းဆိုရင် မထူးဘူးပေါ့။ ဒါကြောင့် မလုပ်သင့်ဘူး-တဲ့။ မလုပ်နဲ့လို့ ပြောတာမဟုတ်ဘူး၊ မလုပ်သင့်ဘူးလို့ ပြောတာ။ အနှီပုဂ္ဂိုလ်က ခေတ်စကားနဲ့ပြောရရင် သာမညောင်ည မဟုတ်ဘူး။ ဆရာ့ဆရာကြီးဆိုသူတွေကိုက ဆရာပြန်တင်ထားခံရတဲ့လူ။ ပညာရေးမှာ သူက အဲလောက်တော်တာ။ ဒါနဲ့ မိမိလည်း မိမိဘာသာပဲ မြှင့်တွေးရင်းအင်း ဟုတ်ပေသားပဲ၊ ငါက ပညာရေးအသိုင်းအ၀ိုင်းကြားမှာ ကျင်လည်မှာဆိုပြီး မလုပ်ဖြစ်တော့ပါဘူး။ အဓိက အချက်ကတော့ အကြံပေးတဲ့သူရဲ့ အတွေ့အကြုံနဲ့ အရည်အချင်းကို ယုံကြည်လို့ပါ။
          ကဲထားပါ။ ပြန်ဆက်ရအောင်ပါ။ အဲဒီတုန်းက တွေ့ခဲ့တဲ့ AM-ကို ကိုယ်နားလည်ချင်သလို နားလည်ခဲ့တာ။ ဒီလိုဖြစ်တာကို သူငယ်ချင်းတစ်ယောက် ရှေ့မှာတော့ မပြောရဲဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူကတို့က သုတေသနသမားဟ၊ အထောက်အထားနဲ့ ပြောတတ်တယ်သိလားတို့၊နင်တို့ သုတေသနသမား မပီသဘူး၊ တိတိကျကျ မရှိဘူးတို့ ပြောနေကျလေ။ သူပြောတာလည်း မမှားပါဘူး။ ခက်တာက သုတေသနမှာလည်းဆန်စင်ရာ ကျည်ပွေ့လိုက်မလုပ်ရတာတွေ ရှိတယ်။ အဲဒီတုန်းက စာရင်းမှန်ဖို့က အဓိက၊ AM-တွေ MA-တွေက အဓိက မဟုတ်ဘူးလေ။
          အခုတော့ AM-ဆိုတာကြီးကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး တွေ့လာရပြီ။ သုံးထားတာကလည်း တကယ့်ပညာရှင်။ ရထားတဲ့တက္ကသိုလ်ကလည်း သာမညောင်ညမဟုတ်။ ဆိုတော့ ကိုယ်နားလည်ခဲ့သလိုများ ဟုတ်လေးသလားလို့ သိချင်လာတယ်။ MA-ကို နှစ်ဘွဲ့ယူဖို့ ထပ်တက်လို့ AM-လို့ သုံးတာကို တွေ့ဖူးတာရယ်၊ ပညာရှင်ကြီးကလည်း ရန်ကုန်-တက္ကသိုလ်က MA-ဘွဲ့ရပြီး ဟားဗတ်တက္ကသိုလ်မှာ MA-ဘွဲ့ ထပ်လုပ်လို့ AM-လို့ သုံးလေသလားလို့ တွေးမိတာရယ်၊ ပြီးတော့ မြန်မာလိုမဟာဝိဇ္ဇာကို သူ့မှာသွားတွေ့တာက၀ိဇ္ဇာမဟာဖြစ်နေတာကြောင့်ရယ်  အဖြေမှန်နဲ့ လွဲရတာပါပဲ။ သုတေသနသမားတွေဟာ ကိစ္စတစ်ခုနဲ့ ပတ်သက်ပြီး အမှန်အဖြစ် ကြိုတင်ယူဆထားတာ ရှိတတ်ပါတယ်။ ဒါပေမယ့် အဲဒီယူဆချက်ကို တရားသေအမှန်ပဲလို့ ဆုပ်ကိုင်ထားရင် လွဲချော်(False Presumption)ကရော။ အခုလည်း မိမိက အဲဒီလို ယူဆထားတဲ့ လော့ဂျက် (Logic) ကြောင့် ဖြစ်ရတာ။ ဒါကြောင့်လွဲရတာပေါ့။
          ကွန်ဖန်းလုပ်ဖို့ အရင်ဆုံး ကြည့်မိတာက မြန်မာစာဌာနက ထုတ်ဝေတဲ့ အင်္ဂလိပ်-မြန်မာအဘိဓာန်ပါ။ သိတဲ့အတိုင်းပဲ။ သူက ဗြိတိသျှနဲ့ အမေရိကန်တို့ရဲ့ အင်္ဂလိပ်အသုံးတွေကို ခွဲပြောတယ်။ အီးတူအီးဖွင့်တဲ့ ကင်းဘရိတ်ခ်ျနဲ့ အောက်စဖို့တ်အဘိဓာန်တွေမှာက အသံထွက်တွေကိုပါ ခွဲထားပေးတယ်။ မြန်မာစာဌာ အဘိဓာန်က AM-ဆိုတာ MA-ကို အမေရိကန်တွေသုံးတဲ့ အသုံးတဲ့။ ဒါနဲ့ ထိုထို တတိယနဲ့ သတ္တမမျိုးဆက် အီးတူအီးအဘိဓာန်တွေကြည့်တော့ မပါဘူး။ မပါဆို ကိုယ်ကြည့်နိုင်တာကလည်း Learner-ဖြစ်နေတာကိုး။ နောက်တော့ မရှိမဖြစ်ဆိုတဲ့ အောက်စဖို့တ်အဘိဓာန်ကိုကြည့်တယ်၊ မရှိလည်းဖြစ်နေတာကို တွေ့ပြန်ရော။ ကြည့်မိလက်စနဲ့ မထူးပါဘူးဆိုပြီး အောက်စဖို့တ်အနှစ်ချုပ်အဘိဓာန်ကို ကြည့်လိုက်တာ “United States Master of Arts”လို့ ၀ါ့ဒ်အော်ရီဂျင် လက်တင်ရဲ့အသုံးနဲ့ပါ တွေ့တယ်။ ဒီလောက်ပဲ။
မပြောပါနဲ့ဗျာ။ ကျောင်းသားဆိုတော့ အဘိဓာန်တွေ ဆောင်လို့ရသလောက် ဆောင်ထားရတာပေါ့။ ခေါင်းလေးတာမှ မဟုတ်တာ။ ပြဿနာက တိုနှံ့နှံ့ဖြစ်နေတော့ လှတောသား စကားနဲ့ဆို လှည်းမြီးတိုစီးရသလို ဖြစ်နေတယ်။ ဒါနဲ့ လက်သုံးတော်ဖြစ်တဲ့ အွန်လိုင်းစွယ်စုံကျမ်းကြီးကို ခေတ်သစ်ကျောင်းသား ဖြစ်သည်နဲ့အညီ ကြည့်မိတယ်။ အင်တာနက်သုံးတာက ဒီရည်ရွယ်ချက်အတွက်ပဲ အဓိက မဟုတ်လား။ တချို့ကလည်း ပြောပါတယ်။ အနှီစွယ်စုံကျမ်းကြီးဟာ ပညာရှင်တွေအတွက် မကိုးလောက်ဘူး၊ မခိုင်လုံဘူးပေါ့။ ဘာပဲဖြစ်ဖြစ် ကိုယ်တွေက ကျောင်းသားဖြစ်တာရယ်၊ အရေးပေါ်အင်ဖော်မေးရှင်းကို ပေးနိုင်တာရယ်ကြောင့် လိုအပ်သလို သုံးဖြစ်ပါတယ်။ အဲဒီမှာ တွေ့တာပါပဲ။
          ဒီလိုပါ။ MA-ဆိုတာ Master of Arts-ရဲ့အတိုကောက်ဖြစ်ပြီး လက်တင်ဘာသာစကား Magister Artium-ကနေ ဆင်းသက်လာတာပါတဲ့။ ပြီးတော့ AM-ဆိုတာကလည်း Master of Arts-ရဲ့အတိုကောက်ပဲဖြစ်ပြီး လက်တင်ဘာသာစကား Artium Magister-ကနေ လာတာဖြစ်လို့ အတိုကောက်တွေရဲ့ ထုံးစံအတိုင်း AM-လို့ လုပ်ထားတာပါ။ ရှေ့-နောက်ပြန် သုံးတာပါ။ လိုရင်းကတော့ မဟာဝိဇ္ဇာဘွဲ့ပါပဲ။ MA-ကို AM-လို့ သုံးနိုင်သလို မဟာဝိဇ္ဇာ-ကိုလည်း ၀ိဇ္ဇာမဟာ-လို့ တိုက်ရိုက်ယူလိုက်တယ်လို့ နားလည်မိပါတယ်။
          ကနေဒါနဲ့ အမေရိကန်နိုင်ငံတွေက တက္ကသိုလ်များမှာ AM-လို့သုံးကြောင်း ပေးကြောင်းကို အွန်လိုင်းစွယ်စုံကျမ်းကြီးက အမိန့်ရှိထားပါသေးတယ်။ (ဦး)စ၀်ထွန်းမှတ်ဝင်းဟာ ၄င်းဝိဇ္ဇာမဟာ ဘွဲ့ကြီးကို အမေရိကန်နိုင်ငံ ဟားဗတ်ဆိုတဲ့ နာမည်ကျော်တက္ကသီလာကြီးက ရရှိခဲ့တာဖြစ်ပါတယ်။ နိဂုံးချုပ်အနေနဲ့ကတော့ သုတေသနကျောင်းသားများအနေဖြင့်သုတေသနပြုစုနည်း အမျိုးမျိုးဆိုတဲ့ စာအုပ်ကို ဖတ်မှတ်သင့်ပါကြောင်း၊ အောက်ဖော်ပြပါ သက်ဆိုင်ရာလင့်ခ်မှာ ဒေါင်းလုတ်ရယူနိုင်ပါကြောင်း သတင်ကောင်းပါးလိုက်ပါတယ်။
မေတ္တာဖြင့်-
          အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
          ပေရာဒေနိယ၊ သီရိလင်္ကာ။
          Tuesday, July 5, 2016
ရည်ညွှန်း။      
1.    http://www.kbrl.gov.mm/book/details/000989?categoryId=45 (သုတေသနပြုစုနည်း အမျိုးမျိုး)

2 comments:

Sakura Sai said...

အရှင်ဘုရား၊ တပည့်တော်က..ဦးစ၀်ထွန်းမှတ်ဝင်းရဲ့သားပါ..သုတေသနပြုစုနည်း အမျိုးမျိုးစာအုပ်ဟာ..အိမ်မှာတောင်မရှိတော့လို့...အသိတယောက်ဆီကငှားပြီး..ပြန်ရိုက်မလို့လုပ်နေတာပါဘုရား..ရည်ရွယ်ချက်ကတော့..ပြန်လည်ပြီးဖြန့်ဝေဒါနပြုလိုသောကြောင့်ဖြစ်ပါတယ်ဘုရား..အခုတော့အရှင်ဘုရားရဲ့blogကိုဖတ်မိပြီး.downloadဆွဲနိုင်ခဲ့လို့..လွန်စွာမှကျေးဇူးတင်ပါတယ်ဘုရား.

အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်) said...

ဟုတ်လား။ သိရတာ ၀မ်းသာပါတယ်။ သုတေသနသမားအတွက်သာမက ပုံမှန်စာဖတ်သူများအတွက်ပါ အလွန်ကျေးဇူးများမယ့် စာအုပ်ပါ။ မြန်မာနိုင်ငံပညာရေးလောက (လောကီ-လောကုတ်)မှာ လိုအပ်နေတဲ့ ကွက်လပ်တစ်ခုကို ဖြည့်ဆည်းရာရောက်ပါတယ်။ စောင့်မျှော်လင့်ပါ။
ကိုယ်-စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပါစေ ...... ။
မေတ္တာဖြင့်-
ဒေါက်တာအရှင်ဥတ္တမာနန္ဒ (PhD, Sri Lanka)

Post a Comment