အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Tuesday, July 5, 2016

ဝိဇ္ဇာမဟာ

          လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ကျောင်းသားစာရင်းပြုစုရင်းနဲ့ အမှတ်မထင် AM-ဆိုတာကို သုံးခဲ့ဖူးတယ်။ တိတိပပ သိလို့ သုံးတာတော့ မဟုတ်ဘူး။ သူများသုံးထားတာတွေ့လို့ လိုက်သုံးလိုက်တာ။ ပိုပြီးတိကျအောင် ပြောရရင် သူများသုံးထားတာကို သဘောကျတာနဲ့ သူ့အတိုင်းပဲ ဆက်သုံးလိုက်ခဲ့မိခြင်းပါ။ မိမိတို့ လုပ်တဲ့စာရင်းရဲ့ အဓိက လိုအပ်ချက်ကလည်း ကွဲပြားဖို့နဲ့ တိကျဖို့သာ ဖြစ်ပါတယ်။ ထားပါတော့။ ပြောချင်တာက အဲဒီ AM-ဆိုတာကိုပါ။
          လက်တင်ဘာသာကနေ ဆင်းသက်လာတဲ့ Ante Meridiem-ဆိုတဲ့ နံက်ပိုင်းကို ရည်ညွှန်းသုံးတဲ့ AM-ကို ပြောချင်တာ မဟုတ်ပါဘူး။ တကယ်တမ်း ဒီနေရာမှာ ပြောချင်တာက ဘွဲ့ (Degree) ကို ဖြစ်ပါတယ်။ အွန်လိုင်းမှာ စာအုပ်တွေ ရှာရင်းဖွေရင်းနဲ့ (ဦး)စ၀်ထွန်းမှတ်ဝင်း-ရဲ့သုတေသနပြုစုနည်း အမျိုးမျိုးဆိုတဲ့ စာအုပ်ကို သွားတွေ့ပါတယ်။ အမှန်အတိုင်း ပြောရရင် အရင်က ဒီစာအုပ်ကို တစ်ခါဖူးမျှ မတွေ့ဖူးပါဘူး။ အခုတောင် ရှားပါးစာအုပ်တွေ ရှိတတ်တဲ့ ဘဲဥကန် (ကမ္ဘာအေး ဗုဒ္ဓသုတေသနစာကြည့်တိုက်) ၀က်ဆိုဒ်မှာ တင်ထားတာတွေ့လို့ ဒေါင်းလုတ်ယူလိုက်ရာက ရရှိတာပါ။ အဲဒီစာအုပ်မှာပါပဲ။ဝိဇ္ဇာမဟာဆိုတဲ့ စာလုံးကို စာရေးသူနဲ့တွဲပြီး မျက်နှာဖုံးပေါ်မှာ တွေ့လိုက်ရတာ။
          (ဦး)စ၀်ထွန်းမှတ်ဝင်းက အဲဒီဘွဲ့ကို အမေရိကန် ဟားဗတ်တက္ကသိုလ်ကနေ ရတာ။ သူက အဲဒီဘွဲ့မရခင်မှာ ရန်ကုန်-တက္ကသိုလ်ကနေလည်း မဟာဝိဇ္ဇာ-ဘွဲ့ ကို ရရှိထားပြီး ဖြစ်ပါတယ်။ အဆိုပါ ဘွဲ့ကိုတော့ အင်္ဂလိပ်လို MA-လို့ အတိုခေါက် ခေါ်ပါတယ်။ အဲလုံးသိပြီးဖြစ်တဲ့အတိုင်း အရှည်ကတော့ Master of Arts-ပါ။
          ဒါနဲ့ ဆက်စပ်ပြီး စဉ်းစားမိတာက ဒီလိုပါ။ ပြီးခဲ့တဲ့ တစ်နှစ်ကျော်က ကျောင်းသားစာရင်း လုပ်ရာမှာ အကြောင်းအမျိုးမျိုးနဲ့ MA-တန်းကို နှစ်ခါတက် နှစ်ဘွဲ့ယူတဲ့ အချို့ပုဂ္ဂိုလ်များကို တွေ့ရတယ်။ မေဂျာကတစ်ခုတည်း၊ တက္ကသိုလ်တစ်ခုက MA-ရပြီး ဖြစ်ပေမယ့် အထက်မှာ စကားခံခဲ့သလိုပါပဲ နောက်တက္ကသိုလ်တစ်ခုမှာ MA-ဘွဲ့ကိုပဲ ထပ်လုပ်ကြတာ။ စာရင်းသွင်းတဲ့အထဲက တစ်ဦးက သူနဲ့သက်ဆိုင်ရာ ကျောင်းသားများစားရင်း ပြုစုပြီး လာပေးရာမှာ အဲဒီလို MA-ဘွဲ့ကို နှစ်ကြိမ်ပြန်လုပ်တဲ့ ပုဂ္ဂိုလ်များကို  AM-လို့ သုံးလာတာ တွေ့တယ်။ MA-စာမေးပွဲမအောင်လို့ ပြန်တက်နေသူတွေကျတော့ သူက Repeater-လို့ သုံးထားပါတယ်။

Friday, July 1, 2016

ဘ၀မှသည် အန္တိမသစ္စာဆီသို့



အမှန်တရား
မသနားဘူး
မွေးကင်းစလည်း
သေရွာဆွဲ၏။
အရွယ်တော်ဆိုဒ်
ပျော်တုန်းခိုက်လည်း
ချမ်းသာမပေး
သေလမ်းပေး၏။
အိုကြီးအိုမ
အနာကျလည်း
မနေရပါ
သေမိန့်ပါသည်။
လောကအလွဲ
လူတွေခွဲလည်း
သေမင်းမှာမူ
ခွဲမယူခဲ့။
အလှည့်ကျလာ
သူရောငါတို့
လိုရာမပေါက်
ခရီးထောင့်လည်း
ခဏမထား
မသနားဘူး။
ရှင်ဆဲခိုက်တန့်
လုံ့လစိုက်၍
အများကျိုးပြု
ကိုယ့်ကောင်းမှုဟု
သိဉာဏ်ရှေ့ဆောင်
ရအောင်သာရှု့
နိစ္စမှုကင်း
သင်္ခါသင်းလည်း
မလွဲမသွေ
မြဲကာနေသော်
သေမင်းမကြောက်
ဒူးမထောက်ရ
အဆုံးရွှေပြည်
ဝင်ရမည်တည်း …….
မေတ္တာဖြင့်-
                                                              အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
                                                           Friday, July 1, 2016