အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Friday, June 17, 2016

ရဟန်း၊ ပညာရေးနှင့် အတွေးအမြင်(အပိုင်း-၆၊ နိဂုံး)

၈း နိဂုံး
သုတေသနပြုလုပ်မည့် ကျောင်းသားများသည် “စာများများဖတ်ဖို့လို”ပါသည်။ ဆက်စပ်ပတ်သက်ရာ လိုက်လံဖတ်ရှုရာ၌လည်း “ဆန်စင်ရာ ကျည်ပွေ့လိုက် မဖြစ်အောင်” သတိပြုရပါမည်။ သုတေသနပြုရေးသားရာ၌ ပိုပြီးအရေးကြီးသည့်အပိုင်းလည်း ဖြစ်သည်။ ဖတ်မှတ်ထားသည်များ၌ “ဘာကြောင့်” “ဘယ်လို” စသည်ဖြင့် ပြဿနာ မထွက်လာသေးသမျှ “သုတေသနလုပ်လို့ရမည် မဟုတ်”ပါ။
သုတေသနဆိုသည်မှာ ပြဿနာရှိမှ လုပ်ရခြင်း ဖြစ်သည်။ အလုပ်မရှိ “ကြောင်မရေချိုး၊” “ဘုန်းကြီးအား ဘုရားရွှေ့” လုပ်လို့ရသည့် ကိစ္စမျိုးမဟုတ်ပါ။ ထိုကြောင့် “ပြဿနာ”ဆိုသည်ကို “လိုအပ်သောအရာ” “ဖြေရှင်းရန် အကြောင်းဆိုက်လာသော ကိစ္စ”ဟု နားလည်ထားရပါမည်။[1] “ဧ၀ံ မေ သုတံ-ကို ဤသို့ ကြားနာခဲ့ရပါ၏”ဟု နားလည်နေသမျှ ဘာပြဿနာမျှ ရှိမည်မဟုတ်ပေ။ သို့အတွက် သုတေသနလည်း လုပ်လို့ရဦးမည် မဟုတ်သေး။ “ဘုရားဂုဏ်တော် ဆယ်ပါးရှိပါလျှက်နဲ့ ဘာဖြစ်လို့ ကိုးပါးပဲ သုံးနေကြသလဲ”ဟု မေးခွန်းထွက်လာလျှင် သုတေသနလုပ်ဖို့ ပြဿနာရှိလာပြီ ဖြစ်သည်။
သုတေသနဆိုတိုင်း အသစ်ဖြစ်ရမည်ဟု မမှတ်အပ်ချေ။ နယ်ပယ်ကိုလိုက်ပြီး သုတေသနအမျိုးအစားလည်း ကွဲပြားနိုင်သောကြောင့် ဖြစ်သည်။ ရှိပြီးသားအပေါ် နားလည်မှုအသစ် ရရှိလာခြင်းသည်လည်း သုတေသနမြောက်သည်သာ ဖြစ်သည်။ ဥပမာအားဖြင့် မဟာစည် ဆရာတော်ကြီး၏ “ဖောင်း-ပိန်” တရားရှုမှတ်နည်း၊ မိုးကုတ်ဆရာတော်ကြီး၏ “ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းနည်း” စသည်တို့ကဲ့သို့ ဖြစ်ပါသည်။ ဘုရားဟော တရားအပေါ်၌ ဘုရားအလိုတော်နှင့် မဆန့်ကျင်ခြင်းဘဲ နားလည်မှု မတူညီခြင်းမျိုး ဖြစ်သည်။ နည်းသစ်ဖြင့် နားလည်ခြင်းတစ်မျိုးဟု ဆိုက ဆိုနိုင်ပါသည်။

အခြေခံတန်း၌ စိတ်ပိုင်းကိုသင်လျှင် စိတ်အကျဉ်း-အကျယ်ဘယ်လောက်ရှိ၊ ဘယ်လိုရေတွက်ပုံ စသည်ကို သိလျှင် လုံလောက်ပါသည်။ အဆင့်မြင့်ပညာရေးနယ်ပယ်၌မူ ထိုမျှဖြင့် မလုံလောက်တော့။ နှိုင်းယှဉ်လေ့လာတတ် တွဲစပ်အဖြေရှာတတ်ဖို့ပါ လိုလာသည်။ စိတ်ပိုင်းနှင့် ပတ်သက်၍ ပါမောက္ခတစ်ဦး တင်ပြသလိုမျိုး ဖြစ်သည်။ “ကာမစိတ် ငါးဆယ့်လေးပါး”သည် ကုသိုလ်-အကုသိုလ်ကို ပြောခြင်းဖြစ်၍ “သီလ”၊ “ရူပ-အရူပစိတ် နှစ်ဆယ့်ခုနစ်ပါး”သည် ဈာန်များကိုပြောခြင်းဖြစ်၍ “သမာဓိ”၊ “လောကုတ္တရာစိတ် ရှစ်ပါး”သည် ပညာကိုပြောခြင်းဖြစ်၍ “ပညာ” စသည်ဖြင့် စိတ်များကို “သီလ၊သမာဓိ၊ပညာ” သိက္ခာသုံးပါးဖြင့် တွဲစပ်တင်ပြနိုင်ခြင်းမျိုး ဖြစ်သည်။
ရှင်သာရိပုတြာလောင်း ဥပတိဿ-က တရားကိုမေးမြန်းသဖြင့် ရှင်အဿဇိမထေရ် ပြန်ဖြေကြားရာတွင် “သူသည် ဘုရားသာသနာအတွင်း ၀င်ရောက်သည်မှာ မကြာသေး၍ တရားများများ မသိသေးကြောင်း” နိဒါန်းခံပြီး “ယေ ဓမ္မာ ဟေတုပ္ပဘ၀ါ” အစချီသော ဂါထာကို ဟောကြားပေးတော်မူပါသည်။ အများသိပြီးသော အကြောင်းအရာ ဖြစ်သည်။ ရှင်အဿဇိမထေရ်သည် ပဉ္စ၀ဂ္ဂီငါးဦးတွင် တစ်ပါးအပါအ၀င်ဖြစ်ပြီး ဥပတိဿနှင့် တွေ့ချိန်က မြတ်စွာဘုရားထံမှ “ဓမ္မစက္ကပ၀တ္တနသုတ်”နှင့် “အနတ္တလက္ခဏသုတ်”တော်များကို ကောင်းစွာနာကြားထားပြီးသူ ဖြစ်သည်။ သို့ရာတွင် ဥပတိဿ-ကို ပြန်ဟောရာ၌ ဘုရားဟောတရားအပေါ်၌ သူနားလည်သိမြင်သည့်အတိုင်း ပတ်ဝန်းကျင် အခြေအနေနှင့် အချိန်အခါပေါ်လိုက်ပြီး “ဂါထာတစ်ပုဒ်”ဖြင့် ပြန်လည်ဟောပြခြင်း ဖြစ်သည်။
သုတေသနဆိုသည်မှာ ပြဿနာ (Problem or Question) ရှိမှ လုပ်ရမည့် အရာဖြစ်ပါသည်။ ထိုကြောင့် သုတေသနပြဿနာဟု နားလည်ရပါမည်။ ပြဿနာမှာ “ပြဿနာရှိရမည့်နေရာ၌ မရှိဘဲ ပြဿနာမရှိရမည့်နေရာ၌ ရှိနေခြင်း”ပင် ဖြစ်ပါသည်။
သုတေသနပြုရာ၌ မည်သည့်ဘာသာစကားဖြင့် ပြုစေကာမူ သုတေသနမြောက်ဖို့က အဓိကဖြစ်ပါသည်။ သုတေသနက သပ်သပ်၊ ဘာသစကားက သပ်သပ်ဖြစ်သည်။[2] သို့ရာတွင် ဥပမာအားဖြင့် နိုင်ငံခြားမှာ သုတေသပြုလုပ်မည့် မြန်မာကျောင်းသား တစ်ယောက်သည် မြန်မာလိုသုတေသန လုပ်လို့ရသော်လည်း နိုင်ငံခြားမှာ လုပ်မှာဖြစ်သည့်အတွက် အများနားလည်သော သို့မဟုတ် နိုင်ငံတကာက အသိအမှတ်ပြုသော ကြားခံဘာသားစကား တစ်မျိုးမျိုးကိုသာ မိမိသုတေသနကို တင်ပြဖို့အတွက် ရွေးချယ်ရမည် ဖြစ်သည်။
နိဂုံးချုပ်အားဖြင့် ဘာသာရပ် (Subject)၊ ဘာသာစကား (Medium Language) နှင့် ပညာ (Knowledge or Skill) ကျွမ်းကျင်မှုတို့သည် သီးခြားစီဖြစ်ပြီး၊ ၄င်းတို့ဖြင့် မိမိရှာဖွေ တွေ့ရှိချက်များကို အများနားလည်ပြီး အသုံးချလို့ရအောင် ရေးသားတင်ပြဖို့ ဖြစ်ပါသည်။ ဤသည်မှာ သုတေသနပင် ဖြစ်ပါသည်။ မည်သည့်ရည်ရွက်ချက်ဖြင့်ပင် လုပ်စေကာမူ အဆိုပါ သုတေသနသည် မိမိအတွက်သာမက ပတ်ဝန်းကျင်အတွက် လောကအတွက် အကျိုးပြုမည့်အရာလည်း ဖြစ်ပါသည်။ သုတေသနဖြင့် ဖြစ်လာသော ဆေးတစ်ဖုံသည် လူမျိုး ဘာသာ အသားအရောင် စသည်မခွဲခြားဘဲ လိုအပ်သူအတွက် အသုံးချတတ်သလို အကျိုးရှိသကဲ့သို့ ဖြစ်ပါသည်။
မေတ္တာဖြင့်-
          အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
          Friday, May 20, 2016


[1] ဗြဟ္မဇာလသုတ်၌ “အဘူတံ အဘူတတော နိဗ္ဗေဌေတဗ္ဗံ၊” “ဘူတံ ဘူတတော ပဋိဇာနိတဗ္ဗံ” “မဟုတ်သည်ကို မဟုတ်သည့်အတိုင်း ဖြေရှင်းရမည်၊” “ဟုတ်မှန်သည်ကို ဟုတ်မှန်သည့်အတိုင်း ၀န်ခံရမည်”ဟု ဆိုထားချက်သည် သုတေသနလုပ်ရာ၌ အခြေခံကျသော အချက်တစ်ချက် ဖြစ်သည်။ မဟုတ်မမှန်သည်ကို ပယ်ဖို့အတွက် ခိုင်လုံသော သက်သေသက္ကာယ ရှိရသကဲ့သို့၊ အမှန်ဟု တင်ပြရန်လည်း ခိုင်မာသော အထောက်အထားများ ရှိရသည်။ ထိုအတူ ကာလာမသုတ်ခေါ် ကေသမုတ္တိသုတ်၌ ဖော်ပြထားသော “မာ”ဆယ်ချက်သည်လည်း သုတေသနသပြုလုပ်မည့်သူတို့ အခြေခံကျကျ သိထားရမည့်အချက်များ ဖြစ်သည်။
[2] ဘာသာစကားကျွမ်းကျင်မှုနှင့် သုတေသနပညာ သို့မဟုတ် ဘာသာရပ်တတ်ကျွမ်းမှုသည် သီးခြားသာ ဖြစ်သည်။ ရှေ့ရှေ့နောင်တော်များ မှတ်ချက်ပေးဖူးသကဲ့သို့ ဘာသာစကား ကျွမ်းကျင်ရုံမျှနှင့် သုတေသနလုပ်နိုင်ရိုးဆိုလျှင် အင်္ဂလိပ် အမေရိကန်တွေ အကုန်လုံး ဒေါက်တာတွေ ဖြစ်ကုန်ကြမည်သာ။ ထိုကြောင့် မည်သည့်ဘာသာစကားနှင့်မဆို သုတေသနလုပ်လို့ရကြောင်း တင်ပြခဲ့ခြင်း ဖြစ်သည်။ ဘာသာစကားသည် မိမိရှာဖွေတွေ့ရှိချက် သုတေသနများကို တင်ပြရန် လက်နက် (Tool) တစ်ခုမျှသာ ဖြစ်သည်။

0 comments:

Post a Comment