အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Wednesday, June 15, 2016

ရဟန်း၊ ပညာရေးနှင့် အတွေးအမြင် (အပိုင်း-၅)

၇း မလုပ်နိုင်တာလား မလုပ်ချင်တာလား
အများစုမှာ သူများကိုမေးဖို့ မေးခွန်းများအသင့်ရှိသော်လည်း မိမိကိုယ်ကို ပြန်မေးရန်မူ ပျက်ကွက်နေကြသည်။ အလုပ်တစ်ခု လုပ်ရာ၌ “မလုပ်နိုင်တာနှင့် မလုပ်ချင်တာ”ကို ကွဲပြားရမည်။ ထိုအတူ “လုပ်ချင်တာနှင့် လုပ်နိုင်တာ”ကိုလည်း ကွဲပြားရမည်။ ထိုအထဲမှ လုပ်သင့်တာကို ရွေးချယ်ပြီး လုပ်နိုင်အောင် လုပ်ရခြင်းဖြစ်ရာ မိမိရွေးချယ်သော လုပ်ငန်းအတွက် လိုအပ်သောအခြေခံ အဆောက်အဦများ ပြည့်စုံနေရမည် ဖြစ်သည်။
ရှေ့စာတမ်းများ၌ ဆွေးနွေးခဲ့သကဲ့သို့ “အခြေခံပညာရေးသည် လူအတိုင်းအတွက် ဖြစ်သော်လည်း တက္ကသိုလ်ပညာရေး အထူးသဖြင့် ဘွဲ့လွန်ပညာရေးသည် လူတိုင်းအတွက် မဟုတ်ပါ။” ထိုကြောင့် ဘွဲ့လွန်ပညာရေးသည် တစ်ဝမ်းတစ်ခါးအတွက် မဟုတ်ဘဲ လောကအကျိုးများဖို့ ရိုးသားစွာကြိုးစားကြဖို့ ဖြစ်ပါသည်။ မည်သည့်အကျိုးရလဒ် ထွက်သည်ဖြစ်စေ ရိုးသားစွာကြိုးစားခဲ့သမျှ အဖိုးအနဂ္ဃဖြစ်ရပြီး၊ မည်သည့်အောင်မြင်မှုပင် ရစေကာမူ မရိုးသားခဲ့သမျှ ဆိုးကျိုးများသာ ဖြစ်ရသည်။ ဤအဆင့်၌ “ဘွဲ့နှင့်ပညာကွဲဖို့လိုရင်း” ဖြစ်ပါသည်။ ဘ၀တစ်ခုလုံး မြှုပ်နှံလုပ်ရမည့် အလုပ်ကို “လမ်းသွားဟန်လွှဲ” မလုပ်မိကြဖို့ မလုပ်ကြဖို့ လိုသည်။ ထိုကြောင့် “လူအတိုင်းအတွက်မဟုတ်”ဟု ဆိုခြင်း ဖြစ်သည်။
မလုပ်သင့်တာကို မလုပ်ခြင်း၊ လုပ်သင့်တာကို လုပ်ခြင်းသည် အသိနှင့်ပညာတို့၏ ဆုံစည်းရာဖြစ်ပြီး စောင့်စည်းမှုလမ်းကြောင်းပေါ်မှ လျှောက်ရသောအရာ ဖြစ်သည်။ စောင့်စည်းမှုကို မည်သည့်နာမည်နှင့်ခေါ်ခေါ် လောက၏ အသက်ဖြစ်သည်ကို ကွယ်ဝှက်လို့မရ။ ထိုကြောင့် “စောင့်စည်းမှုမပါဘဲ” ရလာခဲ့သမျှတိုင်းသည် ဘေးထွက်ဆိုးကျိုးများသာ ဖြစ်ပေါ်ရသည်။
၇း၁ အောက်ခြေလင်းလျှင် အပေါ်စီးရှင်းသည်
တက္ကသိုလ်ပညာရေးကို အခြေခံပညာရေးပမာ စဉ်းစား-လုပ်ကိုင်နေသမျှ လွဲနေသည့်အဖြေများသာ ကြုံရပါမည်။ လမ်းလျှောက်နိုင်သည့်အရွယ်မှာ ကုန်းပိုးနေရသည်နှင့် တူပါသည်။ ပတ်ဝန်းကျင်ကို ကန့်လန့်တိုက်သော မြင်ကွင်းဖြစ်ပြီး ကုန်းပိုးသူ၏ စောင့်ရှောက်မှုက အရာမထင်သလို၊ ကျောပေါ်ကလိုက်သူ၏ ကိုယ်စွမ်းကိုယ်စ တုံးသည့်အဖြစ်ကိုလည်း မြင်ရပါသည်။[1]

သီရိလင်္ကာ တက္ကသိုလ်များမှ ဗုဒ္ဓဘာသာဆိုင်ရာ မဟာတန်းများ၏ အခြေအနေ၊ လုပ်ငန်းစဉ်နှင့် သဘောသဘာဝများကို ပညာရေးဆိုင်ရာ ရှေ့ဆောင်းပါးများတွင် အလျဉ်းသင့်သလို ဖော်ပြခဲ့ပြီး ဖြစ်သည်။ ဤနေရာ၌ လိုရင်းချုပ်ပြီး တင်ပြရလျှင်-
(က) လေ့လာမှုဆိုင်ရာ နယ်ပယ်သဘောအရ ဗုဒ္ဓဘာသာဆိုင်ရာ အဓိက ဘာသာရပ်များဖြစ်သော နိကာယ်ကြီးများကို “အချက်အလက်စုဆောင်းရန်” ရည်ရွယ်ချက်ဖြင့် မိတ်ဆက်ပေးခြင်း။ အဋ္ဌကထာ၊ ဋီကာများ၏ ခေတ်အလိုက် ဖြစ်ပေါ်လာရသည့် Interpretation-သဘောတရားများကို နောက်ခံအကြောင်းများနှင့် လက်ရှိအခြေအနေများနှင့် ဆက်စပ်ပြခြင်း။
(ခ) ဗုဒ္ဓဘာသာနှင့် ဆက်နွယ်သော ဘာသာရေးများနှင့် ခေတ်ပြိုင်အယူအဆများ၊ မျိုးနွယ်တူ ဘာသာစကားများကို “သက်ဆိုင်ရာနယ်ပယ်နှင့် လိုက်လျောညီထွေ ချိတ်ဆက်တတ် တင်ပြတတ်စေရန်” မိတ်ဆက်ပေးခြင်း။[2]
(ဂ) အထောက်အထားများ ရှာဖွေခြင်း၊ ရလာသည့် အချက်အလက်များပေါ်၌ ခွဲခြမ်းစိတ်ဖြာခြင်း၊ မျိုးတူရာစုခြင်း၊ တန်းဖိုးဖြတ် သတ်မှတ်ခြင်း စသော “သုတေသနပြုနည်းဆိုင်ရာများကို” သင်ကြားပေးခြင်း။ အကြောင်းအရာ တစ်ခုတည်းကို ရှုထောင့်အမျိုးမျိုးမှ သုံးသပ်ချဉ်းကပ်၍ အဖြေမှန်နှင့် အခြားတစ်ဖက်ကနေမြင်ရ လက်ခံကြသော အနေထားများကို မှန်ကန်စွာလက်ခံနိုင်စေခြင်း။
(ဃ) သင်တန်းပြီးဆုံးသည့်အနေဖြင့် ဘာသာရပ်နားလည်မှု စာမေးပွဲဖြေခိုင်းခြင်း၊ သင်ကြားခဲ့သော သုတေသနပြုနည်းများဖြင့် အမှန်တကယ်နားလည်မှု ရှိ/မရှိကို “စာတမ်းတို” ရေးခိုင်းပြီး စစ်ဆေးခြင်း စသည်တို့ ဖြစ်သည်။
အထက်ပါအချက်များဖြင့် မိမိတို့ ဖြတ်သန်းခဲ့ရသော ပညာရေးလမ်းကြောင်းကို အနည်းငယ်မျှ သမင်လည်ပြန်သဘော စောင်းငဲ့ကြည့်လျှင်ပင် ဘာသာရပ်တစ်ခုတည်းကို ရှုထောင့်တစ်ခုတည်းမှ နှစ်များစွာချောင်းကြည့်နေရသည်နှင့် တူသည်ကို တွေ့ရပါမည်။ အခြေခံရပြီးသော ကျောင်းသားများ ဘွဲ့လွန်ကျောင်းသားများအနေဖြင့် အချိန်တို ကာလတိုအတွင်းမှာ ဘာသာရပ်ပေါင်းစုံကို ရှုထောင့်အဖုံဖုံမှ ကြည့်ရသူများနှင့် ကွာချင်တိုင်း ကွာနေပါသည်။ ဆိုလိုသည်မှာ စာအုပ် တစ်အုပ်တည်းကို တစ်နှစ်လုံးဖတ်သူနှင့် တစ်နှစ်အတွင်း စာအုပ်ပေါင်းများစွာကိုဖတ်သူတို့ ရလာသည့်ဗဟုသုတ အတွေးအခေါ် အမြင်တို့ ကွာသလိုမျိုး ဖြစ်သည်။ ထိုကြောင့် တက္ကသိုလ်ပညာရေး၏ ဗဟိုလ်ပြုရာသည် စာကြည့်တိုက်ဖြစ်ကြောင်း အထက်တွင် ဆွေးနွေးခဲ့ပြီး ဖြစ်သည်။
သုတေသနပြုရာ ကျမ်းရေးရာ၌ စာဖတ်ဖို့လိုသည်။ စာမဖတ်ဘဲ မည်သည့်အကြောင်းအရာ စာကို ရေးမည်နည်း။ မိခင်ဘာသာဖြင့်ပင် စာကိုဖြောင့်အောင် မရေးတတ်သူက အင်္ဂလိပ်လို အခြားဘာသာစကားတစ်ခုဖြင့် ရေးဖို့ဆိုသည်မှာ လေပေါ်တိုက်ဆောက်သကဲ့သို့ ဖြစ်နေသည်။ ရေးတတ်သည်ပင် ဆိုစေဦးတော့ ဗဟုသုမရှိဘဲ ရေးရလျှင် “တစ်ခါလာ မွဲပြာပုဆိုး”သာ ဖြစ်လိမ့်မည်။ သုတေသနပြုရေးသည်ဖြစ်စေ အလွတ်သဘောရေးသည်ဖြစ်စေ စာဖတ်ရ၏။ စာဖတ်မှ ကုန်ကြမ်းရပြီး မိမိရေးဖို့ သုတေသနပြုဖို့ ကုန်ချောပြန်ရသည်။
သုတေသနသည် “အလွတ်ကျက်”ခြင်း မဟုတ်ဘဲ “အသုံးချ”ဖို့ လေ့ကျင့်ခြင်း ပြင်ဆင်ခြင်းနှင့် ဖန်တီးခြင်းသာ ဖြစ်သည်။ လိုအပ်ချက်တစ်ခုကို မိမိစွမ်းနိုင်သည့်ဘက်မှ မြှုပ်နှံ၍လုပ်ကိုင်ပြီး ကျေးဇူးပြုခြင်း ဖြစ်သည်။ သူများဖန်တီးခဲ့သည့် လမ်းပေါ်မှာပင် လျှောက်နေရစေကာမူ ကိုယ်ပိုင်ဟန် ကိုယ့်ခြေထောက်ဖြင့် လျှောက်နေရသည့်ပမာ ဖြစ်သည်။
၇း၂    ရည်ရွယ်ချက်၊ ရည်မှန်းချက်နှင့် အဓိကလမ်းစဉ်
မဟာဒဿနိကတန်း၏ အဓိကရည်ရွယ်ချက်မှာ သုတေသနစာတမ်းရေးဖို့သာ ဖြစ်သည်။ ကျောင်းတက် (Course Work) ခြင်း၊ မတက်ခြင်းသည် အဓိက မဟုတ်ပါ။ လိုအပ်သည်ဟု ယူဆလျှင် (သို့မဟုတ်) ယူဆခံရလျှင် ကျောင်းတက်လိုက်ရုံသာ ဖြစ်သည်။ ယင်းအဆင့်ကို တက်ဖို့မျှ မမီသေးလျှင် ဒီပလိုမာတန်းကို တက်ဖို့သာရှိတော့သည်။ ဤသည်မှာ တက္ကသိုလ်ကြီးများ၏ ပုံမှန်လုပ်ရိုးလုပ်စဉ်အဖြစ်သာ တွေ့ရသည်။
အကြောင်းအမျိုးမျိုးဖြင့် “ပညာရေးဆက်လုပ်ချင်သူများ မလုပ်နိုင်ကြသကဲ့သို့၊ မလုပ်ချင်သူများကလည်း လုပ်နေရသည်များ ရှိတတ်ပါသည်။” ဥပမာအားဖြင့် မြန်မာပြည်ရှိ အချို့သော တက္ကသိုလ်များသည် ဘီအေတန်း၌ “တန်းစဉ်ဂုဏ်ထူး”ပါမှ သို့မဟုတ် “အမှတ်မီ”မှ “အမ်အေတန်းဆက်တက်ခွင့်” ရသည်။ ပြဿနာမှာ “လူတော်အဖြစ် သတ်မှတ်ခံရခြင်း” “ဂုဏ်ရှိသည်ဟု ယူဆခြင်း၊ ယူဆခံရခြင်း” စသော အကြောင်းတို့ကြောင့် စိတ်ဝင်စားမှုမရှိသော အလုပ်တစ်ခုကို ဆက်လုပ်နေရခြင်း ဖြစ်သည်။ လူတစ်ယောက်၏ အရည်အချင်းကို ဘွဲ့ဖြင့်သတ်မှတ်ခြင်းကို သုတေသနက အားမပေးပါ။ သုတေသနအောင်မြင်မှုကိုသာ ဘွဲ့ဖြင့်ဂုဏ်ပြုခြင်းဖြစ်သည်ကို နားလည်ရမည်။
ထိုပြင် အလုပ်ပင် မှန်သော်လည်း စေတနာမမှန် ရည်ရွယ်ချက်မဟန်သောကြောင့် အကျိုးမများဘဲ ဖြစ်ရသည်။ အမှန်တော့ ကျောင်းသားအများစုအနေဖြင့် စွယ်စုံရဖြစ်ဖို့ မလိုအပ်သလို၊ ဘာသာစုံတော်ဖို့လည်း မလိုအပ်လှပါ။ မိမိစိတ်ဝင်စားသည့် နယ်ပယ် ဘာသာရပ်၌ ကျွမ်းကျင်ဖို့နှင့် လိုအပ်ချက်ပြည့်မီဖို့သာ အဓိကဖြစ်သည်။ စွယ်စုံရကြီးတွေဖြင့် အလုပ်မဖြစ်လှ။ လူတစ်ယောက်သည် တစ်ချိန်၌ အလုပ်တစ်ခုကိုသာ ကောင်းကောင်းလုပ်နိုင်သောကြောင့် ဖြစ်ပါသည်။ ထိုကြောင့် လူတိုင်း၌ ကိုယ်စီရှိနေသော မတူကွဲပြား အရည်အချင်းများကို အသိအမှတ်ပြုကြဖို့ လိုပါသည်။
နောက်ပြဿနာတစ်ခုမှာ စိတ်ဝင်စားသူများက အမှတ်မမီ အဆင့်မမီ သတ်မှတ်ခံရပြီး ဘေးရောက်သွားခြင်းပြီး တကယ့်လူ့စွမ်းအား အရင်းမြစ်များ ပြုန်းတီးသွားရသည်။ မိအေးနှစ်ခါနာ၊ မစားရသည့်အမဲ သဲနှင့်ပစ်သည့် ပညာရေးစနစ် ဖြစ်သွားရတော့သည်။ သူလည်းသုံးမရ ကိုယ်လည်းသုံးခွင့်မရသည့် ပညာရေးဖြစ်သည်။ သို့ဖြင့် ဘွဲ့တွေသာ အလီလီများလာပြီး မျိုးဆက်သစ်တို့ပညာရေးမှာ တုံးသထက်တုံးလာရတော့သည်။ အထက်တွင် တင်ပြခဲ့သကဲ့သို့ ကိုယ့်ကိုယ်ကို မစောင့်ရှောက်နိုင်ခြင်းကြောင့် သူများလည်း ဒုက္ခရောက်ရသည့်ကိန်း ဖြစ်သည်။
ပညာရေးသဘောအရ သက်ဆိုင်ရာ နယ်ပယ်တူ ဘီအေဘွဲ့ရက စိတ်ဝင်စားမှုရှိလျှင် အမ်အေတန်းကို တက်ရောက်ခွင့်ရှိရမည်။ နယ်ပယ်မတူသည်ပင် ဖြစ်စေဦးတော့ တက်လိုသူရှိက ၄င်းကို ဒီပလိုမာတန်းဖြင့် ကြားခံပေးပြီး တက်ခွင့်ပြုရမည်။ အစ-အဆုံး ပြန်လျှောက်ခိုင်းနေဖို့ မလိုပါ။ ဒီပလိုမာတန်းကို တက်ခိုင်းခြင်းဖြင့် အခြေခံနားလည်ရမည့် အချက်များကို ပြင်ဆင်ခိုင်းခြင်း ဖြစ်သည်။ သို့ဖြစ်ရာ ဘီအေ၌သင်ခဲ့ရသော မေဂျာနှင့်မတူသည့် အမ်အေတန်းကို တက်ရောက်လိုသူသည် ၄င်းတက်ရောက်မည့်အတန်းဆိုင်ရာများကို ကျွမ်းကျင်နေလျှင်လည်း ကြားခံအနေဖြင့် ဒီပလိုမာတန်းကို တက်ရောက်ဖို့ မလိုပါ။ မေဂျာမတူသော အမ်အေတန်းကို ဆက်လက်တက်ရောက်ခွင့် ရှိရသည်။ အကြောင်းမှာ “ဘာသာရပ်ကျွမ်းကျင်မှု”သည်သာ လိုရင်းဖြစ်၍ ယေဘုယျသတ်မှတ်ထားသော စည်းကမ်းချက်များဖြင့် တရားသေ လုပ်ဆောင်၍ မရနိုင်သည်ကို သတိပြုရမည်။ ဤသည်မှာ ပညာရေး၏အနှစ်သာရ ဖြစ်ပါသည်။ မဟုတ်လျှင် “စည်းကမ်းပြည့်ဝသည်၊ စည်းကမ်းတင်းကျပ်သည်” ဆိုသည်ထက် စက်ရုပ်ကို ပရိုဂရမ် ထည့်သွင်းထားသည်နှင့်သာ တူတော့မည် ဖြစ်သည်။
ကေလနိယ ပင်မတက္ကသိုလ်မှ ဖြစ်ရပ်တစ်ခုကို စီနီယာကျောင်းသားများ ပြောကြား၍ မှတ်သားခဲ့ရသည်။ ၄င်းတက္ကသိုလ်မှ ကျောင်းသားတစ်ယောက်သည် ဘီအေတန်းကို အခြားမေဂျာတစ်ခုဖြင့် ပြီးခဲ့ပြီးနောက် “ပါဠိဘာသာ လေ့လာရေး”ဖြင့် အမ်အေတန်းတက်လိုကြောင်း ပါဠိဋ္ဌာနကို လာလျှောက်ရာ မေဂျာမတူသည့်အတွက် ငြင်းပယ်ခံရသည်။ ကျောင်းသားက သိသော်လည်း ဘာကြောင့်ငြင်းရသည်ကို မေးသည်။ ဘီအေတန်းက မေဂျာနှင့်မတူ၍ မဟာတန်းတက်ရန် ပါဠိစာပေဆိုင်ရာ အခြေခံများ မရှိသောကြောင့်ဟု အဖြေရသည်။ ကျွမ်းကျင်လျှင် လက်ခံမည်လားဟုမေးရာ သက်ဆိုင်ရာ ဆုံးဖြတ်နိုင်သူထံတင်ပေးမည် လျှောက်လွှာရေးပါဟု အကြောင်းပြန်သည်။ မော်ကွန်းထိန်းထံမှ လျှောက်လွှာစာရွက်တောင်းပြီး “ပါဠိဘာသာကို စိတ်ဝင်စားလို့ တက်လိုကြောင်း” “ပါဠိဘာသာဖြင့်” သူတို့ရှေ့မှာပင် လျှောက်လွှာရေးပြီးတင်ရာ မေဂျာမတူသော အမ်အေတန်းကို တက်ရောက်ခွင့် ရသွားသည်။
“အကြောင်းအမျိုးမျိုးဖြင့်” စကားကို ပြန်ကောက်ပါမည်။ မဟာဒဿနိကတန်း တက်မည့်သူများသည် “သုတေသနလုပ်ဖို့” (သို့မဟုတ်) “သုတေသနစာတမ်းရေးသားဖို့”က အဓိကဖြစ်သည်ကို နားလည်ဖို့လိုပါသည်။ “အကြောင်းအမျိုးမျိုးဖြင့်”ဟု စကားခံထားသော်လည်း မည်သို့ပင်ဖြစ်စေ မိမိကိုယ်၌က “လုပ်နိုင်စွမ်း မရှိတာလား၊ မလုပ်ချင်တာလား”ကို ရှင်းလင်စွာသိဖို့၊ ပြောပြဖို့လိုပါမည်။ မလုပ်နိုင်လျှင် အဖြေတစ်မျိုး၊ အလုပ်ချင်လျှင် အဖြေတစ်မျိုး ဖြစ်ပါသည်။
၇း၃ လုပ်ချင်တာနဲ့ လုပ်နိုင်တာ ထပ်တူကျရဲ့လား
သုတေသနလုပ်ရာ၌ စိတ်ဝင်စားသည့် နယ်ပယ်နှင့် တကယ်တမ်း သုတေသနလုပ်ရသည့် နယ်ပယ်မှာ ထပ်တူကျသူများ ရှိသကဲ့သို့ အနည်းနှင့်အများဆိုသလို ကွဲသူများလည်း ရှိတတ်ပါသည်။ ဗုဒ္ဓဘာသာလေ့လာမှုဆိုင်ရာ ၀ါရင့်ပါမောက္ခကြီးတစ်ဦးက “ဗုဒ္ဓဘာသာ လေ့လာရေးဆိုင်ရာ နယ်ပယ်နှင့် ပတ်သက်ပြီး သုတေသနတွေ အသစ်လုပ်စရာ မလိုလောက်အောင် ပြည့်စုံနေပြီ၊ ကျောင်းသားတွေ အလုပ်ရှိအောင်သာ လုပ်ခိုင်းနေရတာ”ဟု ပြောဖူးပါသည်။
၇း၎ အလုပ်ဖြစ်အောင် လုပ်ရတဲ့သဘောထား
“စာဖတ်ခြင်းသည်ပင် အလုပ်ဖြစ်ကြောင်း” ဆရာအောင်သင်းက ပြောခဲ့သည်ဟု မှတ်သားဖူးသည်။ အထက်ပါ စကားအရ “ပါမောက္ခကြီးအတွက် အလုပ်မဟုတ်သော်လည်း ကျောင်းသားအတွက်မူ အလုပ်သာ ဖြစ်သည်”ဟု နားလည်ရပါမည်။ ထိုကြောင့် ကျောင်းတက်ခြင်း၊ စာပေလေ့လာ-ဖတ်ရှုခြင်း၊ သုတေသနစာတမ်းများ ရေးသားခြင်း စသည်များကို “အလုပ်နှင့်တူအောင် လုပ်ကြဖို့” လိုပါသည်။ အလုပ်ဟု သဘောမထားနိုင်သမျှ မလုပ်ခြင်းသည်သာ မိမိကိုယ်ကိုလေးစားရာ ရောက်သကဲ့သို့ ပတ်ဝန်ကျင်ကိုလည်း အမှန်တကယ် အလေးထားရာ ရောက်ပါမည်။[3]
ဆက်ပါဦးမည် ….. ။
မေတ္တာဖြင့်-
          အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
          Friday, May 20, 2016


[1] ကိုယ့်ကိုယ်ကို စောင့်ရှောက်ရမည့်အရွယ်၌ ကိုယ့်ကိုယ်ကို စောင့်ရှောက်နိုင်ခြင်းသည် ပတ်ဝန်းကျင်ကို စောင့်ရှောက်ရာလည်း ရောက်သည်။
            သံယုတ္တနိကာယ်၊ မဟာဝဂ္ဂသံယုတ်၊ သေဒကသုတ်၌ ၀ါးတိုင်ဖျား၌ ကပြစားသော ဆရာတပည့်နှစ်ယောက် အကြောင်းကို တွေ့ရသည်။ ဆရာဖြစ်သူက ၀ါးတိုင်ဖျားမှ ပြုတ်မကျအောင် သူ့ကိုစောင့်ရှောက်ရန် တပည့်ဖြစ်သူအားပြောပြီး၊ ဆရာကလည်း တပည့်ဖြစ်သူကို စောင့်ရှောက်ပါမည်ဟု ပြော၏။ တပည့်က နည်းလမ်းတကျ ပြန်ပြောသည်မှာ “ဆရာက ကိုယ့်ကိုယ်ကို စောင့်ရှောက်၍ မိမိကလည်း မိမိကိုယ်ကို စောင့်ရှောက်မှသာ အောင်မြင်မည်”ဟူ၍ ဖြစ်သည်။
[2] စာရေးရာ သို့မဟုတ် သုတေသနပြုရာ၌ “ဆန်စင်ရာ ကျည်ပွေ့လိုက်” မဖြစ်စေဘဲ “ပုလဲတစ်ကန့်၊ ရွဲတသန့်” ရွေးချယ်တတ် သီကုံးတတ်အောင်၊ “ဆင်စီးလို့ မြင်းရံ”သဘောဖြင့် တန်ဆာဆင်တတ်အောင် သင်ကြားခြင်း ဖြစ်သည်။
[3] သုတေသနသမားများသည် ဆိုင်ရာနယ်ပယ်အလိုက် ပညာရှင်များဖြစ်ကြသည်။ ပညာရှင်သည် ရှေ့သွားခေါင်းဆောင်နှင့် တူသည်။ ဥပမာအားဖြင့် မီးရထားစက်ခေါင်းကဲ့သို့ ဖြစ်သည်။ ပညာရှင်အနေဖြင့် လမ်းမှားကို လျှောက်သွားလျှင် နောက်လိုက်များအားလုံး လမ်းမှားထဲရောက်ဖို့သာ ရှိပါသည်။ ထိုကြောင့် ပညာရှင်တစ်ယောက်၏ အမှားသည် သာမန်လူတစ်ယောက်၏ အမှားနှင့် လုံးလုံးမတူပါ။ အပင်တစ်ပင်လုံး လဲကျသည်နှင့် သစ်ရွက်တစ်ရွက် ကြွေကျသလိုမျိုး ဖြစ်ပါသည်။

0 comments:

Post a Comment