အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Tuesday, June 14, 2016

ရဟန်း၊ ပညာရေးနှင့် အတွေးအမြင် (အပိုင်း-၄)

၆း၃း၎ သူ့ပြဿနာလား ကိုယ့်ပြဿနာလား
ပြဿနာတစ်ရပ် ဖြစ်လာသောအခါ သူ့ပြဿနာလား၊ ကိုယ့်ပြဿနာလား အရင်ဆုံး ရှင်းလင်းစွာ သိဖို့လိုသည်။ နှစ်ပေါင်းရာနှင့်ချီပြီး သက်တမ်းရှိနေသော တက္ကသိုလ်ကြီးများအနေဖြင့် မည်သည့်ကိစ္စကိုမျှ လက်လွတ်စပယ် လုပ်မည်မဟုတ်ပေ။ ထိုအတူ ကျောင်းသားများကလည်း ပရမ်းပတာ မလုပ်ဖို့လိုသည်။
အထက်ပါ ဖြစ်စဉ်များကို ကြည့်ခြင်းအားဖြင့် ကျောင်းအပ်အလွဲပြဿနာမှာ ယခုမှကြုံရခြင်း မဟုတ်ပါ။ ပြဿနာ၏ ဇစ်မြစ်ကို ကြည့်သောအခါ၌လည်း တက္ကသိုလ်ဘက်မှ ပြဿနာကို မီးထွန်းရှာခြင်းမဟုတ်ဘဲ ကျောင်းသားကိုယ်တိုင်က အရည်အချင်း မပြည့်မီသော ပြဿနာသာ ဖြစ်သည်။ အရည်အချင်း မပြည့်မီဆိုရာ၌ ဘာသာစကားပိုင်းကိုသာ အဓိကဆိုလိုခြင်း ဖြစ်သည်။ ဓမ္မာစရိယဘွဲ့ရသော ကျောင်းသားအနေဖြင့် ဗုဒ္ဓစာပေဆိုင်ရာဘာသာရပ်၌ ဘာမှပြောစရာ မရှိလှပေ။ ရှိခဲ့လျှင်ပင် ဘာသာစကား ကျွမ်းကျင်မှုနှင့် အမှန်တကယ်ရှိသင့်သော အရည်အသွေးကို အစမ်းသပ်ခံနိုင်လျှင် ကျော်လွှားနိုင်မည်သာ ဖြစ်သည်။ ကြားခံအဖြစ် သင်ယူရမည့် “ဘာသာစကား မကျွမ်းကျင်မှုကိုမူ လုံးလုံးလက်ခံလို့မရသည့် အနေအထား” ဖြစ်သည်။ ကြားခံဘာသာစကား (Medium Language) ကို နားမလည်မှဖြင့် ဘာကိုပဲသင်သင် နားလည်မည်မဟုတ်။
မတောက်တခေါက် တတ်သိပြီး၊ တစ်ဝက်တစ်ပျက် နားလည်ခြင်းဖြင့် ထင်ရာမြင်ရာ ကောက်ချက်များကိုယူကာ အဆိုးများကိုသာ ဖြစ်ပေါ်စေလိမ့်မည် ဖြစ်သည်။ ထိုကြောင့် ကိုယ့်ပြဿနာကိုယ် ရှင်းကြရန်သာ ဖြစ်သည်။ ဆိုလိုသည်မှာ ကိုယ့်လိုအပ်ချက်ကို သူများအပေါ်ပုံမချဘဲ ကိုယ်တိုင်ဖြည့်မှ နည်းလမ်းကြပါမည်။

ထိုပြင် ဓမ္မာစရိယသည် ဘီအေနှင့် ညီမျှသည်ဟုဆိုခြင်းမှာ First Degree-အနေဖြင့်သာ လက်ခံလို့ရသည့် အနေထားရှိပြီး၊ ဓမ္မာစရိယတန်း၌ ကျမ်းရင်းသုံးကျမ်း သုံးဘာသာနှင့် ၄င်းအဖွင့်ကျမ်းများ သုံးဘာသာအားဖြင့် စုစုပေါင်း ခြောက်ဘာသာဟုဆိုရစေကာမူ ခေတ်သစ်ပညာရေးဆိုင်ရာ မေဂျာခွဲပုံနှင့် ဘာသာရပ်ဖွဲ့စည်းပုံအရ တစ်ဘာသာတည်းသာ ဖြစ်နေသည်။ တက္ကသိုလ်၌ မေဂျာအပေါ်လိုက်ပြီး အနည်းဆုံးခြောက်ဘာသာနှင့်အထက် သင်ယူရသည်။ ယခုတစ်ချက်မှာလည်း ဓမ္မာစရိယဘွဲ့လက်မှတ်အပေါ် သူတို့လက်မခံနိုင်သော တစ်ချက်ဖြစ်ကြောင်း ထောက်ပြသည်။
တင်ပြခဲ့သည်များနှင့် အောက်ဖော်ပြပါ အချက်များကို ထောက်ရှုသောအားဖြင့် တက္ကသိုလ်ကြီးများ၏ ထုံးစံအတိုင်း “ရှဥ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာ” အနေထားရှိကြောင်း တွေ့ရပါမည်။ ပေရာဒေနိယတက္ကသိုလ်၏ စည်းကမ်းများအရ ဘီအေဂုဏ်ထူးတန်းဖြင့် အောင်မြင်သူများသည် စွမ်းနိုင်ပါက ပါရဂူဘွဲ့ (PhD) ကို တိုက်ရိုက်လုပ်နိုင်သည်။ ထိုအတူ မဟာဘွဲ့ရများအနေဖြင့် မဟာဒဿနိကတန်း၌ ကျောင်းတက် (Course Work) ရမည်ဆိုသော်လည်း ကျောင်းမတက်ဘဲ သုတေသန (Research) ကို တိုက်ရိုက် လုပ်နိုင်သည်။
၂၀၁၆ နှစ်စပိုင်းတွင် ပြောင်းလဲခဲ့သော လက်ရှိပညာရေးဆိုင်ရာ စည်းမျဉ်းသစ်အရ ပေရာဒေနိယတက္ကသိုလ်၌ အမ်အေတန်းကို ကျမ်းမပြုခိုင်းတော့ဘဲ အရင်က ဘာသာရပ် ခြောက်ခုသင်ယူရမည့်အစား နှစ်ခုတိုးကာ ရှစ်ခုသင်ယူရသည်။ အမ်အေတန်းပြီးနောက် မဟာဒဿနိကတန်း၌ ကျောင်းတက်စရာ (Coure Work) မလိုတော့ဘဲ သုတေသန (Thesis) ကို တိုက်ရိုက်လုပ်လို့ ရနိုင်သည်။ အရင်မူဟောင်း၌လည်း အမ်အေတန်း နှစ်နှစ်သင်တန်းကိုမတက်ဘဲ တစ်နှစ်သင်တန်းကိုသာ ယူကြရန် ကျောင်းသားများကို အလေးအနက်ထား တိုက်တွန်းထားသည်ကို တွေ့ရသည်။
မဟာဒဿနိကတန်းကို မိမိကျောင်းအပ်စအချိန်က အခက်ခဲများစွာကို ကြုံခဲ့ရသည်။ တက္ကသိုလ်ကြီးများ၏ လုပ်ထုံးလုပ်နည်းအချို့ကို နားလည်နိုင်ရန် အနည်းငယ် တင်ပြလိုပါသည်။ ယင်းအတန်းကို ကျောင်းမတက်ဘဲ သုတေသနတိုက်ရိုက်လုပ်မည်ဟု မော်ကွန်းထိန်းနှင့် ဦးစွာဆွေးနွေးရသည်။ မော်ကွန်းထိန်းက ဋ္ဌာနမှူးခွင့်ပြုချက်ရဖို့လိုသည်ဆို၍ ဋ္ဌာနမှူးနှင့် ဆွေးနွေးခဲ့ရသည်။ ဋ္ဌာနမှူးက စည်းကမ်းချက်အတိုင်း တစ်နှစ်ကျောင်းတက် (Course Work)၊ စာမေးပွဲဖြေပြီး အောင်မှ သုတေသနလုပ်ရမည်ဟု ရုံးလုပ်ငန်းစဉ်အတိုင်း ရှင်းပြသည်။ “တက္ကသိုလ်လမ်းညွှန်စာအုပ်မှာ ဘီအေဂုဏ်ထူးတန်းဖြင့် အောင်မြင်သူများပင် ကျော်တက်လို့ရနိုင်ကြောင်း၊ ထိုပြင် မိမိမှာ မဟာဘွဲ့ဖြင့် ကျောင်းအပ်ခြင်းဖြစ်ကြောင်း၊ အဆိုပါအတန်းအတွက် ကျောင်းတစ်နှစ်တက်ပြီး သင်ယူရသည့် ဘာသာရပ်များမှာ မဟာဝိဇ္ဇာတန်းတွင် သင်ယူခဲ့ပြီးသော ဘာသာရပ်များသာဖြစ်လို့ ဘာမှမထူးဘဲ မိမိအတွက် အချိန်ဖြုန်းခြင်းသာဖြစ်ကြောင်း” ပြန်ချေပခဲ့သည်။
ထိုအခါ ဋ္ဌာနမှူးက “သုတေသနလုပ်ဖို့ သုတေသနအဆိုပြုလွှာ (Research Proposal)နှင့် သုတေသနလုပ်ငန်းစဉ် အကျဉ်းချုပ် (Synopsis) တွေ ရှိလား”ဟု မေးသည်။ မိမိကလည်း အသင့်ယူလာသည့် စာဖိုင်များကို ချက်ချင်းထုတ်ပေးလိုက်သည်။ ဋ္ဌာနမှူးက အကြမ်းဖျင်း ဖတ်ကြည့်ပြီးနောက် မေးခွန်းအနည်းငယ် မေးသည်။ ထိုနောက် ရုံးလုပ်ငန်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းရေးမှူး (Co-ordinator) နှင့် သွားရောက်တွေ့ဆုံ ဆွေးနွေးခိုင်းပါသည်။ ၄င်းနှင့် သုတေသဆိုင်ရာ လုပ်ငန်းများ၊ မိမိလုပ်မည့် နယ်ပယ်ဆိုင်ရာများကို ဆွေးနွေးပြီး ကျေနပ်သဖြင့် ကျောင်းအပ်နိုင်ပြီဖြစ်ကြောင်း ပြောပါသည်။ ဋ္ဌာနမှူးနှင့် လုပ်ငန်းညှိနှိုင်းရေးမှူးတို့ထံမှ ခွင့်ပြုချက်ရပြီးနောက် မော်ကွန်းထိန်းထံသို့ ဖုန်းဆက်ပေးပါရန်လည်း မေတ္တာရပ်ခံလိုက်သည်။ သူတို့ကလည်း ချက်ချင်းဆိုသလို ဖုန်းဆက်ပေးသည်။ မော်ကွန်းထိန်းထံရောက်သောအခါ ဘာမှပြောစရာမလိုတော့ဘဲ “ကျောင်းမတက်ဘဲ သုတေသနတိုက်ရိုက်လုပ်ခွင့်ဖြင့် ကျောင်းအပ်လို့ ရသွားပါသည်။”
အမှန်မှာ မိမိရှေ့မှ စီနီယာကျောင်းသား လေးဦးခန့်လည်း မဟာဒဿနိကတန်းကို ကျောင်းမတက်ဘဲ သုတေသနလုပ်ခွင့်ရကြသည်ကို သိထားသည်။ သို့ရာတွင် မလိုအပ်၍ မပြောခဲ့ပါ။ သူတို့ရသော်လည်း ကိုယ့်အလှည့်ကျ ရချင်မှ ရနိုင်မည်။ ကိုယ်ကလည်း သူတို့လို အရင်အချင်းရှိဖို့ (အသင့်ဖြစ်နေဖို့) လိုသည်။ ဆိုလိုသည်မှာ ကိုယ့်ပြဿနာကိုယ် ရှင်းရမည်ဟု ဖြစ်ပါသည်။
နောက်တစ်ချက်မှာ MPhil-ကနေ PhD ကို Upgrade-လုပ်ရန် Presentatin လုပ်စဉ်က ဖြစ်သည်။ ဂျာမန်ကျောင်းသား တစ်ယောက်သည် MPhil-တန်းကို မတက်ရုံမျှမက ကျမ်းလည်းမရေးဘဲ PhD-ကို တိုက်ရိုက်လုပ်ရန် Presentation-လုပ်သည်နှင့် ကြုံခဲ့ရပါသည်။ ၄င်း Presentation ကိုလည်း မိမိနှင့် တစ်ဆက်တည်း လုပ်ခဲ့ခြင်း ဖြစ်သည်။ “သက်ဆိုင်ရာဋ္ဌာနနှင့် နယ်ပယ်မှ ပညာရှင်တစ်ဦးဦး၏ ထောက်ခံချက်ပါလျှင် ယင်းသို့လုပ်နိုင်ကြောင်း”ကိုလည်း သိခဲ့ရပါသည်။
၆း၃း၅ ပြဿနာပေါ် ပြဿနာဆင့်
မဟာတန်းအောင်လက်မှတ်ဖြင့် မဟာဒဿနိကတန်းကို ကျောင်းအပ် လက်မခံသောအခါ “မင်းတို့နိုင်ငံက တက္ကသိုလ်အချင်းချင်း အသိအမှတ်မပြုဘူးလား”ဟု မလိုအပ်ဘဲ စကားနာသာ ထိုးတတ်သည့်အတွက်ကြောင့် မလိုလားအပ်သည့် ပြဿနာနှင့် ထပ်ကြုံရသည်။ ဤစကားမျိုးသည် ကိုယ့်ဘက်က လိုအပ်ချက်အထွေပြည့်စုံပြီးနောက် ကိုယ်၌ကလည်း လုပ်ငန်းတစ်ခုအတွက် အသင့်အနေထားရှိမှ ပြောရမည့်စကား ဖြစ်သည်။ ဆိုလိုသည်မှာ နောက်ဆုံးမှသုံးရမည့် အရေးပေါ်လက်နက် ဖြစ်သည်။
တက္ကသိုလ်ဘက်က အကြောင်းပြန်သည်မှာ ရှင်းသည်။ ပထမအချက်မှာ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း “ဘာသာစကား”အားနည်းမှု ဖြစ်သည်။ နောက်တစ်ချက်မှာ အောင်မြင်ခဲ့သော အတန်း၊ ဘွဲ့လက်မှတ်နှင့် အမှတ်စာရင်းများကို တောင်းခြင်း ဖြစ်သည်။ ပြဿနာကား ဘွဲ့ရသည်အထိပေါင်းမှ အတန်းက လေးတန်း (ငယ်၊လတ်၊ကြီး၊ဓမ္မာစရိယ)ပဲ ရှိနေခြင်း ဖြစ်သည် (တက္ကသိုလ်ဘွဲ့ရများကို မဆိုလို)။
ဘွဲ့ရသည်အထိ တန်းစဉ်အလိုက် သင်ယူခဲ့ရသော ဘာသာရပ်များမှာလည်း အခြေခံတန်းများ၌ ငါးဘာသာမှ ခုနစ်ဘာအထိနှင့် စာချတန်း၌ သုံးဘာသာ (သို့မဟုတ်) ခြောက်ဘာသာ သင်ယူခဲ့ကြရသည်ဆိုသော်လည်း ဘာသာရပ်ဆိုင်ရာ အုပ်စုဖွဲ့နည်းအရ “တစ်ဘာသာတည်း”ဖြစ်သည်ဟု ကောက်ချက်ချကာ အရည်အချင်း မပြည့်မီကြောင်း၊ ထိုကြောင့် (ဘွဲ့လွန်)ဒီပလိုမာတန်းကနေသာ တက်ခွင့်ရမည်ဖြစ်ကြောင်း ဆုံးဖြတ်လိုက်သည်။ ဒီပလိုမာတန်း တက်ခွင့်ပေးသည်ကိုပင် ကျေးဇူးတင်ရတော့မည် ဖြစ်သည်။
နိုင်ငံခြားတွင် ကျောင်းတက်ပြီးဆိုမှဖြင့် သက်ဆိုင်ရာနိုင်ငံ၏ ဘာသာစကားကို မတတ်ကျွမ်းစေကာမူ နိုင်ငံတကာသုံး ဘာသာစကားကို ကျွမ်းကျင်စွာ တတ်မြောက်ဖို့လိုပါသည်။ ထမင်းစားရေသောက်လောက်ဖြင့် လုံးလုံးအဆင်မပြေနိုင်။ ပညာရပ်တစ်ခုကို အထူးပြုသင်မည့်အချက်ကို သတိပြုရမည်။ ဘာသာစကား မကျွမ်းကျင်မှုကြောင့် ဖြစ်ပေါ်လာရသော ပြဿနာသည် “ဓမ္မာစရိယတန်းသည် ဘီအေနှင့် ညီမျှသည်”ဟု အဆိုပြုအောင်မြင်ခဲ့သော ခေတ်ဦးမြန်မာရဟန်းတော်များ၏ မျက်နှာကို အိုးမဲသုတ်ရာ ရောက်သွားသည်။[1] စီနီယာပုဂ္ဂိုလ်များက လိုအပ်ချက်အသီးသီး (ဘာသာစကား)ကို ဖြည့်ပြီး နောက်ကြောင်းပြန်ဆုတ်စရာမလိုဘဲ ရှေ့ဆက်တက်ပြီး ပညာသင်ကြားသွားနိုင်ကြသည်။ “မိမိတို့ လိုအပ်ချက်သည် ဘွဲ့ရဖို့သာ အဓိကဖြစ်သည်”ဆိုသည့် သဘောတရားများ အတွေးများကို အလေးထား စဉ်းစားကြဖို့ ဖြစ်ပါသည်။ ထိုပြင် “ပတ်ဝန်းကျင်ကို မလွန်ဆန်နိုင်မှုဖြင့် ရွေးချယ်ကြသော လူတို့သည် မမှန်သောနည်းလမ်းများဖြင့် အောင်မြင်မှုကိုရှာရင်း မကောင်းမှုသံသရာ (Vicious Circle) မှ မလွတ်မြောက်နိုင်ကြကြောင်း တွေ့ရမည် ဖြစ်သည်။
သီရိလင်္ကာတက္ကသိုလ်များသည် မြန်မာရဟန်းတော်များ၏ ဘွဲ့လက်မှတ်ဖြင့် (First Degree) မျှဖြင့် ကျောင်းအပ်လက်ခံ၍ မဟာတန်းများ (Second Degree) များကို တက်ခွင့်ပြုခဲ့သည်။ ယနေ့အချိန်ထိလည်း အချို့တက္ကသိုလ်များက ပြုဆဲဖြစ်သည်။ ပြဿနာပေါ်ပေါက်လာ၍သာ အောင်မြင်ခဲ့သော အတန်းအသီးသီးတို့၏ အမှတ်စာရင်းစသော စာရွက်စာတမ်းများကို တောင်းခြင်းဖြစ်သည်။ ၄င်းစာရွက်စာတမ်းများကို မူရင်းအတိုင်း နိုတြီပြန်ပြီး ပေးသောအခါ၌လည်း မြန်မာနိုင်ငံမှ ပရိယတ္တိပညာရေး အတန်းစနစ်များ ဘာသာရပ်များကို နားမလည်ကြ။ ထေရ၀ါဒနိုင်ငံများတွင်သာမက အရှေ့အနောက်စသော နိုင်ငံများ၌ ကျောင်းတက်နေသာ ရဟန်းတော်များပင် အနည်းနှင့်အများဆိုသလို အဆိုပါပြဿနာကို ရင်ဆိုင်ရကြောင်း သိရသည်။
ထိုကြောင့် မြန်မာရဟန်းတော်များ၏ ပရိယတ္တိပညာရေးသည် “တံပါးပိတ်ဝါဒ”မှာပင် ရှိနေသေးသည်ဟု ဆိုရတော့မည် ထင်သည်။ ထိုအချက်က နိုင်ငံတကာမှ တက္ကသိုလ်များက လက်ခံဖို့ဆိုသည်ထက် ပြည်တွင်းက တက္ကသိုလ်အချင်းချင်း၊ ဘွဲ့များအချင်းချင်းကိုပင် အသိအမှတ် မပြုနိုင်ဘဲ ဖြစ်နေကြသေးသည်ကို ကြည့်ခြင်းအားဖြင့်လည်း သိနိုင်ပါသည်။
အထက်တစ်နေရာတွင် တင်ပြခဲ့သည့်အတိုင်း ပညာရေးကို ဆွေးနွေးနေခြင်း ဖြစ်သည်။ ဘာသာရေးကို ဆွေးနွေးခြင်း မဟုတ်ပါ။ ပညာရေးသည် ဖြောင့်မှန်-ရိုးသားမှုဖြစ်သော ကိုယ်ကျင့်တရားဖြင့် စံသတ်မှတ်သော်လည်း အဆုံးမရှိကျယ်ပြန့်ပြီး အလိုရှိသမျှ ၀င်ဆံ့သည့် သဘောတရားကို သိဖို့ မြင်ဖို့ လိုသည်။ ကိုယ့်ပညာရေး ကိုယ်အသိအမှတ်ပြုရုံမျှနှင့် မလုံလောက်။ ဘွဲ့လက်မှတ်များဖြင့် ထွက်ပေါက်ကို သို့မဟုတ် ရှေ့ဆက်လျှောက်ရမည့်လမ်းကို မပိတ်မိစေရန် တက္ကသိုလ်နှင့်ကျောင်းသား နှစ်ဖက်လုံးက သတိထားဖို့လိုသည်။
ဆက်ပါဦးမည် ….. ။
မေတ္တာဖြင့်-
          အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
          Friday, May 20, 2016


[1] ဤအချက်က “မတိုးတက်လည်း နေပါစေ၊ နဂိုကထက် လျော့မသွားရင် ပြီးတာပဲ”ဆိုသည့် ခေတ်ဦးပုဂ္ဂိုလ်များ၏ အပြောင်းအလဲအတွက် စိုးရိမ်စိတ်ဖြစ်သော အယူအဆကို ထောက်ခံရာရောက်သွားသည်။

0 comments:

Post a Comment