အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Monday, June 13, 2016

ရဟန်း၊ ပညာရေးနှင့် အတွေးအမြင် (အပိုင်း-၃)

၆း၃ ကွာဟချက်အထွေထွေဖြင့် ပေါင်းစည်းမှုတွေဆီသို့
နိုင်ငံရပ်ခြား အထူးသဖြင့် အိန္ဒိယ၊ သီရိလင်္ကာ၊ ထိုင်းနိုင်ငံ စသည်တို့က ကျောင်းသားအသီးသီးတို့ ရရှိထားသည့် နယ်ပယ်အသီးသီးက ဘွဲ့ (First Degree) ကို အသိအမှတ်ပြု လက်ခံသည်။ အဆိုပါဘွဲ့ဖြင့် “မေဂျာတူ ဘီအေ”ဘွဲ့ရလျှင် “ဆိုင်ရာနယ်ပယ်မှ မဟာဝိဇ္ဇာဘွဲ့”ကို တိုက်ရိုက်ယူနိုင်သည်။ “နယ်ပယ်မတူလျှင်” ပေါင်းကူးပေးသည့်အနေဖြင့် “ဘွဲ့လွန်ဒီပလိုမာ  (Postgraduate Diploma) တစ်နှစ်”တက်ပြီး သက်ဆိုင်ရာ မဟာတန်းကို ဆက်လက်တက်နိုင်သည်။
ဒီပလိုမာသည် ဘွဲ့ကြိုတန်းအတွက်ဖြစ်စေ ဘွဲ့လွန်တန်းအတွက်ဖြစ်စေ ရှိပြီးသားအရည်အချင်းကို အသိအမှတ်ပြုသည့်အနေဖြင့် ရှေ့ဆက်သွားရန် ပေါင်းကူးပေးသော တံတားတစ်စင်း သို့မဟုတ် မွမ်းမံအဆင့်ဖြစ်ကြောင်း နားလည်ဖို့လိုသည်။ ဓမ္မာစရိဘွဲ့ (စသည်)ရပြီးသားသူက ပထမကြီးတန်းအောင်နှင့်အတူ ဘွဲ့ကြိုဒီပလိုပမာ (Undergraduate Diploma) တန်းတက်၊ ထိုနောက် ဘီအေ အမ်အေတန်း စသဖြင့် အစဉ်အတိုင်း မည်သူမျှ တက်လိုပါမည်နည်း?။[1]
ဘာသာစကား (Language) မတတ်ရုံမျှနှင့် လေ့လာပြီး ကျွမ်းကျင်ပြီးသား ဘာသာရပ် (Subject) များကို ထပ်ပြန်တလဲ သင်နေရခြင်းကို ထောက်ဆလျှင် “ကျောင်းသားကသာ တက္ကသိုလ်ကို အသိအမှတ်ပြုပြီး တက္ကသိုလ်က အပြန်အလှန်အနေဖြင့် ကျောင်းသားအပေါ် အသိအမှတ်ပြုခြင်းကို ပျက်ကွက်နေသည်”ဟု ဆိုရပါမည်။[2] ရွေးချယ်မှုတစ်ခုအနေဖြင့် ရောက်လာသော ကျောင်းသားကို တက္ကသိုလ်က “တက္ကသိုလ်၏ အစိတ်အပိုင်းအနေဖြင့် သဘောမထားဘဲ ခဏတာ အရိပ်ခိုစရာအဖြစ်မျှသာ သဘောထားခြင်းသည် အလွဲကြီးလွဲခြင်း” ဖြစ်သည်။
ပူပေါင်းလုပ်ဆောင်ရမည့် ကျောင်းသားနှင့် တက္ကသိုလ်ကို ကိုယ်ပိုင်အဖြစ်သဘောထားပြီး ကျေးဇူးစား ကျေးဇူးခံအနေဖြင့် ဖော်ဆောင်ခြင်းမှာ “ပညာရေး”ဆိုသည့် ဝေါဟာနှင့် လုံးလုံးမသက်ဆိုင်ပါ။ ထိုကြောင့် “ပညာရေး”နှင့် “ဘာသာရေး” ကွဲပြားရမည်ဖြစ်ပြီး ဦးတည်ချက်များကိုလည်း တစ်ပေါင်းတည်း ရောချ၍မရသည်ကို အထူးသတိမူသင့်ပါသည်။ ဤအချက်ကို အောက်တွင် ဆက်လက်ပြီး တင်ပြပါမည်။
အနောက်တိုင်းတွင် အစောပိုင်း ချပ် (Church) ကျောင်းအများစုက ပညာရေးဆိုင်ရာ တော်လှန်လှုပ်ရှားမှုများနှင့်အတူ ကနဦးကာလ ဘာသာရေးသင်ရာမှ နောက်ပိုင်းကျသောအခါ မေဂျာစုံသင်သော တက္ကသိုလ်ကြီးများ ဖြစ်လာကြသည်။ သီဟိုဠ်တွင်လည်း လွတ်လပ်ရေးခေတ်ဦး လှုပ်ရှားမှုများနှင့်အတူ စာသင်တိုက် (ပရိဝေဏ)ကြီးများက အထက်တန်းကျောင်းတာဝန် မေဂျာစုံသင်သော တက္ကသိုလ်ကြီးများတာဝန်ကို ယူခဲ့ကြသည်။
မြန်မာနိုင်ငံမှ ပရိယတ္တိ စာသင်တိုက်ကြီးများသည် အစဉ်အလာကောင်းများ ထိန်းသိမ်းမြဲ ထိန်းသိမ်းလျှက်သာ ရှိသည်။ မထိန်းနိုင်သော စာသင်တိုက်ကြီးများ ပျက်စီးသွားပြီး၊ ကျန်ရှိနေသော စာသင်တိုက်ကြီးများကလည်း မူလအတိုင်း မပြောင်း။ သို့ဖြင့် ခေတ်၏ လိုအပ်ချက်အရ တက္ကသိုလ်ကြီးများ အလျှိုလျှိုပေါ်လာသောအခါ၌လည်း စာသင်တိုက်များဖြင့် “ပေါင်းကူးမပေးနိုင်ဘဲ” “ခုန်ကူး”ကြရသည်။ “မမီ”၍ “ခုန်”ရခြင်းမျိုး မဟုတ်ဘဲ၊ “နယ်ပယ်မတူ၍” ခုန်ရသည့်သဘော ဖြစ်နေသည်။ လိုရင်းကို ချုံ့လိုက်သောအခါ “လမ်းလျှောက်တတ်ပြီးသား ကလေးတစ်ယောက်ကို” “တွားသွားကနေ ပြန်သင်နေရသည့်” အခြေအနေကို ကျောခိုင်းပြီး မိမိလိုအပ်သည့်အချက်ကိုသာ ကွက်ဖြည့်ပြီး နိုင်ငံခြားရောက်လာသည်။
သို့ဖြင့် ….. ဤသို့ဖြင့် ….. ခေတ်ဦးဟုဆိုရမည့် အစောဆုံး သီဟိုဠ်ရောက် မြန်မာရဟန်းတော်များက “ဓမ္မာစရိယဘွဲ့”ကို “ဘီအေ”နှင့် ညီမျှသည်ဟု လုပ်နိုင်ခဲ့ကြသည်။ “ဘာသာရပ် (Subject)” ဆိုင်ရာ ကျွမ်းကျင်ပြီးဖြစ်သော ရဟန်းတော်များ ဖြစ်နေခြင်း၊ မိမိတို့ ကွက်ပြီးလိုအပ်နေသည့် “ဘာသာစကား (Language) ပိုင်း”ကိုလည်း အထိုက်အလျောက် ဖြည့်ဆည်းပြီးခြင်းတို့ကြောင့် “ယုံကြည်မှု”ဖြင့် လက်ခံခဲ့သည်။ မကြာသေးခင်နှစ်များအထိ မည်သည့်ပြဿနာမှ မရှိ။ တက္ကသိုလ်အပေါ်မူတည်ပြီး “ဓမ္မာစရိယ”ဘွဲ့ဖြင့် “မဟာတန်း” “ပါရဂူတန်း”များကို လွယ်လင့်တကူ တက်ခွင့်ရခဲ့သည်။
၆း၃း၁ လတ်တလောပြဿနာ
မကြာသေးခင်နှစ်များ တိတိကျကျပြောရလျှင် ၂၀၁၃/၁၄-ပညာသင်နှစ်မှစပြီး ပေရာဒေနိယတက္ကသိုလ်၌ ကျောင်းအပ်သည့် ကျောင်းသားများ ပြဿနာတက်လာသည်။ “ဓမ္မာစရိယဘွဲ့”ဖြင့် “မဟာတန်း”ကျောင်းအပ်သည်ကို “ဘွဲ့လွန်ဒီပလိုမာတန်း”တက်ရန် မှတ်ပုံတင်ချပေးခဲ့သည်။ ဘွဲ့လွန်ဒီပလိုမာကို တစ်နှစ်တက်ပြီးနောက်မှသာ မဟာတန်းကို ဆက်လက်တက်ရောက်ရန် ဖြစ်သည်။
ဒုတိယပြဿနာမှာ မဟာဒဿနိကတန်း တက်ရောက်ရန် ကျောင်းအပ်သူများ ဖြစ်သည်။ ထုံးစံအရ “မဟာတန်းဘွဲ့လက်မှတ်”ဖြင့် “မဟာဒဿနိကတန်း”ကို လက်မခံဘဲ “ဘွဲ့လွန်ဒီပလိုမာတန်း”ကိုသာ အရင်တက်ရောက်ရမည်ဖြစ်ပြီး၊ ယင်းနောက်မှ “မဟာဒဿနိကတန်း”ကို ဆက်လက်တက်ရောက်ရန် ဖြစ်သည်။ စည်းကမ်းချက်အတိုင်းဆိုလျှင် “မဟာတန်းပြီး”လျှင် “မဟာဒဿနိကတန်း”ကို တက်ရောက်ခွင့်ရမည် ဖြစ်သည်။ ဓမ္မာစရိယဘွဲ့လက်မှတ်ဖြင့် မဟုတ်ဘဲ၊ ဘီအေဘွဲ့လက်မှတ်ဖြင့် မဟာတန်းတက်ပြီး ဘွဲ့ရသူလာသူများကိုမူ မဟာဒဿနိကတန်း ဆက်လက်သင်ယူရန် ခွင့်ပြုပါသည်။[3]
၆း၃း၂ ပြဿနာအစ
မိမိ ပထမဆုံးကြုံခဲ့ရသော ကျောင်းအပ်ပြဿနာအလွဲမှာ မိမိကိုယ်တိုင် ဖြစ်သည်။ ၂၀၁၁-ခုနှစ်က ဖြစ်သည်။ ထိုအချိန်က မိမိသည် မဟာတန်းဖြေပြီးနောက် လ,စွန်းရုံမျှသာရှိသေးပြီး အောင်ဂေဇက်စောင့်ရင်း (Waiting Result) ဖြင့် ကျောင်းကြိုအပ်သည်။ မဟာတန်းကို ဖြေထားခြင်းဖြစ်၍ မဟာဒဿနိကတန်းကို တက်ရောက်ဖို့အပ်ခြင်း ဖြစ်သည်။ ယင်းသို့အပ်ကြောင်းကိုလည်း ဖောင်ထဲ၌ ဖြည့်သွင်းထားသည်။ တရားဝင်ကျောင်းအပ်ရန် ခေါ်စာထွက်လာသောအခါ မဟာတန်းသာ ဖြစ်နေသည်။ မိမိဖြည့်သွင်းထားသည့် ဖောင်ကိုမကြည့်ဘဲ စာမေးပွဲအောင်စာရင်း မထွက်သေး၍ ဘီအေအောင်လက်မှတ်ဖြင့်သာ အပ်ထားခြင်းကြောင့် စည်းကမ်းအတိုင်း မဟာတန်းကိုသာ တက်ရောက်ခွင့် ချပေးခြင်း ဖြစ်သည်။ ယင်းကိစ္စဖြင့် မိမိကိုယ်တိုင်ပင် မော်ကွန်းထိန်းကိုသွားပြောရာ နှစ်လနီးပါးစောင့်လိုက်ရပြီး မဟာဒဿနိကတန်းကို တက်ရောက်ခွင့် ရခဲ့သည်။ မဟာတန်းအောင်လက်မှတ်ကိုမူ ၂၀၁၂-ခုနှစ် နှစ်ဝက်ခန့်ရောက်မှ တင်ပြနိုင်ခဲ့ပါသည်။ မည်သို့ပင်ဖြစ်စေ အဆင်ပြေခဲ့ပါသည်။
ဒုတိယအကြိမ် မိမိထပ်မံကြုံရသော ပြဿနာမှာ ၂၀၁၃/၁၄-ပညာသင်နှစ်တွင်ဖြစ်ပြီး မဟာတန်းတက်ရန် ကျောင်းအပ်ပေးသည့် မြန်မာနိုင်ငံ ဗုဒ္ဓဘာသာဆိုင်ရာ တက္ကသိုလ်တစ်ခုမှ ဘီအေဘွဲ့ရကျောင်းသားကို ဘွဲ့လွန်ဒီပလိုမာတန်းချပေး၍ ကူညီဖြေရှင်းပေးရဖူးသည်။ ပေရာဒေနိယတက္ကသိုလ် ထုံးစံအရ တက်ရောက်လိုသည့်အတန်းကို ယာယီသာအပ်နှံရသည်။ ပညာရေးဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် တက်ရောက်ခွင့်ရအတန်းကို မှတ်ပုံတင်ချပေးမှသာ တရားဝင်ကျောင်းအပ်ခွင့် ရသည်။ ထိုအကြိမ်က ဋ္ဌာနမှူးနှင့် မော်ကွန်းထိန်းတို့၏ အကြံပေးချက်အတိုင်း ဘွဲ့လွန်ဒီပလိုမှာမှ မဟာတန်းကို တက်ရောက်ခွင့်ပြုရန် လျှောက်လွှာတင်ရုံဖြင့် အဆင်ပြေသွားသည်။
တတိယအကြိမ်အဖြစ် ကြုံရသောအခါ၌လည်း မိမိပင် လိုက်ပါ ဖြေရှင်းပေးခဲ့ရသည်။ ဓမ္မာရိယဘွဲ့လက်မှတ်ဖြင့် မဟာတန်းအပ်သည့် ကျောင်းသားလေးငါးယောက်ကို ဘွဲ့လွန်ဒီပလိုမာ တက်ရောက်ရန် ချပေးသောကြောင့် ဖြစ်သည်။ မှတ်မှတ်ရရ ထိုအကြိမ်က ဋ္ဌာနမှူးနှင့် အတော်လေး အငြင်းအခုန် လုပ်ခဲ့ရသည်။ ဘီအေဘွဲ့မဟုတ်လို့ဟု အကြောင်းပြသော ဋ္ဌာနမှူးကို မိမိက အရင်ကျောင်းသားများလည်း ဓမ္မာစရိယဘွဲ့လက်မှတ်ဖြင့်ပင် ကျောင်းအပ်ကြကြောင်း ရှင်းပြသည်။ ဋ္ဌာနမှူးမှာ အသစ်ဖြစ်နေ၍ မော်ကွန်းထိန်းရုံးကို မေးကြည့်ရန်အကြံပြုသောအခါ ချက်ချင်းပင် ဖုန်းဆက်မေးသည်။ မော်ကွန်းထိန်းက ဟုတ်ကြောင်း အကြောင်းပြန်၍ လျှောက်လွှာရေးခိုင်းပြီး တင်ခိုင်းရာ အဆင်ပြေသွားသည်။ သို့ရာတွင် ဋ္ဌာနမှူးက “မင်းတို့ မြန်မာကျောင်းသားတွေ အင်္ဂလိပ်စာ အားနည်းတယ်၊ ဒါကြောင့် ဒီပလိုမာတန်းကို တက်ခိုင်းရတာ”ဟု စာသင်ခန်းထဲက အခြေအနေများကို ပြောပြပါသည်။ ပေရာဒေနိယတက္ကသိုလ်သည် ကျောင်းသားများကို အကန့်အသတ်ဖြင့်သာ လက်ခံခြင်းဖြစ်ရာ ကျောင်းသားတစ်ယောက်ချင်းစီ၏ အရည်အသွေးများကို ဆရာများအနေဖြင့် အလွယ်တကူ သိသာမြင်သာရှိသည်။ မည်သို့ပင်ဖြစ်စေကာမူ ထိုအကြိမ်ကလည်း အဆင်ပြေခဲ့သည်သာ ဖြစ်သည်။
၂၀၀၉/၁၀ ခုနှစ်ကလည်း မိမိထက် စီနီယာကျသော ကျောင်းသားများ အလားတူကြုံခဲ့ကြောင်း သိရသည်။ ထိုအကြိမ်က ကေလနိယတက္ကသိုလ်မှ မဟာတန်းဘွဲ့လက်မှတ်ဖြင့် ကျောင်းအပ်လာသူများကို လက်မခံ၍ “မင်းတို့နိုင်ငံက တက္ကသိုလ်အချင်းချင်း အသိအမှတ် မပြုဘူးလား”ဟုမေးရာ၊ “မဟာဘွဲ့က ပြဿနာမဟုတ်ကြောင်း၊ ဓမ္မာစရိယဘွဲ့ကသာ ပြဿနာဖြစ်ကြောင်း” ရှင်းပြသည်ဟု ဆိုပါသည်။ နောက်ဆုံး ကောက်ချက်ချသော အခါ ဘာသာစကား (အင်္ဂလိပ်စာ) အားနည်းခြင်းသာ အဖြေထွက်လာသည်။
၂၀၁၆-နှစ်စပိုင်းက ကြုံတွေ့ရသည့် ပြဿနာမှာ ကေလနိယတက္ကသိုလ်မှ မဟာတန်းအောင်ပြီးသော ကျောင်းသားများ မဟာဒဿနိကတန်းကို အပ်မရဘဲ ဘွဲ့လွန်ဒီပလိုမာတန်းကိုသာ အရင်တက်ခိုင်းပြီး အောင်မှသာ မဟာဒဿနိကတန်းကို ဆက်လက်တက်ရောက်ရန် ဖြစ်သည်။ ထိုအချိန်က မိမိမှာ မြန်မာပြည် ပြန်ရောက်နေခိုက် ဖြစ်သည်။ ယင်းပြဿနာဖြစ်စဉ်အရ “တက်ရောက်မည့် ကျောင်းသား၏ အရည်အချင်း မပြည့်မီသောပြဿနာ၊ ဘာသာစကားပိုင်ဆိုင်ရာ အားနည်းသောကြောင့်”သာ ဖြစ်ပါသည်။ နောက်ဆုံးအကြိမ်အဖြစ် မိမိသွားရောက်တွေ့ဆုံ ဖြေရှင်းခဲ့စဉ်က “နောက်တစ်ခါဆို ပြဿနာဖြစ်တဲ့ ကျောင်းသားတွေကို ငါ့ဆီခေါ်မလာနဲ့တော့၊ သူတို့ အင်္ဂလိပ်စာ အားနည်းလို့ဖြစ်ရတာ”ဟု ဋ္ဌာနမှူးက ဖွင့်ပြောခဲ့သည်။ မိမိကလည်း “ငါခေါ်လာတာ မဟုတ်ဘူး၊ သူတို့ခေါ်လို့ လိုက်လာတာ” ဟု ဖြေရှင်းချက်ပေးခဲ့ဖူးသည်။
ဆက်ပါဦးမည်။
မေတ္တာဖြင့်-
          အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
          Friday, May 20, 2016


[1] ၂၀၀၇-ခုနှစ် ၀န်းကျင်မှစပြီး အိန္ဒိယ၊ ထိုင်း၊ သီရိလင်္ကာစသော နိုင်ငံများသို့ ပညာတော်သင်ကြွရောက်ကြသော မြန်မာရဟန်းတော်များ အရေအတွက်မှာ သိသိသာသာ များပြားလာသည်ဟု တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်ဖုံ ပြောနေကြသည်။ အများစုက အပြစ်တင်လို၍ မေးငေါ့ဟန်ဖြစ်သော်လည်း မည်သူကမျှ အကြောင်းရင်းကို မရှာကြပေ။ (၁) မြန်မာပြည်ရှိ ဗုဒ္ဓဘာသာဆိုင်ရာ တက္ကသိုလ်များအချင်းချင်း အသိအမှတ် မပြုကြသေးခြင်း၊ (၂) First Degree-ဖြင့် Second Degree-ကို ဆက်လက်ယူရန် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ခွင့်မပြုသေးခြင်း၊ (၃) သင်ရိုးညွှန်းတမ်းနှင့် ပညာသင်နှစ် ကန့်သတ်ချက်များအပေါ် ကျောင်းသားများနှစ်သက်လာအောင် ပြင်ဆင်မှု မရှိခြင်း (၄) လေ့လာနည်းစနစ် (Study Method) မပေးနိုင်သေးဘဲ၊ ပြဋ္ဌာန်းစာအုပ်ကိုင် ဖတ်ပြသည့်အဆင့် (ပါတာဖတ်)ဖြင့်သာ တက္ကသိုလ်များစုတို့က လည်ပတ်နေသေးခြင်း စသည်အကြောင်းများကြောင့် “အချိန်ကုန်သက်သာ”ပြီး လွယ်ကူစွာ ပေါင်းကူးလို့ရနိုင်သော နိုင်ငံရပ်ခြားတက္ကသိုလ်များ၌ ယနေ့ခေတ် မြန်မာရဟန်းတော်များ တစ်နှစ်တခြား များပြားလာနေရခြင်း ဖြစ်ပါသည်။ အကျိုးရှိမှုကို တိုင်းတာရာ၌ “ငွေကုန်”သည်ကိုသာကြည့်ပြီး “အချိန်”နှင့် “လူ့စွမ်းအားအရင်းမြစ်”များ ကုန်သည်ကို ထည့်မတွက်ခြင်း၊ အကျိုးသက်ရောက်မှုများကို မတိုင်းတာခြင်းများကိုလည်း အဓိကအကြောင်းများအဖြစ် ထပ်ယူနိုင်ပါသေးသည်။
တက္ကသိုလ်ဆိုသည့် နာမည်မျှပြောင်းပြီး သင်ကြားမှုဆိုင်ရာ မူမပြောင်းဘဲ စာသင်တိုက်ဟန် သွားနေခြင်းက အပြောင်းအလဲလိုလားသော ခေတ်သစ်ရဟန်းတော်များ၏ ရွေးချယ်မှုကို ပိုပြီးအကြပ်ရိုက်စေသလို ဖြစ်နေပြန်သည်။ အကြောင်းမှာ ဘီအေ၊ အမ်အေဘွဲ့များကို ပြည်တွင်းမှာယူလို့ ရနိုင်ပါလျှက် ဘာကြောင့် ငွေးကြေးများစွာ အကုန်ခံပြီး နိုင်ငံရပ်ခြားသွား သွားနေရသလဲဆိုသည့် အပေါ်ယံအသိ-အမြင်မျှဖြင့် အပြစ်တင်လိုသော မေးခွန်းများ မေးလာသောကြောင့် ဖြစ်သည်။ အကြောင်းများစွာ ခြွင်းချက်များစွာ ရှိသေးသော်လည်း အဓိကအကြောင်းမှာ ဘွဲ့ရဖို့က အဓိကပန်းတိုင် မဟုတ်ခြင်း၊ လက်ရှိအနေထားကို အခြားတစ်ဖက်မှ ရှုမြင်လိုခြင်းစသော အဓိကအကြောင်းများကို တွေ့ရပါမည်။
[2] ဤအချက်ဖြင့်လည်း (အထူးသဖြင့်) သုတေသနလုပ်မည့် ကျောင်းသားများအနေဖြင့် ဘာသာစကား (Language)၊ ဘာသာရပ် (Subject) ကျွမ်းကျင်မှုများနှင့် ပညာ (Knowledge) သို့မဟုတ် ပညာရှင် (Scholar) ကို ကွဲကွဲပြားပြား နားလည်ဖို့ လိုပါသည်။ ဘာသာစကား မတတ်ကျွမ်းစေကာမူ ပညာရှင်သည် ပညာရှင်သာဖြစ်ပြီး တန်းဖိုးလျော့သွားမည် မဟုတ်ပေ။
[3] ပေရာဒေနိယတက္ကသိုလ်၌ မိမိကျောင်းအပ်စ ၂၀၁၁-ခုနစ်နှင့် ယင်းအစောပိုင်း နှစ်များ၌ ကျောင်းအပ်မှတ်ပုံတင်ကြေး (Registration Fees)ကို အမေရိကန်ဒေါ်လာ ၂၅၀-သွင်းရသည်။ ပုံမှန်အားဖြင့် ပညာသင်နှစ် (Academic Year)မှာ MA-တန်း ၁-နှစ် သို့မဟုတ် ၂-နှစ်၊ MPhil ၂-နှစ်၊ PhD ၃-နှစ် အသီးသီးတို့ ဖြစ်သည်။ ပညာသင်နှစ်ကို မည်သို့ပင် သတ်မှတ်စေကာမူ ကျောင်းသားမှတ်ပုံတင် သက်တမ်းတိုးခြင်းကို နှစ်စဉ်ပြန်လုပ်ရ၍ ၄င်းမှတ်ပုံတင်ကြေး (Registration Renewal Fee)ကိုလည်း နှစ်စဉ်သွင်းရသည်။ ၂၀၁၁-ခုနှစ်အထိ ကျောင်းအပ်မှတ်ပုံတင်နှင့် ၄င်းသက်တမ်းတိုးကြေးမှာ အတူတူဖြစ်ပြီး ဒေါ်လာ-၂၅၀ ပင် ထပ်ပြီးသွင်းရသည်။ နိုင်ငံခြားကျောင်းကျောင်းသားများ စုပေါင်းလက်မှတ်ထိုးပြီး သက်တမ်းတိုးမှတ်ပုံတင်ကြေးကို လျှော့ချပေးပါရန် သက်ဆိုင်ရာ တက္ကသိုလ်အာဏာပိုင်များထံ မေတ္တာရပ်ခံစာတင်ရာ ဒေါ်လာ ၂၅၀-အစား၊ သီရိလင်္ကာရူပီး ၂,၀၀၀ (မြန်မာငွေ ၂၀,၀၀၀-ခန့်) သွင်းရတော့သည်။
            ၂၀၁၃-ခုနှစ်တွင် ပေရာဒေနိယတက္ကသိုလ် ဘွဲ့လွန်ဌာနရှိ အတန်းများအားလုံးမှ သင်တန်းကြေး (Academic Fees)များ နှစ်ဆ-သုံးဆခန့် တက်သွားသည်။ နမူနာအားဖြင့် မိမိတို့ကျောင်းအပ်စဉ်က PG-Diploma၊ MA နှင့် MPhil တန်းများအတွက် အမေရိကန်ဒေါ်လာ ၅၀၀-စီဖြစ်ပြီး၊ PhD-တန်းအတွက် အမေရိကန်ဒေါ်လာ ၇၅၀-ဖြစ်သည်။ တိုးသွားသော နှုန်းထားအရ အမေရိကန်ဒေါ်လာ PG-Diploma-တန်း ၁,၀၀၀၊ MA-တန်း  ၁,၂၀၀၊ MPhil-တန်း ၁,၅၀၀ နှင့် PhD-တန်း ၂,၀၀၀ ဖြစ်သွားသည်။ ခေတ်နှင့်လျော်ညီသော ပမာဏဖြစ်သည်ဟု ယူဆ၍ မည်သည့်ကျောင်းသားမျှ အထွန့်တက်ခြင်း မပြုလုပ်ခဲ့ပါ။ ဗုဒ္ဓဘာသာရဟန်းတော်များ၊ တောင်အာရှနိုင်ငံများမှ ကျောင်းသားများနှင့်မတူဘဲ အခြားနိုင်ငံမှ ကျောင်းသားများက သင်တန်းကြေး နှစ်ဆပိုပြီးများပါသည်။
            ၂၀၁၆-ခု နှစ်စပိုင်းရောက်သောအခါ ဘွဲ့လွန်ဋ္ဌာနမှ သင်တန်းကြေးများအားလုံး ထပ်တက်သွားပြန်သည်။ ယခုတစ်ကြိမ် တက်ရာ၌ ၂၀၁၃-ခုနှစ်က တက်ခဲ့သည့်ပမာဏ၏ ထက်ဝက်ကျော်ခန့်ဖြစ်သည့်အပြင် ပြည်တွင်းကျောင်းသားများ၏ သင်တန်းကြေးများပါ အဆများစွာတက်သွားသည်။ ဥပမာတစ်ခုပြရလျှင် ယခင် PhD-တန်းမှာ အမေရိကန်ဒေါ်လာ ၂,၀၀၀ ဖြစ်ပြီး အသစ်နှုန်းထားအရ အမေရိကန်ဒေါ်လာ ၄,၀၀၀-ကျော် ဖြစ်သွားသည်။ ပြည်တွင်း-ပြည်ပမှ ကျောင်းသားအချို့ အကြံပြုစာနှင့် အသနားခံစာများ တင်သည်ဟုကြားသိရပြီးနောက် ၂၀၁၃-ခုနှစ်က သတ်မှတ်ခဲ့သည့် နှုန်းထားများအတိုင်း အသီးသီးပြန်ဖြစ်သွားသည်။
            ထိုပြင် နိုင်ငံတကာ ကျောင်းသားများ မေဂျာအသီးသီးအတွက် လျှောက်ထားနိုင်သော ပညာတော်သင်ဆု (Scholarship) ဆိုင်ရာ အစီအစဉ်များလည်း ရှိပါသည်။
            အထက်ပါ ဖြစ်ရပ်များကို ကြည့်ခြင်းအားဖြင့် “ပညာသင်စရိတ် မတတ်နိုင်လျှင် ညှိနှိုင်းလို့ရပြီး၊ ဆိုင်ရာဘွဲ့ အတန်းများအတွက် အရည်အချင်း မပြည့်မီလျှင် ညှိနှိုင်းလို့မရ”ဆိုသည့် တက္ကသိုလ်ဆိုင်ရာ ပညာရေးမူဝါဒကို နားလည်ရပါသည်။ သတ်မှတ်အရည်အချင်း လိုအပ်လျှင် ပြည့်မီအောင်လုပ်ရမည်မှာ ကျောင်းသားတာဝန်သာ ဖြစ်သည်။

0 comments:

Post a Comment