အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Saturday, June 11, 2016

ရဟန်း၊ ပညာရေးနှင့် အတွေးအမြင် (အပိုင်း-၂)

၎း ဤဆောင်းပါး၏ လာရာ လားရာ
          ယခုဆောင်းပါးသည် ရဟန်း၊သာမဏေများနှင့် ဆရာလေးများ၏ ပညာရေးနှင့်စပ်လျဉ်းပြီး ဇောင်းပေးတင်ပြရန် ဖြစ်သည်။ အမှန်ဟု လက်ဆုပ်လက်ကိုင် ငြင်းဆိုရန်မဟုတ်ဘဲ ရှုထောင့်တစ်ခုမှ အမြင်တစ်ခုကို တင်ပြရန် ကြိုးစားခြင်းမျှသာ ဖြစ်သည်။ အထူးသဖြင့် နိုင်ငံခြားရောက်နေသော ရဟန်းတော်များ (ဤနေရာမှစ၍ ရဟန်းတော်များဟုသာ ပေါင်းသုံးမည်) ရင်ဆိုင်ကြုံတွေ့ရလေ့ရှိသည့် ပညာရေးဆိုင်ရာ လမ်းကြောင်း အပြောင်းအလဲနှင့် သင်ကြားပုံစနစ် ကွာခြားပုံ စသည်တို့ကို တင်ပြလိုပါသည်။ ထိုပြင် ရဟန်းတော်များကိုယ်တိုင်နှင့် ၄င်းတို့ပညာရေးကို ထောက်ပံ့ကြသူများအနေဖြင့် “ပြည်တွင်းနှင့် နိုင်ငံခြားပညာရေးစနစ်” ကွာဟချက်နှင့် ပေါင်းစပ်ဖြစ်နေသော အခြေအနေအချို့ကို နားလည်နိုင်စေရန် ရည်ရွယ်ပါသည်။ သို့ဖြစ်၍ ရှေးဦးစွာ မြန်မာနိုင်ငံ ရဟန်းတော်များဆိုင်ရာ “ပရိယတ္တိ” ပညာရေးစနစ်ကို အနည်းငယ်မျှ မီးမောင်းထိုးပြလိုသည်။
၅း ပရိယတ္တိပညာရေး
          မြန်မာနိုင်ငံ အခြေခံ ပရိယတ္တိပညာရေးစနစ်မှာ “အာဂုံ”စနစ်ဖြစ်သည်။ ဓမ္မာစရိယတန်းနှင့် တက္ကသိုလ်တို့ကဲ့သို့ အဆင့်မြင့်ပညာရေးတွင်လည်း “နည်းစနစ်”ဟု ကြွေးကြော်ထားစေကာမူ ယေဘုယျမှာ “အာဂုံ”မှ မလွတ်နိုင်ကြသေးပေ။[1]
၅း၁ လိုအပ်ချက်များ
          ပညာရေးဆိုင်ရာ၌ တသမတ်တည်း မဟုတ်ဘဲ၊ အာဂုံဆောင်ရသကဲ့သို့ လွတ်ရမည့်အချိန်လည်း ရှိရမည်။[2] အဓိကအချက်မှာ ပြဋ္ဌာန်းကျမ်းစာ အားလုံးနီးပါးမှာ အာဂုံများ ဖြစ်နေခြင်း ဖြစ်သည်။ ထိုပြင် အာဂုံမှ မလွတ်နိုင်ခြင်း၏ အချက်အချို့ကို အောက်ပါအတိုင်း တွေ့ရပါမည်။
          (က) အခြေခံပညာရေး မပိုင်နိုင်ခဲ့ခြင်း။

ရဟန်းတော်များ၏ အခြေခံပညာရေးကို အတန်းသုံးတန်း (ပထမငယ်၊ ပထမလတ်၊ ပထမကြီး)ဖြင့်သာ ဖြတ်သန်းရသည့်အပြင် ပြဋ္ဌာန်းကျမ်းစာနှင့် သင်္ခန်းစာတို့မှာ များပြားလွန်းနေသည်။ “ကိုယ်ပိုင်ဉာဏ်ဖြင့် စဉ်းစားတွေးခေါ်ချိန် မရဘဲ၊ မှတ်ဉာဏ်ထဲထည့်ချိန်ဖြင့်”သာ အချိန်ကုန်နေရသည်။ သို့ဖြစ်ရာ သင်ရိုးကျေညက်ဖို့ထက် စာမေးပွဲအောင်ဖို့ အဓိကဖြစ်လာပြီး ရွေးသင်၊ ကျော်သင်ပြီး၊ ရွေးကျက် မေးခွန်းတိုက်ကျက် ဖြစ်နေသည်။ ဤသို့ဖြင့် ဓမ္မာစရိယတို့လို အဆင့်မြင့်ပညာရေးကို ရောက်လာသော်လည်း အောက်သက်မကျေခဲ့၍ ပို့ချသည့် “နည်းစနစ်များ”ကို “နားမလည်”သည့်အတွက် အာဂုံကျက်မှတ်ရသော အဆင့်ကိုပင် ပြန်ရောက်ရပြန်သည်။
          (ခ) ပရိယတ္တိစာသင်တိုက်များ ထောင်ကြခြင်း။
ပရိယတ္တိစာသင်တိုက်များ တစ်နိုင် ထောင်ခြင်းကို မည်သူမျှ အပြစ်မပြောသလို၊ ကြိုဆိုရမည့်အရာလည်း ဖြစ်သည်။ ပြဿနာမှာ အမှန်တကယ် အချိန်ပေးနိုင်ဘဲ စာသင်တိုက်ထောင်ပြီး မှတ်စုမျှ ဖတ်ပြ၊ သင်ပြနေပြီး ဆရာရောတပည့်ပါ ကျောင်းတိုက်ဗာဟီရကိစ္စတို့ဖြင့်သာ အချိန်ကုန်နေခြင်းတို့ ဖြစ်သည်။ ထိုပြင် အခြေခံမျှသာ သင်ပေးနိုင်ပါလျှက်နဲ့ အချိန်ကျသောအခါ အမှန်တကယ် ပရိယတ္တိလုပ်ငန်း ဆောင်တာတို့ဖြင့် အချိန်ပြည့်လည်ပတ်နေသော ပရိယတ္တိ စာသင်တိုက်ကြီးများသို့ မိမိတို့ တပည့်များကို လွှဲပေးအပ်နှံခြင်းများ မပြုလုပ်ဘဲထားခြင်းတို့လည်း ပါဝင်သည်။
          (ဂ) ဆရာဖြစ်သင်တန်း မတက်ရောက်ရခြင်း။
          “ဆရာဖြစ်သင်တန်း”ဆိုသည့် စကားကို ပရိယတ္တိပညာရေးလောက၌ ပြောလျှင် ရယ်စရာကြီးအဖြစ် မြင်ကြပေလိမ့်မည်။ မည်အခါမျှ မရှိခဲ့သောကြောင့်ပင်။ ပရိယတ္တိပညာရေးကို မျိုးဆက်အလိုက် လက်ဆင့်ကမ်းရာ၌ တော်သူ ထူးချွန်သူအများစုက ဆရာဖြစ်လာကြပြီး၊ ထိုအထဲက အများစုမှာ ဆရာစဉ်ဆက် မှတ်ခဲ့သင်ခဲ့သော ပို့ချချက်နည်းနာများဖြင့်သာ ပြန်လည်သင်ကြားပေးလေ့ရှိသည်။ ၄င်းအများစုထဲမှ လက်ချိုးရေးနိုင်လောက်ရုံ အနည်းစုကသာ ကိုယ်ပိုင်နည်းသစ်များထွင်ပြီး သင်ကြားပေးနိုင်ကြသည်။ လူတော်များက ဆရာဖြစ်လာပြီး တော်/မတော် ရောနေသည့် တပည့်များကို နည်းစနစ်တစ်မျိုးတည်းဖြင့် သင်ပေးခြင်းမှာ ပြဿနာဖြစ်သည်။ အထူးသတိပြုရမည့်အချက်မှာ ရှေးနည်း-စနစ်ဖြင့် ရှေးကျောင်းသားများ တတ်ခဲ့သော်လည်း အဆိုပါရှေးနည်း-စနစ်ဖြင့် လက်ရှိကျောင်းသားနှင့် ပတ်ဝန်ကျင် အံဝင်ခွင်ကျဖြစ်/မဖြစ်ကို ထည့်သွင်းစဉ်းစားရန် ဖြစ်သည်။[3]
          “စာသင်ခန်းမ၀င်မီ အခန်းပေါက်ဝမှာ ချွတ်ထားသော ကလေးငယ်များ၏ ဖိနပ်များကို ဦးညွတ်ပြီးမှ စာသင်ခန်းဝင်လေ့ရှိသော မူကြိုဂျပန်ဆရာမလေး တစ်ယောက်အကြောင်း” ဆောင်းပါးထဲကကဲ့သို့ မိမိအရွယ် အနေအထားနှင့် ကျောင်းသား၏အနေထား လက်ရှိပတ်ဝန်းကျင်တို့ကို ထည့်သွင်းစဉ်းစားဖို့ လိုပါမည်။ ဂျပန်ဆရာမလေး၏ အယူအဆမှာ ကလေးငယ်များ၏ ဖိနပ်အရွယ်အစားဖြင့် မိမိခြေထောက်နှင့် မတန်သကဲ့သို့ မိမိသိထားသည်များအားလုံး ကလေးငယ်များ၏ ဦးနှောက်ဖြင့်မဆန့်နိုင်သည်ကို သတိပြုရန် ဖြစ်သည်။
          (ဃ) ပတ်ဝန်းကျင်ကို ထည့်မတွက်ခြင်း။
အမှန်မှာ ပညာရေးစနစ် မပြောင်းလဲခြင်းကို ပြောလိုချင်း ဖြစ်သည်။ ယင်းသို့ပြောလျှင် စနစ်ဟောင်းကနေ စနစ်သစ်ကိုပြောင်းတာပဲ၊ အတန်းလျှော့ချတာပဲ၊ ဟိုဘာသာရပ်ဖြုတ်ပြီး ဒီဘာသာရပ်ထည့်တာပဲ စသည်ဖြင့် အကျကောက်မည်ဖြစ်၍ “ပတ်ဝန်းကျင်ကို ထည့်မတွက်ခြင်း” ဆိုရခြင်း ဖြစ်ပါသည်။ မျက်မှောက်ခေတ်အခြေအနေ ကျောင်းသား၏လိုအပ်ချက် ပတ်ဝန်းကျင်၏အနေအထား စသည်တို့ကို မသုံးသပ်ဘဲ မြေဖြူကိုင်သည်မှ ဆော့ပင်ကိုင်သည်မျှသာပြောင်းပြီး ရှေးရိုးအစဉ်အလာအတိုင်း သင်ပေးနေသည့်စနစ်ကိုသာ ပုံတူကူးချနေသည်။
၅း၂ ပေါင်းကူးတံတားအတွက် ထည့်သွင်းစဉ်းစားရမည့်အချက် (အချို့)       
(က) စာဖတ်သည့် အလေ့အကျင့်ကို မပြုစုမပျိုးထောင်ခြင်း၊ အားပေးမှုနည်းခြင်း။
ပရိယတ္တိပညာရေးလောက၌ နှစ်အနည်းငယ် အတန်းအနည်းငယ်ဖြင့် အခြေခံပညာရေးကို မကုန်-ကုန်အောင် သင်ပေးရမည့်စနစ်ကြောင့် မနိုင်ဝန်ထမ်းခိုင်းသည့်ပမာ ဖြစ်နေသည်။ တစ်ရာမှာ တစ်ယောက်၊ တစ်ထောင်မှာ တစ်ယောက်မျှသာ တတ်နိုင်သည့် သင်ရိုးစနစ်များကို အများနှင့် ကိုက်ညီအောင် ပြင်ပြုဖို့လိုပါသည်။ အဆိုပါ စွမ်းနိုင်သူများအတွက်လည်း နှစ်တိုဖြင့် အတန်းကုန်အောင် နည်းလမ်းထားသင့်ပါသည်။ မနိုင်ဝန်ကို ထမ်းနေရသည့်အတွက်ကြောင့် အများစုမှာ ပြဋ္ဌာန်းစာမှအပ သို့မဟုတ် မေးခွန်းတိုးမှ ဖြေလို့ရမည့် ၀ါကျတိုက်ရုံမှအပ “ပြင်ပ”စာပေများကို ဖတ်ချိန်မရကြပါ။ အားလပ်ချိန်ရသောအခါတွင်လည်း စိတ်ဖိစီးမှုဒဏ် အမျိုးမျိုးဖြင့် စာမဖတ်ကြတော့ပါ။ “ပြင်ပစာ”ဆိုသည်မှာ စာမေးပွဲစာမှလွဲပြီး မည်သည့်စာကိုမျှ မဖတ်ကြခြင်း ဆိုလိုခြင်း ဖြစ်သည်။
          (ခ) ဘွဲ့ကို ပန်းတိုင်အဖြစ်ထားခြင်း။
ဤအချက်က အကြီးမားဆုံး ပြဿနာတစ်ခု ဖြစ်သည်။ ဘွဲ့ရပြီးနောက် လမ်းပျောက်ကုန်ကြသည်။ လူနဲ့မဆိုင် မူ(ပညာရေးစနစ်)နဲ့သာ ဆိုင်သည်ဟု ဆိုကောင်းဆိုကြပါလိမ့်မည်။ “တို့လည်းရခဲ့တာပဲ” “သူလည်းရခဲ့တာပဲ” စသည်ဖြင့် လက်ဆယ်ချောင်းပြည့်အောင် ထောက်ပြစရာမရှိသော လက်ရှိအောင်မြင်နေသူများကို ထိုးပြကြလိမ့်မည်။ ပြလည်း ပြခဲ့သည်ကို ကြုံရသည်။ တစ်ရာမှာ ဆယ်ဦးခန့် အောင်မြင်လျှင်ပင် မပြောလိုပါ။ ပရိယတ္တိပညာရေးစနစ်သည် သင်ပြီးနောက် ကျင့်ရမည် (တရားအားထုတ်ရမည်) မှန်သော်လည်း ထည့်သွင်းစဉ်းစားရမည့် အခြားအချက်များစွာ ရှိနေသည်မှာလည်း ငြင်းစရာမလိုသည့် ကိစ္စသာဖြစ်သည်။ နယ်ပယ်ကွာခြားသည်မှလွဲပြီး “ပညာရေးလမ်းကြောင်း” ဖြစ်နေသည့်အလျှောက် “ဘွဲ့ကိုလည်း လမ်းကြောင်းအဖြစ်သာ” မှတ်ယူနိုင်ကြစေလျှင် ဘွဲ့ရပြီးနောက်၌လည်း လမ်းပျောက်စရာ ရှိမည်မဟုတ်ပေ။
(ဂ) ကွာဟချက်။
ပရိယတ္တိပညာရေး၌ မြင်သာသော အခြားတစ်ချက်မှာ အခြေခံနှင့် အဆင့်ပညာရေး ကွာဟနေသည့်အချက် ဖြစ်သည်။ တက္ကသိုလ်ပညာရေးဘက်ကူးရာ၌ နယ်ပယ်ကွာဟမှုကိုလည်း တွေ့ရပါသည်။
၆း တံတားဖြင့် တစ်ဘက်ကိုကူးတော့မည်
          ပညာရေး၏ နယ်ပယ်သည် ကျယ်ပြန့်သလောက် ကျဉ်းလို့ကျုံ့လို့လည်း ရနိုင်သည်။ မိမိလိုလားသည့် ပညာရေးနှင့် ဘာသာရပ်နယ်ပယ်သည် ကိုယ့်အရပ် ကိုယ့်တိုင်းပြည်တွင်းမှာ မရှိလျှင် သူများအရပ် သူများတိုင်းပြည်သို့ပါ သွားရမည်။ မိမိတို့ကျမှ အသစ်အဆန်းထွင်ပြီး လုပ်သည့်အရာ မဟုတ်။ ရှေးက တက္ကသီလာကြီးရှိရာ သွားကြသည်။ ယခု အနောက်က အရှေ့ကိုလာသည်။ ထိုအတူ အရှေ့ကလည်း အနောက်ကို သွားကြသည်။ မိမိလိုအပ်ချက်အတိုင်း ဖြစ်သည်။ တူညီမှုတွေကြားမှ မတူညီမှုတွေပြားလာပြန်တော့ မြန်မာကနေ သီရိလင်္ကာ၊ ထိုင်း စသည်ဖြင့် သွားကြပြန်သည်။
၆း၁ မြန်မာ-သီရိလင်္ကာ
          မြန်မာနှင့် သီရိလင်္ကာတို့သည် ရှေးနှစ်ပေါင်းများစွာကပင် သာသနာရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်းပြီး နက်နက်ရှိုင်းရှိုင်း အဆက်အသွယ် ရှိခဲ့ကြသည်။ ယင်းတို့အထဲတွင် ပရိယတ္တိပညာရေးသည်လည်း အပါအ၀င် ဖြစ်သည်။ ရှေးခေတ်နှင့် ယနေ့ခေတ် ပညာရေးခံယူချက် ကွာခြားချက်များစွာတော့ ရှိပါသည်။ ဂလိုဘယ်လ်ပညာရေး စနစ်အရ အခြေခံမှ အစ-အဆုံး မသင်တော့ဘဲ မိမိတို့ သင်ယူခဲ့ တက်ရောက်ခဲ့သည့် အဆင့်ကနေသာ “ပေါင်းကူး”ကြခြင်းမှာ မျက်မှောက်ခေတ်၏ မြင်သာသော အချက်တစ်ခု ဖြစ်ပါသည်။
၆း၂ အခြေခံပညာရေး ကွာဟချက်
          သီရိလင်္ကာ ပရိဝေဏနှင့် မြန်မာနိုင်ငံ စာသင်တိုက်များ၏ ပရိယတ္တိပညာရေး သင်ကြားပုံစနစ် မတူကြ။ အတန်းခွဲပုံကအစ သိသာလွန်းသည်။ သင်ကြားသည့် ဘာသာရပ်ခြင်းမှာလည်း ကွာခြားလွန်းသည်။ သိသာလွန်း ကွာခြားလွန်းဆိုသည်၌ အဆင့်အနိမ့်အမြင့် သဘောကို တင်ပြခြင်း မဟုတ်ဘဲ၊ မတူညီခြင်းကိုသာ ဆိုလိုပါသည်။ တစ်သွေဝမတိမ်း တူညီရမည်ဟုလည်း မဆိုလိုပါ။ သို့ရာတွင် နယ်ပယ်ခြင်းတူနေပါလျှက်နဲ့ ဘာကြောင့်များ သိသိသာသာ ကွဲပြားနေသည်ကိုမူ ထည့်သွင်းစဉ်းစားသင့်ပါသည်။
          မြန်မာနိုင်ငံ ပရိယတ္တိ ပညာရေးစနစ်ကို ယေဘုယျအားဖြင့် အခြေခံနှင့် အဆင့်မြင့်အားဖြင့် အပိုင်းနှစ်ခု တွေ့ရမည်။ အခြေခံတွင် အတန်းသုံးတန်း (အရင်က လေးတန်း)ရှိသည်။ အဆင့်မြင့်တွင် ဓမ္မာစရိယတန်းတစ်ခုသာ ရှိသည်။ သီရိလင်္ကာ ပရိယတ္တိပညာရေး၌ အခြေခံ၊ အဆင့်မြင့်နှင့် တက္ကသိုလ်အဆင့်-ဟု သုံးခု ရှိသည်။ အခြေခံမှာ ငါးတန်းရှိပြီး၊ အဆင့်မြင့်မှာ တစ်နှစ်နှင့် တက္ကသိုလ်အဆင့်မှာ ရိုးရိုးတန်းနှင့် ဂုဏ်ထူးတန်းတို့အပေါ်မူတည်ပြီး သုံးနှစ်နှင့် လေးနှစ်ဖြစ်သည်။
          မြန်မာနိုင်ငံ ပရိယတ္တိပညာရေးသည် ထေရ၀ါဒကျမ်းစာများ သို့မဟုတ် ထေရ၀ါဒက လက်ခံသော ကျမ်းစာများကို ပိဋကတ်အခြေခံရရေး၊ နှံ့စပ်ရေးနှင့် ကျွမ်းကျင်ရေးတို့ကို အဓိကထားပြီး သင်ကြားပေးသည်။ ပါဠိဘာသာကို မြန်မာကြားခံဖြင့် သင်ကြားပေးသည့် နည်းလည်းဖြစ်သည်။ ပြဿနာတစ်ချက်မှာ မြန်မာလူမျိုးများဖြစ်ပါလျှက်နှင့် မြန်မာစာကိုပင် ထည့်သွင်းသင်ကြားမပြုနိုင်ခြင်းပင် (အရင်က မြန်မာစာ ပြဋ္ဌာန်းစာအဖြစ် ရှိခဲ့သည်)။ ရဟန်းတော် အများစုသည် တန်းကျောင်းပညာရေး အခြေခံပညာမူလတန်း (လေးတန်း)အဆင့်မျှသာ ပြီးမြောက်ခဲ့ခြင်းကြောင့် ယခုလို တင်ပြရခြင်း ဖြစ်သည်။ အနည်းစုသော ရဟန်းတော်များက အခြေပညာအလယ်တန်းဆင့်ရောက်ခဲ့ပြီး အထက်တန်းအဆင့် ရောက်ခဲ့သည့်ရဟန်းတော်များမှာ လက်ချိုးရေတွက်လို့ ရနိုင်စရာရှိသည်။
ထိုပြင် ပါဠိနှင့် ဆက်နွယ်နေသော တိုင်းရင်းဘာသာများ ဖြစ်ကြသည့် သက္ကတ၊ ပြာကတ တို့ကို သင်ကြားရခြင်းမရှိ။ ကမ္ဘာသုံးဘာသာစကားများကို ထည့်ပြောစရာပင် မလိုတော့ပါ။ “ဘာသာရေး”ဆိုသည်ထက် “ပညာရေး”ကို တင်ပြနေခြင်း ဖြစ်ပါသည်။ (ရဟန်းတော်များအနေဖြင့် သိပြီးဖြစ်သော်လည်း အချို့သော မသိကြသေးသည့် လူပုဂ္ဂိုလ်များအတွက် ဘုန်းကြီးပညာရေးခေါ် “ပရိယတ္တိပညာရေး”နှင့် တန်းကျောင်းပညာရေးကို ရဟန်းတော်များ ဦးဆောင်သင်ကြားပေးနေသည့် “ဘက”ခေါ် “ဘုန်းတော်ကြီးသင် တန်းကျောင်းပညာရေး”တို့ကို မတူကြောင်း သိဖို့လိုပါမည်)။
          သီရိလင်္ကာ ပရိယတ္တိပညာရေးတွင် အခြေခံမှစပြီး ထေရ၀ါဒကျမ်းစာများအပြင် မိခင်ဘာသာစကားသည် အဓိကဘာသာတစ်ခုအဖြစ် ပါဝင်သည်။ ထေရ၀ါဒက လက်ခံထားသော ပါဠိကျမ်းစာများအပြင် ပါဠိနှင့် နှီးနွှယ်သော သက္ကတ၊ ပြာကတ တို့လည်း သင်ရသည်။ အင်္ဂလိပ်နှင့် သင်္ချာတို့လည်း ပါဝင်သည်။ အဆင့်မြင့်တန်းရောက်သောအခါ အတွေးအခေါ်၊ ဘာသာရေးသမိုင်း၊ ဘာသာဗေဒ၊ တိုင်းရင်းဆေးပညာ စသည်တို့ပါ သင်ကြားရသည်။ ထိုနောက် တက္ကသိုလ်အဆင့် ရောက်သွားသောအခါ မိမိရွေးချယ်မှုအပေါ် မူတည်ပြီး အဓိကနှင့် သာမညဘာသာရပ်များကို ဆက်လက်လေ့လာရသည်။ (သီရိလင်္ကာ ပရိဝေဏ ပညာရေးတွင် မြန်မာနိုင်ငံမှ ဘက-ပညာရေးကဲ့သို့ တန်းကျောင်းပညာရေးများလည်း ရှိသည်)။
          မြန်မာရဟန်းတော်တို့၏ ပရိယတ္တိ ပညာရေးမှာ အခြေခံနှင့် အဆင့်မြင့်ကို တိုက်ရိုက်ပေါင်းကူးပေးသည်။ အဆင့်မြင့်တန်း (ဓမ္မာစရိယ)၌ နှစ်ကန့်သတ်ချက်မရှိဘဲ တစ်နှစ်တည်းဖြင့် ဘွဲ့ရနိုင်သလို ဆယ့်လေးငါးနှစ်ကြာသည့်တိုင် ဘွဲ့မရသူများလည်း ရှိသည်။ သီရိလင်္ကာရဟန်းတော်တို့၏ ပရိယတ္တိပညာရေးမှာ အခြေခံနှင့် အဆင့်မြင့်ပြီးနောက် တက္ကသိုလ်ပညာရေးအဆင့်က သီးခြားလာသည်။ တက္ကသိုလ်အဆင့်ရောက်လျှင် အစဉ်အလာ ပညာရေးအတိုင်း ဆက်သွားလိုက သွားနိုင်ပြီး၊ တက္ကသိုလ်ဘက် ကူးလိုကလည်း ကူးနိုင်သည်။ ယင်းသို့ဖြစ်အောင်လည်း အခြေခံပညာရေးအဆင့်ကစပြီး လိုအပ်သလို ဘာသာရပ်များ သင်ကြားထားခဲ့ပြီး ဖြစ်သည်။
မြန်မာရဟန်းတော်များမှာ ပထမကြီးတန်းအောင်ပြီးနောက် တက္ကသိုလ်သို့ တိုက်ရိုက် တက်ခွင့်ရှိသကဲ့သို့ ၀င်ခွင့်ဖြေပြီးမှ တက်ရသော တက္ကသိုလ်များလည်း ရှိသည်။ ပထမကြီးတန်းအောင်ရုံမျှနှင့် တက္ကသိုလ်တက်ခွင့် လုံးဝမပေးသော တက္ကသိုလ်လည်း ရှိပါသည်။ ဓမ္မာစရိယ ဘွဲ့ရပြီးသူများပင် ၀င်ခွင့်ဖြေပြီးနောက် တက်ရောက်ခွင့်ရသောအခါ ဘွဲ့ကြိုဒီပလိုမာတန်းမှ စတင်တက်ရောက်ရပြီး ဘီအေတန်းများကို ဆက်လက်တက်ရသည်။
ရှေ့ရောက်လိုက် နောက်ကပြန်စလိုက်ရနှင့် ဖြစ်နေသာ ပရိယတ္တိပညာရေး သံသရာကြောင့် နိုင်ငံရပ်ခြားထွက်ပြီး ကျောင်းတက်ရန် တွန်းအားတစ်ရပ် ဖြစ်လာခဲ့ပါသည်။ တက္ကသိုလ်အသီးသီးက ပေးအပ်သော ဘွဲ့ဒီဂရီများကို တက္ကသိုလ်အချင်းချင်း အသိအမှတ် မပြုခြင်း၊ အခြေခံပညာရေးကို ပြီးခဲ့သော်လည်း တက္ကသိုလ်အဆင့်တွင် အစ-အဆုံး ပြန်သင်နေခြင်း၊ မြန်မာလို သင်ခဲ့ရသည်နှင့် အင်္ဂလိပ်လိုသင်သည်သာကွဲပြီး သင်ကြားပြီးဘာသာရပ်များကို ထပ်ပြန်တလဲလဲ သင်နေရခြင်းကြောင့် ငြီးငွေ့ဖွယ်ဖြစ်ခြင်း၊ ဘီအေ အမ်အေတန်းများ ရောက်သည်အထိ မူလတန်းက သင်ခဲ့သည့်ပြဋ္ဌာန်းစာများ မကုန်နိုင်သေးခြင်း စသည်စသည်တို့ကလည်း ခေတ်သစ်ရဟန်းတော်များကို ဘေးသို့ပုတ်ထုတ်သကဲ့သို့ ဖြစ်နေသည်။
ဆက်ပါဦးမည် ….. ။
မေတ္တာဖြင့်-
          အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
          Friday, May 20, 2016



[1] ဤအချက်ဖြင့် “အာဂုံစနစ်”ကို အပြစ်ပြောလိုခြင်း မဟုတ်။ ထိုအတူ “ဘာသာရေးဆိုင်ရာ လမ်းကြောင်းနှင့်ပန်းတိုင်” ထက် “ပညာရေးဆိုင်ရာ လမ်းကြောင်းနှင့် ပန်းတိုင်”ကိုသာ ဆွေးနွေးတင်ပြရန် ဖြစ်သည်။ ဤနှစ်ချက်ကို မကွဲပြားလျှင် သို့မဟုတ် ကွဲပြားမှုကို မမြင်၍ဖြစ်စေ လက်မခံ၍ဖြစ်စေ ပယ်လိုပါလျှင် ရှေ့ဆက်မဖတ်ရန်သာ ဖြစ်သည်။
[2] “ပရိယတ္တိပညာရေး”အတွက် ပြည့်စုံကောင်းမွန်သော သင်နည်းစနစ် ရှိခဲ့သည်ကို အင်းဝခေတ် စာဆိုတော် ရှင်မဟာရဋ္ဌသာရ-၏ “သု-စိ-ပု-ဘာ၊ ၀ိ-လိ-သိ-ဓာ” စသည် ဆုံးမစာကဗျာဖြင့်ပင် သိနိုင်ပါသည်။ ၄င်းဆုံမစာအရ “သု-ဏေယျ = နာကြား (သင်)ခြင်း၊ (၂) စိ-န္တေယျ = ကြံစည်ခြင်း၊ (၃) ပု-စ္ဆေယျ = မေးမြန်းခြင်၊ (၄) ဘာ-သေယျ = ပြောဆိုခြင်း၊ (၅) ဝိ-စာရေယျ = စူးစမ်းဆင်ခြင်ခြင်း၊ (၆) လိ-ခေယျ = ရေးသားခြင်း၊ (၇) သိ-က္ခေယျ = လေ့ကျင့်ခြင်းနှင့် (၈) ဓာ-ရေယျ = နှုတ်ငုံဆောင်ခြင်း-တို့ ဖြစ်သည်။ သို့ရာတွင် “သာသနာလင်္ကာရစာတမ်း”တို့ကို ကြည့်ခြင်းအားဖြင့် အဆိုပါနည်းစနစ်များကို “ပရိယတ္တိပညာရေးလောက”၌ အလေးမထားခဲ့ကြောင်း သိနိုင်ပါသည်။ ယနေ့ခေတ်၌လည်း မသုံးသေးကြောင်း ပရိပညာရေးစနစ်ပြင်ဆင်လိုသည့် အုပ်စုလိုက်အစည်းဝေးများ ဆွေးနွေးပွဲများကို ကြည့်ခြင်းအားဖြင့် မြင်နိုင်ပါသည်။
[3] ယခု တင်ပြနေသည်မှာ ယနေ့ခေတ် ကျောင်းသား၊ ပညာရေးနှင့် ပတ်ဝန်းကျင်ကို ဖြစ်သည်။ ထိုပြင် ပညာရေးဆိုင်ရာ စစ်တမ်းကို အသေးစိတ်ကောက်မကြည့်ဘဲ ရှေးနည်းဖြင့် ယနေ့တတ်မြောက်နေကြသူများ မည်မျှရှိသည်ကို ယေဘုယျကြည့်ရုံမျှဖြင့် သိနိုင်ပါသည်။ ပညာရေး၏ သဘောမှာ “အုပ်စုလိုက်အောင်မြင်ဖို့”ဖြစ်ပြီး ရာခိုင်နှုန်းဖြင့် ချပြရလျှင် တစ်ရာမှာ ခုနစ်ဆယ်ဝန်းကျင်ရှိမှသာလျှင် နည်းစနစ်အောင်မြင်သည် သင့်လျှော်သည်ဟု ဆုံးဖြတ်သင့်သည်။ တစ်ရာ,ရာခိုင်နှုန်းမှာ တစ်ဆယ်ရာခိုင်နှုန်းမျှပင် မရှိသော အောင်မြင်မှုမျိုးကို သင့်တော်သော ပညာသင်ကြားမှုစနစ်ဟု (လုံးဝ)မဆိုနိုင်ပါ။

1 comments:

June Moe said...

ပညာရေးစနစ်အကြောင်း မီးမောင်းထိုးပြထားတာ ကောင်းလိုက်တာ ဘုရား။

Post a Comment