အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Thursday, June 2, 2016

ရဟန်း၊ ပညာရေးနှင့် အတွေးအမြင် (အပိုင်း-၁)

ရဟန်း၊ ပညာရေးနှင့် အတွေးအမြင်
၁း နိဒါန်း
          ပညာရေးသည် လူ့အဖွဲ့အစည်းတစ်ခု၏ အရေးပါသော အစိတ်အပိုင်းတစ်ရပ် ဖြစ်သည်နှင့်အညီ တစ်ဦးတစ်ယောက်တည်း မဟုတ်ဘဲ အသိုင်းအ၀ိုင်းနှင့် လုပ်ရသော လုပ်ငန်း ဖြစ်သည်။ ရေရှည်လုပ်ငန်းစဉ်တစ်ရပ် ဖြစ်သကဲ့သို့ အချိန် ငွေကြေးမှစ၍ အရင်းအနှီးများစွာလည်း စိုက်ထုတ်ရသည်။ မိမိကောင်းကျိုးနှင့် ပတ်ဝန်းကျင်ကောင်းကျိုးကို ဖြစ်ပေါ်စေပြီး အပြန်အလှန် ထူထောင်ရသော အလုပ်လည်း ဖြစ်သည်။ “ပတ်ဝန်းကျင်”ဆိုသည်မှာ မိသားစုဝင်များ၊ သူငယ်ချင်များမှစပြီး ချဲ့နိုင်သရွေ့ပါ၏။ ထိုကြောင့် ပညာရေးကို “အလုပ်လိုသဘောထားဖို့” လိုသကဲ့သို့ “မှန်ကန်သောပညာရေး” ဖြစ်ဖို့လည်း လိုပါသည်။
၂း အခြေခံပညာရေး
          စနစ်တကျ သင်ကြားနေကြသော လူ့အသိုင်းအ၀ိုင်းကြားဝယ် လူအများစုသည် အခြေခံပညာရေးကို ပတ်ဝန်းကျင်အလိုက် ဖြတ်သန်းခဲ့ကြရသည်သာ။ ၄င်းတို့ထဲမှ အချို့သည် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းပညာရေးအထိ ပေါက်ရောက်ခဲ့ကြပါသည်။ ပုံသေဖြစ်သော လမ်းကြောင်းမှခွာ၍ တစ်သီးပုဂ္ဂလပိုင်လမ်းကြောင်းကို ဆက်လက်လျှောက်လှမ်းဖို့ လမ်းစုံသဘောဖြစ်ရကား အခြေခံပညာအထက်တန်းကို ပညာရေး၏ အလှည့်အပြောင်းတစ်ခု သို့မဟုတ် တစ်ဆစ်ချိုးအဆင့်ဟု ဆိုနိုင်ပါသည်။
          အခြေခံပညာရေး၏ သင်ကြားမှု သင်ယူမှုဆိုင်ရာများကို ယေဘုယျကောက်ချက်ချလျှင် ဆရာ့အပေါ် လုံးလုံးမှီခိုရပြီး ဆရာဆွဲခေါ်သည့်အတိုင်း လိုက်ပါရသည်က များ၏။ “သင်ကြားရေးစနစ်” ကွာခြားသည်မှလွဲပြီး “ဆရာဆွဲခေါ်”သည့် လမ်းကြောင်းအတိုင်းသာ လိုက်ပါရသည်။ ပညာရေးလူလားမမြောက်သေးသဖြင့် “တွဲခေါ်”အဆင့် “ကုန်းပိုး”အဆင့်ဟု နားလည်နိုင်ပါသည်။

၃း အဆင့်မြင့်ပညာရေး
          အဆင့်မြင့် ပညာရေးကို နိုင်ငံ၊ ဒေသနှင့် အခြေအနေပေါ်မူတည်ပြီး သတ်မှတ်ချက်အမျိုးမျိုး ရှိနိုင်သည်။ နိုင်ငံရပ်ခြားများ၌ A-Level[1] အဆင့်ပြီးမြောက်လျှင် အဆင့်မြင့် ပညာရေးနယ်ပယ်သို့ ၀င်ရောက်သည်ဟု ယေဘုယျသတ်မှတ်သည်။ မြန်မာနိုင်ငံ၏ ပညာရေးတွင် ၁၀-တန်းအောင်မြင်ပြီးနှင့် သာသနာရေးဖက်တွင် ပထမကြီးတန်း အောင်မြင်ပြီးသူများကို အခြေခံပညာရေး ပြီးမြောက်သည်ဟု နားလည်ကြပါသည်။ ထိုကြောင့် “အဆင့်မြင့်ပညာရေး”ကို “တက္ကသိုလ်အဆင့်ပညာရေး”ဟု ဆိုကြပါသည်။
၃း၁ လေးပွင့်ဆိုင် သို့မဟုတ် ကျောင်းသား၊ ဆရာ၊ သုတေသနနှင့် စာကြည့်တိုက်
          တက္ကသိုလ်အဆင့် ပညာရေး၏ လေ့လာမှုစနစ်မှာ ဆရာထက် ကျောင်းသား၏ အခန်းကဏ္ဍက ရှေ့တန်းပိုရောက်သည်။ ဤအဆင့်၌ ဆရာက “လမ်းပြစနစ်” သို့မဟုတ် “တွန်းပို့သည့်စနစ်”ဖြင့် သွားရပြီး၊ “ဆရာညွှန်ပြသည့်လမ်း”ကို ကျောင်းသားကိုယ်တိုင် လျှောက်နိုင်အောင် လုပ်ရသည်။ သို့မဟုတ် ကျောင်းသားက မိမိလျှောက်ချင်သည့်လမ်းကို ကိုယ်တိုင်လျှောက်နိုင်အောင် “ဆရာ့အကူအညီ ယူရုံမျှသာ” ဖြစ်သည်။
          အဆင့်မြင့်ပညာရေးတွင် ယေဘုယျအားဖြင့် “ဘွဲ့ကြို (Undergraduate)” နှင့် “ဘွဲ့လွန် (Postgraduate)” ဟူ၍ နှစ်ပိုင်းရှိပါသည်။ သို့ဖြစ်ရာ ဘွဲ့လွန်အဆင့်တွင် ကျောင်းသား၏ အခန်းကဏ္ဍ သို့မဟုတ် ကိုယ်တိုင်းလျှောက်လှမ်းရသည့် အပိုင်းသည် ပိုပြီးပီပြင်သည်။ ယင်းအတွက် “သုတေသန”သည် အသက်ဖြစ်လာရသကဲ့သို့ ပညာရေး၏ လောကအပေါ် အကျိုးပြုသော ဗဟိုလ်ချက်လည်း ဖြစ်ပါသည်။
          အခြေခံပညာရေးတွင် ကျောင်းသားကို “ရင်ခွင်ပိုက်ခေါ်” “တွဲခေါ်” “ကုန်းပိုးခေါ်” ခေါ်ကြရသော်လည်း အဆင့်မြင့်ပညာရေးတွင် “တွန်းပို့ရုံ” “လမ်းကြောင်းပြရုံ”သာ ဖြစ်သည်။ သို့ဖြစ်၍ အခြေခံပညာရေးတွင် “ကျောင်းသားမလိုက်နိုင်လျှင်” ကျောင်းသားအခြေအနေပေါ် မူတည်ပြီး ပညာရေးကို လျှော့ချတန်လျှင် လျှော့ချရသည်။ အဆင့်မြင့် ပညာရေးတွင်မူ ကျောင်းသားမလိုက်နိုင်သော်လည်း လျှော့ချစရာ မလိုဘဲ၊ “မမီလျှင်” “မီအောင်ခုန်”ရ “မီအောင်ပြေးလိုက်”ရမည်သာ ဖြစ်သည်။ ကုန်းပိုးခေါ် တွဲခေါ်ရမည့် အဆင့်ကို ကျော်ခဲ့ပြီးဖြစ်၍ ကျောင်းသားကိုယ်တိုင် လျှောက်လှမ်းရမည့် အဆင့်ဖြစ်၍ မလျှောက်လှမ်းနိုင်သူက ကျန်ရစ်ခဲ့ရမည်သာ ဖြစ်သည်။
          အထက်ဖော်ပြချက်အရ တက္ကသိုလ်သင်ကြားမှုစနစ်တွင် အခြေခံတန်းများမှာကဲ့သို့ ပြဋ္ဌာန်းစာအစ-အဆုံး သွားစရာမလိုဘဲ အခန်းတစ်ခန်းဖြင့်ဖြစ်စေ စာတစ်ကြောင်းဖြင့်ဖြစ်စေ နောက်ဆုံးစာမေးပွဲကို ဖြေဆိုလို့ရနိုင်သည်။[2] ကျောင်းသားအနေဖြင့် “ဤသို့လုပ်ရပါလား”ဟု “အသိ-အမြင်(သစ်)”ရသွားဖို့သာ အဓိကဖြစ်သည်။ ထိုကြောင့် “သီလေ ပတိဋ္ဌာယ” စသော ဂါထာမျှဖြင့် ၀ိသုဒ္ဓိမဂ်တစ်စောင်လုံးပြီးနိုင်သလို “မနောပုဗ္ဗင်္ဂမာ ဓမ္မာ”မျှဖြင့်လည်း ဓမ္မပဒကျမ်းကို ပြီးနိုင်ပါသည်။ တစ်စက်တို့ကြည့်ရုံမျှဖြင့် သမုဒ္ဒရာထဲရှိရေအားလုံး ငန်ကြောင်း သိဖို့တော့ လိုပါမည်။ ထိုကြောင့် တက္ကသိုလ်အဆင့်၌ စာအုပ်ထဲပါသည့်အတိုင်း ဖတ်ပြသော “ပါတာဖတ်”မဟုတ်ဘဲ ဆရာက “သင်ကြားနည်း”ရှိ၍ ကျောင်းသားက “လေ့လာနည်း”ရ,ရမည်ဟု ဆိုလိုခြင်း ဖြစ်သည်။[3]
          “သီလေ ပတိဋ္ဌာယ”အမြွက်မျှဖြင့် ၀ိသုဒ္ဓိမဂ်ကြီးကို လုံလောက်အောင် သင်နိုင်ရမည်မှာ ဆရာ၏အပိုင်း ဖြစ်သည်။ ကျောင်းသားအတွက်လည်း ဆရာသင်ကြားရုံမျှဖြင့် လုံလောက်ပြီး၊ အသေးစိပ်သိလို ထဲထဲဝင်ဝင်နားလည်လိုပါက ကိုယ်တိုင် ဆက်လက်လေ့လာရမည် ဖြစ်သည်။ ထိုအတွက် စာဖတ်ဖို့ လိုသည်။ စာများများဖတ်ဖို့ လိုသည်။ စာကို စနစ်တကျဖတ်ဖို့ လိုသည်။[4] အချိုရှိလျှင် ပုရွက်ဆိတ်လာအုံသကဲ့သို့ စာဖတ်ချင်စိတ်ရှိလျှင် ကျောင်းသားက စာလာဖတ်မည် ဖြစ်သည်။ စာဖတ်ချင်လာအောင် သို့မဟုတ် ရှေ့သို့တိုးပြီး သိချင်လာအောင် လုပ်ပေးရမည်မှာ ဆရာ့အပိုင်းဖြစ်ပြီး စာဖတ်ရမည် ရှေ့ဆက်တိုးရမည်မှာ ကျောင်းသားအပိုင်း ဖြစ်သည်။ သို့ဖြစ်ရာ တက္ကသိုလ်အဆင့်၌ “သုတေသန”နှင့် “စာကြည့်တိုက်”သည် ကျောင်းသားဗဟိုလ်ပြုရသော ၀န်းကျင်တစ်ခု ဖြစ်လာသည်။
          အခြေခံပညာရေးစနစ်တွင် “ကျောင်းမှန်မှန်တက် စာမခက်”နည်းဖြင့် သွားသော်လည်း အဆင့်မြင့်ပညာရေးပိုင်း ရောက်သွားသောအခါ “သုတေသနလုပ်ငန်း”က “အသက်”ဖြစ်လာသည်။ သုတေသနကျောင်းသားအနေဖြင့် မိမိနယ်ပယ်ဆိုင်ရာမှ အရေးပါသော စာအုပ်စာတမ်းများ မိမိမတတ်ကျွမ်းသေးသော “ဘာသာစကား”ဖြင့် ရှိနေလျှင် ယင်းဘာသာစကားကို သင်ယူဖို့ရာအတွက် အချိန်ခြောက်လ ခွင့်ပေးပါသည်။ မတတ်မြောက်၍ ချန်ခဲ့ရမည်မဟုတ်ဘဲ၊ မတတ်လျှင် တတ်အောင်သင်ဆိုသည်မှာ “မီအောင်ခုန်”ရမည့် သဘောတရား ဖြစ်သည်။
ဆက်ပါဦးမည် ….. ။
မေတ္တာဖြင့်-
          အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
          Friday, May 20, 2016


[1] A-Level ဆိုသည်မှာ Advanced Level-၏ အတိုကောက်အခေါ်ဝေါ် ဖြစ်သည်။ အခြေခံပညာ အထက်တန်းအဆင့် ဖြစ်ပြီး၊ အချို့တက္ကသိုလ်များက တက္ကသိုလ်ဝင် စာမေးပွဲအဖြစ် သတ်မှတ်ထားသော ပညာရည်သတ်မှတ်ချက် ဖြစ်သည်။
[2] တက္ကသိုလ်တစ်ခု၌ ကြုံရဖူးသည်မှာ နောက်ဆုံးအတန်းတင် စာမေးပွဲကို ဖြေဆိုမည်လုပ်သောအခါ ပြဋ္ဌာန်းကျမ်းစာ တစ်ခုမှာ သတ်မှတ်ချက်ကုန်အောင် မသင်ရသေးဘဲ ဖြစ်နေသည်။ ဘာသာရပ်ဆရာက သင်ပြီးသမျှထဲကနေ မေးခွန်းအားလုံးထုတ်ပြီး မော်ကွန်းထိန်းကိုပေးသည်။ မော်ကွန်းထိန်းက ပြဋ္ဌာန်းစာကုန် မေးခွန်းစုံမဟုတ်၍ လက်မခံ။ ဘာသာရပ်ဆရာက ပြဋ္ဌာန်းစာကုန်အောင်သင်ဖို့ မလိုကြောင်း၊ ကျောင်းသားနားလည်ဖို့သာ အဓိကဖြစ်ကြောင်း ချေပပြီးနောက် အဆိုပါပြဿနာ ပြီးသွားသည်။
            မြန်မာနိုင်ငံ၌ ဓမ္မာစရိယစာမေးပွဲကို စ,တင်ဖြေဆိုရန် ပြင်ဆင်ချိန်က ပရိယတ္တိပညာရှင် ဆရာတော်ကြီးတစ်ပါးမှ “စာသင်သားအနေဖြင့် နည်းစနစ်များကို ကျွမ်းကျင်ဖို့သာ အဓိကဖြစ်၍ ဓမ္မာစရိယစာမေးပွဲကို စာအုပ်ကြည့်ဖြေရန်” တင်ပြခဲ့ဖူးသည်။ ဆရာတော့်အလိုအရ “စာကို အာဂုံရဖို့က အဓိကမဟုတ်၊ နည်းစနစ်ရဖို့က အဓိက”ဆိုသည်ကို တွေ့ရပါမည်။ သို့ရာတွင် အဆိုပါတင်ပြချက်မှာ လုံးလုံးမအောင်မြင်ခဲ့ပါ။ ထိုကြောင့် ပရိယတ္တိစာမေးပွဲ အများစုမှာ “ဘွဲ့”ကို “ပန်းတိုင်”အဖြစ်ထားသောကြောင့် ဘွဲ့ရပြီးသောအခါ အများစုမှာ လမ်းပျောက်ကုန်ကြရသည်။ ရှေ့ဆောင်းများတွင် ဆွေးနွေးခဲ့ဖူးသကဲ့သို့ “ဘွဲ့”ကို “လမ်းကြောင်း”အဖြစ် သဘောထားနိုင်မှသာ ပိဋကတ်ပင်လယ်ခရီးကို ဆက်လက်ကူးခပ်ချင်စိတ်ရှိပြီး ဆန္ဒအလျောက်လည်း လုပ်နိုင်လိမ့်မည် ဖြစ်သည်။
ဖြစ်ပေါ်လာသမျှ ကိစ္စရပ်တိုင်းကို အဓိကချည်းဟု မယူဆနိုင်ပါ။ တစ်ခုချင်းဖြစ်ပေါ်လာသည့် သဘာဝရှိစေကာမူ လုပ်ဆောင်ကြရာ၌ တစ်ပြိုင်နက်တည်း ဖြစ်လာလေ့ရှိ၍ “အဓိက”နှင့် “သာမည”ကွဲရမည်။ သို့မှသာ “အရေးမကြီးသည်များ”ကို “အရေးတကြီးမလုပ်မိကြမည်” ဖြစ်သည်။ ယင်းသို့ဖြစ်လာရန် စုပေါင်းလုပ်ဆောင် (Tearm Work)သော သဘောတရားကို နားလည်ဖို့လိုအပ်ပြီး၊ နယ်ပယ်အသီးသီးမှ ကျွမ်းကျင်ပညာရှင် အသီးသီးတို့၏ တင်ပြချက်များကို ထည့်သွင်းစဉ်းစားကာ အကျိုးရှိစွာ အသုံးချနိုင်မည် ဖြစ်သည်။
[3] တက္ကသိုလ်အနေဖြင့် “လေ့လာနည်းစနစ် (Study Method)”ကို ပေးနိုင်ဖို့အဓိကဖြစ်သည် ဆိုသည့်အချက်ကို တွေ့ရပါမည်။
[4] ပြဋ္ဌာန်းစာအုပ် လေးငါးခြောက်အုပ်ကို အလွတ်ကျက်ပြီး ကျောင်းပြီးလာသူနှင့် ဘာသာရပ်တစ်ခုအတွက် ရှုထောင့်ပေါင်းစုံမှ ရေးသားထားသော စာအုပ်များစွာကိုဖတ်ပြီး ကျောင်းပြီးလာသူခြင်း ကွာခြားချက်ကို မြင်အောင်ပြရလျှင် “စက်ရုပ်နှင့်လူသား”ကွာသကဲ့သို့သာ ဖြစ်ပါသည်။ မည်မျှပင် အစွမ်းရှိသည်ဆိုစေဦးတော့ စက်ရုပ်သည် ပရိုဂရမ်သွင်းထားသည်ထက် မပိုနိုင်။ ကိုယ်ပိုင်ဟန် ရှိခြင်းသည်ပင် ပုံတူကူးချသူထက် အဆများစွာ သာသည်ဆိုသည်ကို ပြသရာရောက်ပါသည်။

0 comments:

Post a Comment