အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Tuesday, June 28, 2016

နှစ်ခုပေါင်းလို့ တစ်မျိုးတည်းထွက်ရမယ့်အဖြေ

အတတ်ပညာနဲ့ သညာကို တွဲရင်
အသိဉာဏ်(ပညာ)ကို အကျင့်လို့ ပြောရမယ်ထင်တယ်။
တတ်ပြီးတော့ မလုပ်ရင် အဆင်မပြေနိုင်သလို
မတတ်ဘဲနဲ့ လုပ်ရင်လည်း အဆင်ပြေပြန်ဘူး။
ဒီတော့-
ဘယ်ဟာ အရေးကြီးတယ်ဆိုတဲ့ နှစ်ခုထဲကတစ်ခု သို့မဟုတ် အများထဲကတစ်ခု ရွေးချယ်မှုသီအိုရီထက်
နှစ်ခုလုံး အရေးပါတယ်ဆိုတဲ့ ကောက်ချက်ကို ယူရမယ်။
ဥပမာ-
မျက်စိ နှစ်လုံးရှိတယ်ဆိုပြီး တစ်လုံးဖောက်ထုတ်ပစ်ဖို့ အဆင်မပြေသလို
အလားတူပဲ ခြေနှစ်ဖက် လက်နှစ်တွေရှိတယ်ဆိုပြီး တစ်ဖက်ကို ဖြုတ်ထားလို့ အကျိုးမများဘူး။
ဒါ့ကြောင့်-
ဂဏန်းတစ်နဲ့ တစ်ချင်းပေါင်းရင် ရတဲ့ နှစ်ဆိုတဲ့ အဖြေထက်
ရေတစ်စက်နဲ့ နောက်ရေတစ်စက်ကိုပေါင်းရင် တစ်(စက်)ပဲဖြစ်တယ်ဆိုတဲ့ အဖြေကို ယူရမယ်။
အသိ-အကျင့် သဟဇာတဖြစ်ကြပါစေဟုသာ ….. ။
မေတ္တာဖြင့်-
                   အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
                   Wednesday, June 29, 2016

Monday, June 20, 2016

ရဟန်း၊ ပညာရေးနှင့် အတွေးအမြင် (စ/ဆုံး)

Monastic Organization, Education and View Point by Uttamananda Nanda

Friday, June 17, 2016

ရဟန်း၊ ပညာရေးနှင့် အတွေးအမြင်(အပိုင်း-၆၊ နိဂုံး)

၈း နိဂုံး
သုတေသနပြုလုပ်မည့် ကျောင်းသားများသည် “စာများများဖတ်ဖို့လို”ပါသည်။ ဆက်စပ်ပတ်သက်ရာ လိုက်လံဖတ်ရှုရာ၌လည်း “ဆန်စင်ရာ ကျည်ပွေ့လိုက် မဖြစ်အောင်” သတိပြုရပါမည်။ သုတေသနပြုရေးသားရာ၌ ပိုပြီးအရေးကြီးသည့်အပိုင်းလည်း ဖြစ်သည်။ ဖတ်မှတ်ထားသည်များ၌ “ဘာကြောင့်” “ဘယ်လို” စသည်ဖြင့် ပြဿနာ မထွက်လာသေးသမျှ “သုတေသနလုပ်လို့ရမည် မဟုတ်”ပါ။
သုတေသနဆိုသည်မှာ ပြဿနာရှိမှ လုပ်ရခြင်း ဖြစ်သည်။ အလုပ်မရှိ “ကြောင်မရေချိုး၊” “ဘုန်းကြီးအား ဘုရားရွှေ့” လုပ်လို့ရသည့် ကိစ္စမျိုးမဟုတ်ပါ။ ထိုကြောင့် “ပြဿနာ”ဆိုသည်ကို “လိုအပ်သောအရာ” “ဖြေရှင်းရန် အကြောင်းဆိုက်လာသော ကိစ္စ”ဟု နားလည်ထားရပါမည်။[1] “ဧ၀ံ မေ သုတံ-ကို ဤသို့ ကြားနာခဲ့ရပါ၏”ဟု နားလည်နေသမျှ ဘာပြဿနာမျှ ရှိမည်မဟုတ်ပေ။ သို့အတွက် သုတေသနလည်း လုပ်လို့ရဦးမည် မဟုတ်သေး။ “ဘုရားဂုဏ်တော် ဆယ်ပါးရှိပါလျှက်နဲ့ ဘာဖြစ်လို့ ကိုးပါးပဲ သုံးနေကြသလဲ”ဟု မေးခွန်းထွက်လာလျှင် သုတေသနလုပ်ဖို့ ပြဿနာရှိလာပြီ ဖြစ်သည်။
သုတေသနဆိုတိုင်း အသစ်ဖြစ်ရမည်ဟု မမှတ်အပ်ချေ။ နယ်ပယ်ကိုလိုက်ပြီး သုတေသနအမျိုးအစားလည်း ကွဲပြားနိုင်သောကြောင့် ဖြစ်သည်။ ရှိပြီးသားအပေါ် နားလည်မှုအသစ် ရရှိလာခြင်းသည်လည်း သုတေသနမြောက်သည်သာ ဖြစ်သည်။ ဥပမာအားဖြင့် မဟာစည် ဆရာတော်ကြီး၏ “ဖောင်း-ပိန်” တရားရှုမှတ်နည်း၊ မိုးကုတ်ဆရာတော်ကြီး၏ “ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းနည်း” စသည်တို့ကဲ့သို့ ဖြစ်ပါသည်။ ဘုရားဟော တရားအပေါ်၌ ဘုရားအလိုတော်နှင့် မဆန့်ကျင်ခြင်းဘဲ နားလည်မှု မတူညီခြင်းမျိုး ဖြစ်သည်။ နည်းသစ်ဖြင့် နားလည်ခြင်းတစ်မျိုးဟု ဆိုက ဆိုနိုင်ပါသည်။

Wednesday, June 15, 2016

ရဟန်း၊ ပညာရေးနှင့် အတွေးအမြင် (အပိုင်း-၅)

၇း မလုပ်နိုင်တာလား မလုပ်ချင်တာလား
အများစုမှာ သူများကိုမေးဖို့ မေးခွန်းများအသင့်ရှိသော်လည်း မိမိကိုယ်ကို ပြန်မေးရန်မူ ပျက်ကွက်နေကြသည်။ အလုပ်တစ်ခု လုပ်ရာ၌ “မလုပ်နိုင်တာနှင့် မလုပ်ချင်တာ”ကို ကွဲပြားရမည်။ ထိုအတူ “လုပ်ချင်တာနှင့် လုပ်နိုင်တာ”ကိုလည်း ကွဲပြားရမည်။ ထိုအထဲမှ လုပ်သင့်တာကို ရွေးချယ်ပြီး လုပ်နိုင်အောင် လုပ်ရခြင်းဖြစ်ရာ မိမိရွေးချယ်သော လုပ်ငန်းအတွက် လိုအပ်သောအခြေခံ အဆောက်အဦများ ပြည့်စုံနေရမည် ဖြစ်သည်။
ရှေ့စာတမ်းများ၌ ဆွေးနွေးခဲ့သကဲ့သို့ “အခြေခံပညာရေးသည် လူအတိုင်းအတွက် ဖြစ်သော်လည်း တက္ကသိုလ်ပညာရေး အထူးသဖြင့် ဘွဲ့လွန်ပညာရေးသည် လူတိုင်းအတွက် မဟုတ်ပါ။” ထိုကြောင့် ဘွဲ့လွန်ပညာရေးသည် တစ်ဝမ်းတစ်ခါးအတွက် မဟုတ်ဘဲ လောကအကျိုးများဖို့ ရိုးသားစွာကြိုးစားကြဖို့ ဖြစ်ပါသည်။ မည်သည့်အကျိုးရလဒ် ထွက်သည်ဖြစ်စေ ရိုးသားစွာကြိုးစားခဲ့သမျှ အဖိုးအနဂ္ဃဖြစ်ရပြီး၊ မည်သည့်အောင်မြင်မှုပင် ရစေကာမူ မရိုးသားခဲ့သမျှ ဆိုးကျိုးများသာ ဖြစ်ရသည်။ ဤအဆင့်၌ “ဘွဲ့နှင့်ပညာကွဲဖို့လိုရင်း” ဖြစ်ပါသည်။ ဘ၀တစ်ခုလုံး မြှုပ်နှံလုပ်ရမည့် အလုပ်ကို “လမ်းသွားဟန်လွှဲ” မလုပ်မိကြဖို့ မလုပ်ကြဖို့ လိုသည်။ ထိုကြောင့် “လူအတိုင်းအတွက်မဟုတ်”ဟု ဆိုခြင်း ဖြစ်သည်။
မလုပ်သင့်တာကို မလုပ်ခြင်း၊ လုပ်သင့်တာကို လုပ်ခြင်းသည် အသိနှင့်ပညာတို့၏ ဆုံစည်းရာဖြစ်ပြီး စောင့်စည်းမှုလမ်းကြောင်းပေါ်မှ လျှောက်ရသောအရာ ဖြစ်သည်။ စောင့်စည်းမှုကို မည်သည့်နာမည်နှင့်ခေါ်ခေါ် လောက၏ အသက်ဖြစ်သည်ကို ကွယ်ဝှက်လို့မရ။ ထိုကြောင့် “စောင့်စည်းမှုမပါဘဲ” ရလာခဲ့သမျှတိုင်းသည် ဘေးထွက်ဆိုးကျိုးများသာ ဖြစ်ပေါ်ရသည်။
၇း၁ အောက်ခြေလင်းလျှင် အပေါ်စီးရှင်းသည်
တက္ကသိုလ်ပညာရေးကို အခြေခံပညာရေးပမာ စဉ်းစား-လုပ်ကိုင်နေသမျှ လွဲနေသည့်အဖြေများသာ ကြုံရပါမည်။ လမ်းလျှောက်နိုင်သည့်အရွယ်မှာ ကုန်းပိုးနေရသည်နှင့် တူပါသည်။ ပတ်ဝန်းကျင်ကို ကန့်လန့်တိုက်သော မြင်ကွင်းဖြစ်ပြီး ကုန်းပိုးသူ၏ စောင့်ရှောက်မှုက အရာမထင်သလို၊ ကျောပေါ်ကလိုက်သူ၏ ကိုယ်စွမ်းကိုယ်စ တုံးသည့်အဖြစ်ကိုလည်း မြင်ရပါသည်။[1]

Tuesday, June 14, 2016

ရဟန်း၊ ပညာရေးနှင့် အတွေးအမြင် (အပိုင်း-၄)

၆း၃း၎ သူ့ပြဿနာလား ကိုယ့်ပြဿနာလား
ပြဿနာတစ်ရပ် ဖြစ်လာသောအခါ သူ့ပြဿနာလား၊ ကိုယ့်ပြဿနာလား အရင်ဆုံး ရှင်းလင်းစွာ သိဖို့လိုသည်။ နှစ်ပေါင်းရာနှင့်ချီပြီး သက်တမ်းရှိနေသော တက္ကသိုလ်ကြီးများအနေဖြင့် မည်သည့်ကိစ္စကိုမျှ လက်လွတ်စပယ် လုပ်မည်မဟုတ်ပေ။ ထိုအတူ ကျောင်းသားများကလည်း ပရမ်းပတာ မလုပ်ဖို့လိုသည်။
အထက်ပါ ဖြစ်စဉ်များကို ကြည့်ခြင်းအားဖြင့် ကျောင်းအပ်အလွဲပြဿနာမှာ ယခုမှကြုံရခြင်း မဟုတ်ပါ။ ပြဿနာ၏ ဇစ်မြစ်ကို ကြည့်သောအခါ၌လည်း တက္ကသိုလ်ဘက်မှ ပြဿနာကို မီးထွန်းရှာခြင်းမဟုတ်ဘဲ ကျောင်းသားကိုယ်တိုင်က အရည်အချင်း မပြည့်မီသော ပြဿနာသာ ဖြစ်သည်။ အရည်အချင်း မပြည့်မီဆိုရာ၌ ဘာသာစကားပိုင်းကိုသာ အဓိကဆိုလိုခြင်း ဖြစ်သည်။ ဓမ္မာစရိယဘွဲ့ရသော ကျောင်းသားအနေဖြင့် ဗုဒ္ဓစာပေဆိုင်ရာဘာသာရပ်၌ ဘာမှပြောစရာ မရှိလှပေ။ ရှိခဲ့လျှင်ပင် ဘာသာစကား ကျွမ်းကျင်မှုနှင့် အမှန်တကယ်ရှိသင့်သော အရည်အသွေးကို အစမ်းသပ်ခံနိုင်လျှင် ကျော်လွှားနိုင်မည်သာ ဖြစ်သည်။ ကြားခံအဖြစ် သင်ယူရမည့် “ဘာသာစကား မကျွမ်းကျင်မှုကိုမူ လုံးလုံးလက်ခံလို့မရသည့် အနေအထား” ဖြစ်သည်။ ကြားခံဘာသာစကား (Medium Language) ကို နားမလည်မှဖြင့် ဘာကိုပဲသင်သင် နားလည်မည်မဟုတ်။
မတောက်တခေါက် တတ်သိပြီး၊ တစ်ဝက်တစ်ပျက် နားလည်ခြင်းဖြင့် ထင်ရာမြင်ရာ ကောက်ချက်များကိုယူကာ အဆိုးများကိုသာ ဖြစ်ပေါ်စေလိမ့်မည် ဖြစ်သည်။ ထိုကြောင့် ကိုယ့်ပြဿနာကိုယ် ရှင်းကြရန်သာ ဖြစ်သည်။ ဆိုလိုသည်မှာ ကိုယ့်လိုအပ်ချက်ကို သူများအပေါ်ပုံမချဘဲ ကိုယ်တိုင်ဖြည့်မှ နည်းလမ်းကြပါမည်။

Monday, June 13, 2016

ရဟန်း၊ ပညာရေးနှင့် အတွေးအမြင် (အပိုင်း-၃)

၆း၃ ကွာဟချက်အထွေထွေဖြင့် ပေါင်းစည်းမှုတွေဆီသို့
နိုင်ငံရပ်ခြား အထူးသဖြင့် အိန္ဒိယ၊ သီရိလင်္ကာ၊ ထိုင်းနိုင်ငံ စသည်တို့က ကျောင်းသားအသီးသီးတို့ ရရှိထားသည့် နယ်ပယ်အသီးသီးက ဘွဲ့ (First Degree) ကို အသိအမှတ်ပြု လက်ခံသည်။ အဆိုပါဘွဲ့ဖြင့် “မေဂျာတူ ဘီအေ”ဘွဲ့ရလျှင် “ဆိုင်ရာနယ်ပယ်မှ မဟာဝိဇ္ဇာဘွဲ့”ကို တိုက်ရိုက်ယူနိုင်သည်။ “နယ်ပယ်မတူလျှင်” ပေါင်းကူးပေးသည့်အနေဖြင့် “ဘွဲ့လွန်ဒီပလိုမာ  (Postgraduate Diploma) တစ်နှစ်”တက်ပြီး သက်ဆိုင်ရာ မဟာတန်းကို ဆက်လက်တက်နိုင်သည်။
ဒီပလိုမာသည် ဘွဲ့ကြိုတန်းအတွက်ဖြစ်စေ ဘွဲ့လွန်တန်းအတွက်ဖြစ်စေ ရှိပြီးသားအရည်အချင်းကို အသိအမှတ်ပြုသည့်အနေဖြင့် ရှေ့ဆက်သွားရန် ပေါင်းကူးပေးသော တံတားတစ်စင်း သို့မဟုတ် မွမ်းမံအဆင့်ဖြစ်ကြောင်း နားလည်ဖို့လိုသည်။ ဓမ္မာစရိဘွဲ့ (စသည်)ရပြီးသားသူက ပထမကြီးတန်းအောင်နှင့်အတူ ဘွဲ့ကြိုဒီပလိုပမာ (Undergraduate Diploma) တန်းတက်၊ ထိုနောက် ဘီအေ အမ်အေတန်း စသဖြင့် အစဉ်အတိုင်း မည်သူမျှ တက်လိုပါမည်နည်း?။[1]
ဘာသာစကား (Language) မတတ်ရုံမျှနှင့် လေ့လာပြီး ကျွမ်းကျင်ပြီးသား ဘာသာရပ် (Subject) များကို ထပ်ပြန်တလဲ သင်နေရခြင်းကို ထောက်ဆလျှင် “ကျောင်းသားကသာ တက္ကသိုလ်ကို အသိအမှတ်ပြုပြီး တက္ကသိုလ်က အပြန်အလှန်အနေဖြင့် ကျောင်းသားအပေါ် အသိအမှတ်ပြုခြင်းကို ပျက်ကွက်နေသည်”ဟု ဆိုရပါမည်။[2] ရွေးချယ်မှုတစ်ခုအနေဖြင့် ရောက်လာသော ကျောင်းသားကို တက္ကသိုလ်က “တက္ကသိုလ်၏ အစိတ်အပိုင်းအနေဖြင့် သဘောမထားဘဲ ခဏတာ အရိပ်ခိုစရာအဖြစ်မျှသာ သဘောထားခြင်းသည် အလွဲကြီးလွဲခြင်း” ဖြစ်သည်။
ပူပေါင်းလုပ်ဆောင်ရမည့် ကျောင်းသားနှင့် တက္ကသိုလ်ကို ကိုယ်ပိုင်အဖြစ်သဘောထားပြီး ကျေးဇူးစား ကျေးဇူးခံအနေဖြင့် ဖော်ဆောင်ခြင်းမှာ “ပညာရေး”ဆိုသည့် ဝေါဟာနှင့် လုံးလုံးမသက်ဆိုင်ပါ။ ထိုကြောင့် “ပညာရေး”နှင့် “ဘာသာရေး” ကွဲပြားရမည်ဖြစ်ပြီး ဦးတည်ချက်များကိုလည်း တစ်ပေါင်းတည်း ရောချ၍မရသည်ကို အထူးသတိမူသင့်ပါသည်။ ဤအချက်ကို အောက်တွင် ဆက်လက်ပြီး တင်ပြပါမည်။

Saturday, June 11, 2016

ရဟန်း၊ ပညာရေးနှင့် အတွေးအမြင် (အပိုင်း-၂)

၎း ဤဆောင်းပါး၏ လာရာ လားရာ
          ယခုဆောင်းပါးသည် ရဟန်း၊သာမဏေများနှင့် ဆရာလေးများ၏ ပညာရေးနှင့်စပ်လျဉ်းပြီး ဇောင်းပေးတင်ပြရန် ဖြစ်သည်။ အမှန်ဟု လက်ဆုပ်လက်ကိုင် ငြင်းဆိုရန်မဟုတ်ဘဲ ရှုထောင့်တစ်ခုမှ အမြင်တစ်ခုကို တင်ပြရန် ကြိုးစားခြင်းမျှသာ ဖြစ်သည်။ အထူးသဖြင့် နိုင်ငံခြားရောက်နေသော ရဟန်းတော်များ (ဤနေရာမှစ၍ ရဟန်းတော်များဟုသာ ပေါင်းသုံးမည်) ရင်ဆိုင်ကြုံတွေ့ရလေ့ရှိသည့် ပညာရေးဆိုင်ရာ လမ်းကြောင်း အပြောင်းအလဲနှင့် သင်ကြားပုံစနစ် ကွာခြားပုံ စသည်တို့ကို တင်ပြလိုပါသည်။ ထိုပြင် ရဟန်းတော်များကိုယ်တိုင်နှင့် ၄င်းတို့ပညာရေးကို ထောက်ပံ့ကြသူများအနေဖြင့် “ပြည်တွင်းနှင့် နိုင်ငံခြားပညာရေးစနစ်” ကွာဟချက်နှင့် ပေါင်းစပ်ဖြစ်နေသော အခြေအနေအချို့ကို နားလည်နိုင်စေရန် ရည်ရွယ်ပါသည်။ သို့ဖြစ်၍ ရှေးဦးစွာ မြန်မာနိုင်ငံ ရဟန်းတော်များဆိုင်ရာ “ပရိယတ္တိ” ပညာရေးစနစ်ကို အနည်းငယ်မျှ မီးမောင်းထိုးပြလိုသည်။
၅း ပရိယတ္တိပညာရေး
          မြန်မာနိုင်ငံ အခြေခံ ပရိယတ္တိပညာရေးစနစ်မှာ “အာဂုံ”စနစ်ဖြစ်သည်။ ဓမ္မာစရိယတန်းနှင့် တက္ကသိုလ်တို့ကဲ့သို့ အဆင့်မြင့်ပညာရေးတွင်လည်း “နည်းစနစ်”ဟု ကြွေးကြော်ထားစေကာမူ ယေဘုယျမှာ “အာဂုံ”မှ မလွတ်နိုင်ကြသေးပေ။[1]
၅း၁ လိုအပ်ချက်များ
          ပညာရေးဆိုင်ရာ၌ တသမတ်တည်း မဟုတ်ဘဲ၊ အာဂုံဆောင်ရသကဲ့သို့ လွတ်ရမည့်အချိန်လည်း ရှိရမည်။[2] အဓိကအချက်မှာ ပြဋ္ဌာန်းကျမ်းစာ အားလုံးနီးပါးမှာ အာဂုံများ ဖြစ်နေခြင်း ဖြစ်သည်။ ထိုပြင် အာဂုံမှ မလွတ်နိုင်ခြင်း၏ အချက်အချို့ကို အောက်ပါအတိုင်း တွေ့ရပါမည်။
          (က) အခြေခံပညာရေး မပိုင်နိုင်ခဲ့ခြင်း။

Saturday, June 4, 2016

ဗုဒ္ဓဘာသာ (သို့မဟုတ်) သားရဲတို့ကြားက တောမဲ့သားကောင်

Buddhism the Prey of All Beasts

Thursday, June 2, 2016

ရဟန်း၊ ပညာရေးနှင့် အတွေးအမြင် (အပိုင်း-၁)

ရဟန်း၊ ပညာရေးနှင့် အတွေးအမြင်
၁း နိဒါန်း
          ပညာရေးသည် လူ့အဖွဲ့အစည်းတစ်ခု၏ အရေးပါသော အစိတ်အပိုင်းတစ်ရပ် ဖြစ်သည်နှင့်အညီ တစ်ဦးတစ်ယောက်တည်း မဟုတ်ဘဲ အသိုင်းအ၀ိုင်းနှင့် လုပ်ရသော လုပ်ငန်း ဖြစ်သည်။ ရေရှည်လုပ်ငန်းစဉ်တစ်ရပ် ဖြစ်သကဲ့သို့ အချိန် ငွေကြေးမှစ၍ အရင်းအနှီးများစွာလည်း စိုက်ထုတ်ရသည်။ မိမိကောင်းကျိုးနှင့် ပတ်ဝန်းကျင်ကောင်းကျိုးကို ဖြစ်ပေါ်စေပြီး အပြန်အလှန် ထူထောင်ရသော အလုပ်လည်း ဖြစ်သည်။ “ပတ်ဝန်းကျင်”ဆိုသည်မှာ မိသားစုဝင်များ၊ သူငယ်ချင်များမှစပြီး ချဲ့နိုင်သရွေ့ပါ၏။ ထိုကြောင့် ပညာရေးကို “အလုပ်လိုသဘောထားဖို့” လိုသကဲ့သို့ “မှန်ကန်သောပညာရေး” ဖြစ်ဖို့လည်း လိုပါသည်။
၂း အခြေခံပညာရေး
          စနစ်တကျ သင်ကြားနေကြသော လူ့အသိုင်းအ၀ိုင်းကြားဝယ် လူအများစုသည် အခြေခံပညာရေးကို ပတ်ဝန်းကျင်အလိုက် ဖြတ်သန်းခဲ့ကြရသည်သာ။ ၄င်းတို့ထဲမှ အချို့သည် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းပညာရေးအထိ ပေါက်ရောက်ခဲ့ကြပါသည်။ ပုံသေဖြစ်သော လမ်းကြောင်းမှခွာ၍ တစ်သီးပုဂ္ဂလပိုင်လမ်းကြောင်းကို ဆက်လက်လျှောက်လှမ်းဖို့ လမ်းစုံသဘောဖြစ်ရကား အခြေခံပညာအထက်တန်းကို ပညာရေး၏ အလှည့်အပြောင်းတစ်ခု သို့မဟုတ် တစ်ဆစ်ချိုးအဆင့်ဟု ဆိုနိုင်ပါသည်။
          အခြေခံပညာရေး၏ သင်ကြားမှု သင်ယူမှုဆိုင်ရာများကို ယေဘုယျကောက်ချက်ချလျှင် ဆရာ့အပေါ် လုံးလုံးမှီခိုရပြီး ဆရာဆွဲခေါ်သည့်အတိုင်း လိုက်ပါရသည်က များ၏။ “သင်ကြားရေးစနစ်” ကွာခြားသည်မှလွဲပြီး “ဆရာဆွဲခေါ်”သည့် လမ်းကြောင်းအတိုင်းသာ လိုက်ပါရသည်။ ပညာရေးလူလားမမြောက်သေးသဖြင့် “တွဲခေါ်”အဆင့် “ကုန်းပိုး”အဆင့်ဟု နားလည်နိုင်ပါသည်။