အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Friday, October 2, 2015

ခွေးဟောင်တိုင်း ထ,မကြည့်နဲ့ဆိုပေမယ့် ငယ်သံပါအောင် ဟောင်ပြန်တော့


တစ်ခါက လူတစ်ယောက်ဟာ ခရီးသွားရင်း လှေကြုံလိုက်လိုတာနဲ့ ကမ်းစပ်နားကနေ စောင့်နေပါသတဲ့။ အတော်ကြီးကြအောင် စောင့်နေရပြီးမှ လှေကြုံတစ်စင်းကို လိုက်ခွင့်ရပါတယ်။
လှေသမားနှစ်ဦးက သူတို့လှေနဲ့ လှေကြုံလိုက်ချင်ရင် ခရီးတစ်လျှောက်လုံး စကားတစ်ခွန်းမှ မပြောပါဘူးဆိုတဲ့ကတိကို ပေးရမယ်ဆိုတဲ့ အဖိုးအခနဲ့ပါ။ ခရီးပြန်စထွက်ပြီ ဆိုတာနဲ့ လှေသမားနှစ်ယောက်ဟာ စကားတွေ တဖောင်ဖောင်နဲ့ ပြောပါလေရော။ လှေကြုံလိုက်သူလည်း စကားဝင်ပြောချင်လှပေမယ့် သူ့ကတိစကားကြောင့် မပြောဘဲ အောင့်အည်းနေရပါတယ်။ စကားတစ်ခွန်းပြောမိတာနဲ့ ကမ်းကပ်ပြီး ချထားခံရမှာ မိုလို့ပါ။
အတော်လေးကြာတော့ လှေသမားတစ်ယောက်က “အသီးမှန်ရင် အမှည့်ဆို ချိုပါတယ်ကွ”လို့ ပြောလိုက်ပါတယ်။ သူ့အဖော်ကလည်း “ဟုတ်တာပေါ့” “ဟုတ်တာပေါ့”နဲ့ အတိုက်အဖောက် ကိုက်နေပါတယ်။ အဲဒီစကားကိုပဲ ခဏခဏ ပြောပါများတော့ လှေကြုံလိုက်သူက စကားတွေ ပြောချင်လွန်းလို့ ပါးစပ်ကို လက်ဝါးနဲ့ကာထားရတဲ့အထိလို့ ဆိုပါတယ်။
နောက်တော့ အကြံတစ်ခုရပြီး လှေသမားက “အသီးမှန်ရင် အမှည့်ဆို ချိုပါတယ်ကွ”လို့လည်း ပြောလိုက်ရော ဖင်ခုထိုင်ထားတဲ့ ငရုပ်သီးအိပ်ထဲက အနီရဲရဲတောက်နေတဲ့ ငရုပ်သီးတောင့်ကိုယူပြီး ထောင်ပြလိုက်ပါတော့တယ်။ လှေသမားနှစ်ယောက်လည်း တစ်ခါတည်း ပါးစပ်ပိတ်သွားပါလေရော-တဲ့။
မေတ္တာဖြင့်-
အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
၀၂/၁၀/၂၀၁၅
မှတ်ချက်။      ။ FB-က မိတ်ဆွေတစ်ဦးက “ငြုပ်ချိုသီးဖြစ်နေရင်ကော် ဘုရား”လို့ မှတ်ချက်ပေးပါတယ်။ အခါးဖြစ်ဖြစ် အချိုဖြစ်ဖြစ် လောကသဘာအရတော့ ငြုပ်သီးဆိုတာ အစပ်ကိုပဲ ကိုယ်စားပြုပါတယ်လို့ ပြောလိုက်ပါတယ်။ ကိုယ်ကပဲ လှေနံဓားထပ် မှတ်လေးသလားလို့တော့ သံသယမဖြစ်ပါဘူး။ ကိုယ်ပိုင်အလင်းဖြင့် ရပ်တည်ခွင့် ရှိပါစေသတည်း။  သို့ရာတွင် ကိုယ့်အမြင်ဖြင့် တစ်ဖက်သတ်အမှန်ဟု သက်ရောက်ခြင်း မရှိစေရ ..... ။

0 comments:

Post a Comment