အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Tuesday, September 1, 2015

ဘ၀တစ်ကွေ့ ပြန်တွေ့ရာဝယ်

ဘ၀တစ်ကွေ့ ပြန်တွေ့ရာဝယ်
 





          သူနှင့် လွန်ခဲ့သော ခုနစ်နှစ်ခန့်က အမှတ်မထင် ဆုံဖြစ်ခဲ့ပြီး၊ အမှတ်တရဓာတ်ပုံ ရိုက်ဖြစ်ခဲ့သေးတယ်။ မှတ်မှတ်ရရ ပြောရရင် ၂၀၀၉-ခုနှစ်က ပေါ့။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)မှာ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓတက္ကသိုလ်များ ညီလာခံကြီး (ATBU) ကို ဒုတိယအကြိမ်မြောက်အဖြစ် ကျင်းပခဲ့တဲ့အချိန် ဖြစ်ပါတယ်။
အဲဒီတုန်းက သူက “ကန္တာရမှာ ပွင့်တဲ့ပန်း”အဖြစ် ထင်ရှားသူတို့အကြား ပညာရှင်တွေကြားမှာ တမူထူးခြားနေပါတယ်။ ကိုယ်လည်း အဆိုပါ ခမ်းနားထည်ဝါတဲ့  ပွဲကြီးကို သူငယ်ချင်းများနဲ့အတူ တက်ခွင့်ရခဲ့ပါတယ်။ သီတဂူတက္ကသိုလ် ဒီပလိုမာတန်းက သာမန်ကျောင်းသားလေး အနေနဲ့ဆိုပါတော့။ ကူဖော်လောင်ဖတ် တောက်တိုမယ်ရ ၀ိုင်းကူဖို့အဖြစ် ရောက်ခဲ့ရခြင်းပါ။ မတောက်တခေါက် အင်္ဂလိပ်စာလေး စကားလေးနဲ့ ပညာရှင်တွေကြား ဟန်ရေးပြခွင့်ရခဲ့လို့ သန်းခေါင်းကျော် ညဥ့်နက်တဲ့အထိ အလုပ်တွေ ဇယ်စက်သလို လုပ်ခဲ့ရတာတောင် မောတယ်ပန်းတယ် မထင်ခဲ့ပါဘူး။
ဒီကနေ့ မနက်ပိုင်းမှာတော့ ကျမ်းတင်ပြီးကတည်းက မတွေ့ဖြစ်တော့တဲ့ စူပါဗိုက်ဇာတွေကို တွေ့အောင်အသွား သူနှင့်တိုက်တိုက်ဆိုင်ဆိုင် ဆုံဖြစ်ပြန်ရော။ ကိုယ့်ရဲ့ နံပါတ် (၁) စူပါဗိုက်ဇာရဲ့ ကျောင်းမှာ တွေ့ခြင်းဖြစ်ပြီး၊ ဆွမ်းအတူ စားဖြစ်ခဲ့ပါတယ်။ အမှန်တော့ ၂၀၀၉-ခုနှစ် နောက်ပိုင်းမှာ ဒါဟာ ပထမဆုံးအနေနဲ့ ပြန်ဆုံးခြင်းတော့ မဟုတ်ပါ။ လအတန်ကြာကပင် တက္ကသိုလ်ထဲက လိုင်းကားပေါ်မှာ ဆုံဖူးခဲ့ပါသေးတယ်။ အဲဒီတုန်းကလည်း တကယ့်ကို အမှတ်မထင်ရယ်ပါ။ ပေရာဒေနိယတက္ကသိုလ်-က အကျယ်ကြီးဆိုတော့ တက္ကသိုလ်ဂိတ်ပေါက်ကိုဖြစ်စေ၊ ဂိတ်ပေါက်ကနေပြီး ကိုယ်နဲ့သက်ဆိုင်ရာဌာနကိုဖြစ်စေ သွားလိုတဲ့အခါ ကျောင်းသားအများစုက  လိုင်းကားစီးလေ့ရှိပါတယ်။ ခရီးတိုစီးကြရင်း လိုင်းကားပေါ်မှာ သူနဲ့ သာကြောင်းမာကြောင်းလောက် ပြောဖြစ်ခဲ့တယ်။
          ဆွမ်းစားတော့ အရင်ရောက်နှင့်နေတဲ့ ကိုယ့်ဘယ်ဘက်ဘေးမှာ လာထိုင်သူကို ကြည့်လိုက်တော့ သူဖြစ်နေပါကော။ ထုံးစံအတိုင်း ပြုံးပြလိုက်တယ်။ နှုတ်သွက်လျှာသွက်ရှိတဲ့သူက ပြန်ပြုံးပြပြီး ဘယ်ကလဲလို့ မေးတယ်။ ကိုယ့်ညာဘက်မှာ ထိုင်နေတဲ့ ဘင်္ဂလားရဟန်းတော်က “မြန်မာ”လို့ မပြောဘဲ “မင်္ဂလာပါ”လို့ ပြောလိုက်တယ်။ သူ့ဉာဉ်အတိုင်း လှိုက်လှိုက်လှဲလှဲကြီးနဲ့ Really? လို့ မေးပြီး၊ “မင်္ဂလာပါ ….. မင်္ဂလာပါ၊ တင်ပ ….. တင်ပ ….” လို့ နှုတ်ဆက်ပါတော့တယ်။
          သီရိလင်္ကာယဉ်ကျေးမှုအတိုင်း ဆွမ်းမစားခင် ဆွမ်း-ဆွမ်းဟင်းတွေလာထည့်မယ့် အလှူရှင်များကိုစောင့်ရင်း စကားတွေ ဆက်ပြောဖြစ်တယ်။ သူက သူ့ကိုယ်သူ မိတ်ဆက်ပေးတယ်။ အလိုက်သင့် နားထောင်လိုက်ပြီး သူစကားပြတ်သွားတော့မှ အရင်က တွေ့ဖူးကြောင်း ပြောလိုက်တယ်။ သူက အံ့သြသွားပြီး ဟုတ်လား? ဘယ်တုန်းကလဲ? တဲ့။ ၂၀၀၉-ခုနှစ်က SIBA-တက္ကသိုလ်က ATBU-ညီလာခံမှာလေဆိုတော့ “အင်း …. ဟုတ်ပြီ၊ ဟုတ်ပြီ”ဆိုပြီး မှတ်ဉာဏ်ကောင်းတယ်နောလို့ အားပါးတရ ချီးကျူးပြန်ပါတယ်။ အဲဒီအချိန်ကျမှ ၀င်ထိုင်လာတဲ့ ကိုယ့်ကျမ်းကြီးကြပ်သူလည်းဖြစ် ဋ္ဌာနမှူးလည်းဖြစ်တဲ့ ကျောင်းထိုင်ဆရာတော်က မြန်မာပြည်ကို ရောက်ဖူးသလားလို့ သူ့ကို မေးတယ်။ သီတဂူမှာကျင်းပတဲ့ ညီလာခံမှာ Paper Presenter အနေနဲ့ တက်ရောက်ဖူးလို့ Yes လို့ ခေါင်းညိတ်ပြတယ်။ တဆက်တည်းမှာပဲ အဲဒီတုန်းက အရှင်ဘုရားကကော စာတမ်းရှင်လားတဲ့? ကိုယ်က မဟုတ်ကြောင်းကို No ချင်းထပ်အောင် ပြောလိုက်ပြီး “အဲဒီတုန်းက တပည့်တော်က ပီဘိဂျူနီယာကျောင်းသားလေးပါ”လို့လည်း ဆိုလိုက်ရောက် Really?
ဆိုပြီး လုပ်ပြန်ရော။ မယုံလို့ပြောတာတော့ မဟုတ်ပါဘူး။ သူ့ဗီဇအတိုင်း တစ်ဘက်သားကို စကားရှေ့ဆက်ပြောအောင် တွန်းအားပေးလိုက်တာပါ။
          ကိုယ့်စကားကြောင့် ဘေးကထိုင်နေတဲ့ ဘင်္ဂလားရဟန်းတော်က “ဒီအရှင်ဘုရားက အခု ဒေါက်တာကြီး ဖြစ်နေပြီ”လို့ ၀င်ထောက်ပါတယ်။ ဌာနမှူးကလည်း ဟုတ်တယ် ဟုတ်တယ်လို့ ထောက်ခံပေးပါတယ်။ သူပြောနေကျအတိုင်း Really? လို့ မျက်ခုံးနှစ်ဖက် မြင့်တက်သွားတဲ့အထိ အမူအရာပြပြီး “ဒါဆိုရင် အရှင်ဘုရားက တကယ့်ကို စီနီယာကျောင်းသားကြီး၊ စူပါစီနီယာ ကျောင်းသားကြီးပေါ့”လို့ ပြောပြီး Congratulation-လို့ အားပါးတရ ဂုဏ်ပြုပါတယ်။ နောက်မှ သတိရသွားဟန်နဲ့ သူက “မဟုတ်ဘူး …. မဟုတ်ဘူး …. အရှင်ဘုရားက ကျောင်းသား မဟုတ်တော့ဘူး၊ ဆရာကြီးဖြစ်နေပြီ”လို့ ရယ်ရယ်မောမောနဲ့ အရွှန်းဖောက်ပါတော့တယ်။
          သူနဲ့ ပတ်သက်လို့တော့ အမှတ်ရစရာကို ကြုံရပါတယ်။ အဲဒီတုန်းက သီတဂူဆရာတော်ကြီးရဲ့ အနီးကပ်စီမံမှုအောက်မှာ ကြိုဆိုရေး၊ နေရာချထားရေး၊ ဧည့်သည်တော်များနှင့် တွေ့ဆုံဖို့ အကြောင်းကြား စတာတွေကို ၀ိုင်းကူလုပ်ရပါတယ်။ ဆရာတော် ခိုင်းသမျှကို အနီးကပ်လုပ်ပေးနေရတဲ့အချိန်ပေါ့။ မိမိတို့ ဂျူနီယာကျောင်းသားများက ဆရာတော့်ဘေးမှာ အမြဲနေရပါတယ်။ တစ်မနက်မှာတော့ ဆရာတော်က Uganda-နဲ့တွေ့မယ် သွားခေါ်ချေဆိုတော့ မိမိတို့အထဲက ခပ်သွက်သွက်ရှိသူတစ်ပါးက ခပ်သုတ်သုတ် ထွက်သွားပြီး ခပ်မြန်မြန်ပဲ ပြန်ရောက်လာပါတယ်။ ရောက်ရောက်ချင်း “ဆရာတော် …. ဦးယုဂန္ဓ (Uganda) နဲ့ မတွေ့ခဲ့ဘူး ဘုရား”ဆိုပြီး လျှောက်ပါတယ်။ ဆရာတော်က နားမလည်ဟန်နဲ့ ပြန်မော့ကြည့်ပြီး ခဏနေမှ သတိရသွားဟန်ဖြင့် “တယ်ဒီကောင်းလေးတော့ ….. (ဆိုပြီး) ဦးယုဂန္ဓမဟုတ်ဘူးကွ၊ ယူဂန္ဓာနိုင်ငံက ဘုန်းကြီးကိုပြောတာ”ဟု ဆိုလိုက်တော့မှ မိမိတို့အားလုံး ဆရာတော့်ရှေ့မှာ တ၀ါးဝါးနဲ့ ပွဲကျသွားပါတယ်။ ဆရာတော်လည်း အလုပ်များနေသည့်ကြားက စိတ်ပေါ့ပါးသွားဟန်ဖြင့် လိုက်ရယ်ပြီး ထိုင်းဟော်တယ်တစ်ခုက ဟော်တယ်မယ်တစ်ယောက်က သူ့ဆီကို Message ကို Massage လို့ အကြားလွဲပြီး ပို့လိုက်တဲ့အကြောင်း ဆက်ပြောလို့ ရယ်ခဲ့ရပါသေးတယ်။
          နောက်တော့ ဆွမ်းစားရင်း စကားတွေ ဆက်ပြောဖြစ်ပြီး၊ သူက အခုမှ ပေရာဒေနိယတက္ကသိုလ်မှာ M.Phil ကို Course-work တက်နေပါတယ်တဲ့။ နှစ်တိုအတွင်း ဒီလောက်အပြောင်းအလဲ ဖြစ်အောင်လုပ်နိုင်တာကို တကယ်ပဲ အံ့သြကြောင်း၊ ဘယ်လို ကြိုးစားခဲ့ရလဲဆိုတာကိုပါ မေးပါတော့တယ်။ M.Phil လုပ်တုန်းက Course-work မယူဘဲ Research ကို တိုက်ရိုက်လုပ်ကြောင်းကစပြီး မိမိပညာရေး ခရီးစဉ်ကို အကျဉ်းချုပ် ပြောဖြစ်ပါတယ်။ ဒါလည်း မှတ်မှတ်ရရပါပဲ။ မကြာခဏဆိုသလို ဌာနမှူးကျောင်းမှာ ဆွမ်းစားဖြစ်ပေမယ့် ဆွမ်းစားတုန်း စကားတွေ မပြောဖြစ်ကြပါဘူး။ ဒီနေ့မှ နိုင်ငံခြား ကျောင်းသားရဟန်းတော်တွေ စကားပြောဖြစ်ကြသလို၊ ဌာနမှူးဆရာတော်ကိုယ်တိုင်လည်း မိမိပညာရေး လုပ်ခဲ့ပုံကို သူနဲ့စပ်ပြီး သိရသရွေ့ ပြန်လည် ဖောက်သည်ချပါတယ်။ သူကတော့ Really-ချင်းထပ်ပြီး အံ့သြဘနန်းဟန်နဲ့ နားထောင်ကာ သူသိချင်တာတွေကို ကြားဖြတ်မေးပါတယ်။
          ပညာရေးစကားပြတ်တော့မှ မိမိက ခပ်တိုးတိုးနဲ့ သူ့ရဲ့ Personal အကြောင်းကို နည်းနည်း ပြောဖြစ်ပါတယ်။ ဒီတက္ကသိုလ်မှာ တက်နေတာကို သူငယ်ချင်းတွေ တစ်ဆင့်ပြောပြလို့ သိကြောင်း၊ ပြီးတော့ မြန်မာပြည်က FB User-တွေက အရှင်ဘုရား ဓာတ်ပုံကိုတင်ပြီး ချီးကျူးဆောင်းပါးတွေ ရေးကြောင်း၊ တချို့ကလည်း ပုံပန်းသဏ္ဌာန်ကို ကြည့်ပြီး အာဖရိက ရဟန်းတော်လို့ သာမန်ပြောကြောင်း၊ မိမိက တိကျအောင် ဘယ်နိုင်ငံသားဖြစ်ကြောင်းကို ထပ်ဖြည့်ပေးဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ Really ကိုသုံးပြီး မြန်မာလို “ကျေးဇူးတင်ပါတယ်၊ တမ …. တမ….” လို့ ပြန်ပြောပါတယ်။
          အမှန်တော့ သူက ယူဂန္ဓာနိုင်ငံသား ရဟန်းတော်တစ်ပါး ဖြစ်ပါတယ်။ သူရဟန်းဝတ်ပြီးနောက် မိသားစုများကိုပါ ဗုဒ္ဓဘာသာအဖြစ် ကိုးကွယ်စေခဲ့သူပါ။ မြန်မာဟန် ဗုဒ္ဓဘာသာကို သဘောကျပြီး မြန်မာသင်္ကန်းတွေနဲ့ အမြဲလို တွေ့ရတတ်သလို၊ သူ့အမေနဲ့ ညီမ (အမ) တို့ကို သီလရှင် ၀တ်ပေးခဲ့သူလည်း ဖြစ်ပါတယ်။ အဲဒီလို ထူးခြားချက်တွေနဲ့ ဗုဒ္ဓဘာသာနဲ့ အလှမ်းဝေးတဲ့ နိုင်ငံကနေ ဗုဒ္ဓဘာသာဖြစ်လာရုံမက ရဟန်းပါဝတ်လာသူဟာ “ကန္တာရမှာ ပွင့်တဲ့ပန်း”အဖြစ်နဲ့ ခမ်းနားကြီးကျယ်တဲ့ သီတဂူတက္ကသိုလ် ညီလာခံကြီးမှာ ထင်ရှားသူတွေကြား ထင်ရှားခဲ့တာဟာ မဆန်းပါဘူး။
          ဆွမ်းစားလို့ ပြီးကာနီးမှာတော့ သူက “အရှင်ဘုရားက တော်တယ်၊ ငယ်လည်း ငယ်သေးတယ်၊ ဟားဗတ်တက္ကသိုလ်ပညာသင်ဆု လျှောက်ရင် ရနိုင်တယ် လျှောက်ပါလား”လို့ အကြံပေးတယ်။ ကိုယ်ကလည်း ကျေးဇူးပဲလို့ ပြောပြီး “တော်ပြီဘုရား၊ တစ်သက်လုံး ကျောင်းသားအဖြစ်နဲ့ စာသင်ခန်းထဲမှာ နေရတာကို ငြီးငွေ့လာပြီ၊ Self-studies လုပ်မယ်၊ ဆရာအဖြစ်နဲ့ စာသင်ခန်းထဲကို ပြန်ဝင်မယ်။ အခွင့်အခါသင့်ရင်တော့ အဲဒီလို ကမ္ဘာကျော် တက္ကသိုလ်ကြီးတွေမှာ တစ်နည်းနည်းနဲ့ သွားလေ့လာချင်ပါသေးတယ်၊ ကျောင်းသားအဖြစ်နဲ့တော့ မဟုတ်ဘူး”ပြန်ပြောလိုက်ပါတယ်။ ထူးဆန်းတယ် ဒါကြောင့် ဒီလိုဖြစ်တာလို့ သူက မှတ်ချက်ပေးပါတယ်။ အရှင်ဘုရားရဲ့ ဘ၀ဖြစ်စဉ်နဲ့ယှဉ်ရင် တပည့်တော့်အပြောင်းအလဲက သာမန်ပါ၊ အရှင်ဘုရားကမှ ကြီးကျယ်တဲ့ ပြောင်းလဲမှုပါလို့ ပြန်ပြောလိုက်တော့ သူက Really-ကို တဖွဖွသုံးပြီး ပြုံးပြုံးကြီးလုပ်ကာ ကျေကျေနပ်နပ်ကြီးနဲ့ ခေါင်းတဆတ်ဆတ်ညိတ်ပါတော့တယ်။
          သူ့ကိုကြည့်ရတာ သူရွေးချယ်ခဲ့တဲ့ဘ၀နဲ့ လျှောက်ဖို့ဆုံးဖြတ်ခဲ့တဲ့လမ်းကို ကျေနပ်နေပုံပါပဲ။ အဲဒါဟာ ငြိမ်းချမ်းတဲ့ဘ၀ပါ။ ကိုယ့်စိတ်ကြိုက် ရွေးချယ်ခွင့်ရခဲ့တဲ့ဘ၀နဲ့ ကိုယ်ကြိုက်လို့ လျှောက်ခဲ့ရတဲ့လမ်းဟာ ဘယ်လောက်များတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရစေဦးတော့ ကျေနပ်စရာအတိ မဟုတ်ပါလား ……… ။
စိတ်ကြိုက်ရွေးချယ်ခွင့် လျှောက်ခွင့်ရတဲ့ ဘ၀ခရီးကို ပိုင်ဆိုင်နိုင်ကြပါစေ …….. ။
မေတ္တာဖြင့်-
                   အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
                   Tuesday, September 01, 2015

0 comments:

Post a Comment