အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Monday, August 31, 2015

အတိုအထွာမှတ်စရာ (၂)

ဘယ်လောက်ပဲ ကောင်းတဲ့အတရာ တန်ဖိုးကြီးတဲ့အရာတွေ ဖြစ်တယ်ဆိုဦးတော့

တချို့အရာတွေက

ကိုယ်တွေအတွက် မရှိလေ ကောင်းလေပါပဲ။
မေတ္တာဖြင့်-

                   အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)

                   Saturday, 31 August 2015

(မိတ်ဆွေတစ်ဦးကို ပြောဖြစ်ခဲ့တဲ့ မှတ်ချက်စကားလေးတစ်ခွန်းပါ)။

Sunday, August 30, 2015

ခါးသက်သက် တရာမဖက်တဲ့ ရည်ရွယ်ချက်

လောကကျိုးလား
သံသရာကျိုးလား
နှစ်ခုလုံးပဲလားလို့ မကွဲပြားပေမယ့်
မရိုးသားသရွေ့
အကျိုးမများဘူးဆိုတာတော့ ပြောကြတယ်။
တကယ်က-
ကိုယ်ကျင့်ဖျက် ပညာပျက်သူတွက်
တစ်ထွာထက် ၀မ်းရေးပိုနက်လို့
သိုက်သမားနည်းနဲ့
မိုက်လုံးကြီးတာပါ။
                                         သူ (သရက်)
                                          Monday, August 31, 2015

Saturday, August 29, 2015

အလှည့်အပြောင်းမှာ ဟန်ချက်ကောင်းဖို့လို

နိုင်ငံခြားကို ပညာသင်ဖို့အတွက် တချို့က တပျော်တပါး လာကြရတာ ရှိသလို၊ အချို့လည်း စွန့်စွန့်စားစားနဲ့ လာခဲ့ကြရတာပါ။ ဘ၀ကံအကျိုးပေး မတူပုံများတော့ ပြောပါတယ်။ တစ်ပြည်တစ်ရွာမှာ အဖြေရှာကြတာဆိုတော့ ထုံးစံအတိုင်းပါပဲ အောင်မြင်တဲ့အခါ “စွန့်စား”တယ်ဖြစ်ပြီး၊ ကျရှုံးပြီလည်းဆိုရော “မိုက်ရူးရဲဆန်တယ်” ဖြစ်ပါလေရော …. ။
နိုင်ငံခြားမှာ သင်မှ ပညာတတ်သလားလို့  ခနဲ့တဲ့တဲ့ မေးတဲ့သူကို၊ ထမင်းချည်းတည်း စာလျှင် ၀ပါလျှက်နဲ့ ဘာဖြစ်လို့ ဟင်းတွေထည့်စားရသလဲလို့ ပြန်ပြောတော့ ရွဲ့တဲ့တဲ့-ဆိုပြီး ပြန်ပြောခံရတာကိုလည်း ကြားဖူးပါရဲ့။ အုတ်ခဲ့ချင်းတူပါလျှက် ဘုရားတည်တဲ့အုတ်နဲ့ အိမ်သာစီတဲ့အုတ် ဆိုတာမျိုး၊ မိန်းမချင်းတူပါလျှက်နဲ့ သမီးနဲ့ ဇနီးဆိုတာမျိုးပြောရင်တော့ နားဝင်မချိုတဲ့အမှန်တရားထက် နားခါးတာက ပိုမှာပေါ့။ နေရာပြောင်းလို့ “စံ”ပြောင်းပြီး နေရာကြောင့်ပဲ အလျော့-အတင်း ဖြစ်လာနိုင်တယ်ဆိုတဲ့ တန်းဖိုးတွေလောက်သိရင်ကို လုံလောက်ပါပြီ။ ရွှေပင်နားလို့ ရွှေကျေးအခေါ်ခံရတာ၊ ရွှေကျေးတကယ်မဖြစ်သွားတာမျိုးကို လူတိုင်းသိပြီးသားပဲ။ အငြင်းပွား အချင်းများလို့ အမုန်းထားတာပဲ အဖတ်တင်မှာပေါ့။ “သူတော်တစ်သင်း၊ အဖျင်းတစ်အုပ်”ဆိုတာမျိုးက ရှိနေသားမို့၊ များလို့ အမှန်တရား မဖြစ်ပါစေနဲ့လား။ “လူညီလို့ ဤ-ကို ကျွဲဖတ်”ရုံလောက်ဆို တော်သေးရဲ့။ “ဤ”ကမှ “ကျွဲ”အစစ် ဖြစ်ပါတယ်ဆိုရင်တော့ ကိုယ်ကျိုးနည်းကရော့ပဲ။
“ဘ၀”ဆိုတာက ကျယ်ကျယ် ကျဉ်းကျဉ်း အဖြေရှာရတာက ပြင်းတယ်မလား။ လေပေါ်မှာ အဖြေဖော်ရတာ ရှိသလို၊ ရေအောက် ဒိုင်ဗင်မှောက်ချရတာမျိုးလည်း မရှားပါဘူး။ ပြင်းတယ်ဆိုတာက သူများကိုနင်းမယ်လို့ မဟုတ်ပါဘူး။ မှန်မှန်ကန်ကန် ရုန်းကန်မယ်လို့ပဲ ဖြစ်သင့်ပါတယ်။
ပညာ-အသိဉာဏ်တွေ ရင့်သန်လာတဲ့အခါ “မတူညီတာက အလှ၊ တူညီတာက ဘ၀”ပါဆိုပြီး မြင်ကြတယ်လို့ ပြောကြတယ်။ ကိုယ့်ရှုထောင့်ကိုပဲ အမှန်လို့ယူရင်၊ လောကမှာ ညှိယူစရာ ရှိမယ်တောင်မထင်ဘူး။ ဖြတ်လမ်းနဲ့ ကျော်ကြားဖို့ နာမည်ရဖို့အတွက် သူများစောင်ရန်း (ခြံစည်းရိုး)ကို ၀ါးလုံးနဲ့ရိုက်သူပေါတဲ့ခေတ်မှာ လူဆိုတာကို တလူလူဖြစ်ဖို့လောက်တွေးပြီး “မစားရတဲ့အမဲ သဲနဲ့ပစ်”၊ “လွတ်တဲ့ငါး ကြီးတဲ့အဖြစ်”နဲ့ လုပ်ပြမနေချင်ပါနဲ့။ ကိုယ်တက်ရမယ့် လှေကားထစ်တွေဟာ သူများဘ၀တွေများဖြစ်ခဲ့ရင်လောက် တွေးတတ်ခဲ့ရင် မမြော်မမြင် လူရာဝင်ချင်တဲ့ စိတ်ဓာတ်တွေ၊ တစ်ပါးသူကို နင်းရမှ စားဝင်အိပ်ပျော် ထင်ပေါ်ချင်တဲ့ အပေါစား အညံ့စား စိတ်ဓာတ်တွေ နည်းသွားတန်ကောင်းရဲ့ ….. နော်။
အလှည့်အပြောင်းတွေပြောတော့ ဟန်ချက်ကောင်းဖို့ လိုတယ်လို့ မိတ်ဆွေ အပေါင်းအသင်းတွေက ပြောဖူးတာ သတိရမိတယ်။ လူတိုင်းအတွက်ပါ။ ဒီတစ်ချက်အတွက် ချွင်းချက်မပြုပါရစေနဲ့-တဲ့။ ဟုတ်မှာပေါ့။ လူတော်တွေ ချော်သွားတတ်ပြီး၊ ရံခါမှာ လူချော်တွေက တော်သွားကြပြန်ရောလေ။ ဒီတော့ ပုံသေကားချပ်မရှိတဲ့ လူ့စည်းထဲမှာ ဘ၀မဆုံးသေးသရွေ့ အဖြေတွေ ကပြောင်းကပြန် ဖြစ်သွားနိုင်တာပဲ။ သူတော်စင်ကြီးဆိုသူတွေက ပြင်လို့မရ နှိုက်လို့မရတဲ့အထိ မိုက်တွင်းနက်သွားကြပြီး၊ လူဆိုးကြီးတွေ တန်ဖိုးကြီးတွေ ဖြစ်ခဲ့တယ်လို့ သမိုင်းအဆက်ဆက်မှာ ပြောဖြစ်ခဲ့တာကို သတိရမိတယ်။ “ခွေးမီးကောက် ကျည်တောက်စွပ်” ဆိုတာ ရှိသလို၊ “လက်နက်မိုးလို့ သီလမကျိုးခဲ့”သူတွေလည်း ရှိခဲ့တာပဲ မလား။
(……………………)
ဒါ့ကြောင့်ပဲ ပြောပါတယ်။ အလှည့်အပြောင်းမှာ ဟန်ချက်ကောင်းရပါမယ်လို့ …. လေ။
ယောနိသော မနသိကာရဖြင့် ဆင်ခြင်-သုံးသပ် ဆုံးဖြတ်နိုင်ကြပါစေ ….. ။
မေတ္တာဖြင့်-
                   အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
                   Saturday, August 29, 2015

Friday, August 28, 2015

အတိုအထွာမှတ်စရာ (၁)

ဘ၀ဆိုတာ
အကောင်းဆုံးဆိုတာတွေကို
အတတ်နိုင်ဆုံးအရာတွေနဲ့
ဉာဏ်မီသရွေ့နဲ့ တည်ဆောက်ကြရတာပါ။
ကြိုးစားမှုနဲ့
ဖြည့်ဆည်းနိုင်မှု (ကံ)တို့အပေါ်မူတည်ပြီး
ရသင့်သလောက်တော့ ရပါတယ်။
မေတ္တာဖြင့်-
                                                                     အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
                                                                      Saturday, August 29, 2015