အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Thursday, March 12, 2015

လူမိုက်လုပ်ဖို့ လွယ်တယ်-တဲ့

လူမိုက်လုပ်ဖို့ လွယ်တယ်-တဲ့
          ရွှေပြည်ကြီးက တောနေလူတန်းစား အများစုဟာ အတန်းပညာ ကျောင်းပညာ ကောင်းကောင်း မတတ်ကြဘူးဆိုတာကို အများသိမို့ အထူးတလည် စာဖွဲ့စရာတော့ မလိုပါ။ သို့သော်လည်း ဒါဟာ “အသိဥာဏ်မရှိဘူး”လို့ ဆိုလိုရာ မရောက်ပါဘူး။ သူတို့တွေမှာ ဘ၀ပေးအသိဥာဏ်တွေ ရှိကြပါတယ်။ ထမင်းဝမ်းကျောင်း တောင်သူယာလုပ် ဓားမခုတ် စတဲ့ အတတ်ပညာတွေကိုတော့ ငယ်စဉ်ကတည်းက တတ်မြောက်လာကြပါတယ်။
          မိဘတိုင်းက ကိုယ့်သားသမီးတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ကိုယ် လိမ်မာစေချင်ကြတာပဲ။ လိမ်မာစေချင်ကြတယ်ဆိုတော့ မမိုက်စေချင်ဘူး၊ မိုက်တဲ့သူတွေ ရှိနေတယ်လို့ ဆိုလိုရာလည်း ရောက်တာပေါ့။ တောအရပ်တွေမှာတော့ လူမိုက်အမျိုးစား သိပ်များများ တွေ့ရလေ့မရှိပါဘူး။ အရက်မူး ထန်းရည်မူးပြီး ပုဆိုးဂွင်းသိုင်းကာ ၀ါးလုံးတိုတစ်ပိုင်းကိုင်လို့ ရွာလယ်ခေါင် လမ်းမမှာ ပြည့်အောင်လျှောက်မယ်။ ပြီးရင် “ဘယ်ခွေးမှ လူမထင်ဘူး” ပြောမယ်။ ဒါပါပဲ။
          မှန်ပါတယ်။ အမူးသမား လူမိုက်ပြောသလိုပဲ သူ့ကို ဘယ်သူကမှ အဖက်လုပ်ပြီး မနေကြပါဘူး။ ခွေးတွေကပဲ တစီစီဟောင်ပြီး အသိအမှတ်ပြုကြပါတယ်။
          နောက်လူမိုက်တစ်မျိုးကလည်း ငမူးပဲ ဖြစ်ပါတယ်။ သူကတော့ ရွာရိုးကိုးပေါက်လျှောက်ပြီး ဘယ်သူ့ကိုမှ စိန်မခေါ်ပါ။ မူးလာရင် အိမ်ထဲက အိမ်ပြင်မထွက်ဘဲ အော်ကြီးဟစ်ကျယ် သီချင်းဆိုတာပဲ ဖြစ်ပါတယ်။ သူများအိပ်ချိန်မှာ မအိပ်နိုင် မပျော်နိုင်ဖြစ်အောင် လုပ်တတ်လို့ လူဆိုးလို့ တောကလူတွေ သမုတ်တာပါ။
          သူများအိမ် ခြံစည်းရိုးကို သွားရိုက်လေ့ရှိတဲ့ လူဆိုးကတော့ တောအရပ်မှာ အဆိုးဆုံးပါ-တဲ့။ စိတ်ဆိုးလို့ရှိရင် တစ်ဘက်လူရဲ့ စောင်ရန်း (တောအရပ်အခေါ် စောင်ရင်းတန်း)ကို ၀ါးတိုနဲ့ သွားရိုက်ပြီး “သတ္တိရှိရင်ထွက်ခဲ့”လို့ စိန်ခေါ်တာပါ။ အကြောင်းသိဆိုတော့ တစ်ဘက်လူကလည်း ထွက်မလာပါဘူး။ ခဏနေတော့ သူလည်းပြန်သွားပါတယ်။
          သူများအိမ်စောင်ရန်းကို တုတ်နဲ့ရိုက်ပြီး စိန်ခေါ်တဲ့သူဟာ သေရာပါ လူမိုက်စာရင်းဝင် ဖြစ်သွားပါတယ်။ “ထောင်ထွက်လူမိုက်”ဆိုတာနဲ့ တစ်တန်းစားတည်း ဖြစ်သွားပါတယ်။ အမိုက်ဆုံး လူသားတွေပေါ့။ ဒီနေရာမှာတော့ အသိဥာဏ်နည်းတယ်ပဲဆိုဆို ထိုထိုတောအရပ်ကလူတွေဟာ “ထောင်ထွက်ဂုဏ်ရှိတယ်”ဆိုတာ သိကြသေးဟန် မတူပါဘူး။
          တောမှာ များသောအားဖြင့် မိဘဘိုးဘွားများက သားသမီးတွေ မြေးတွေကို ဆုံးမတဲ့အခါမှာ “လိမ်လိမ်မာမာ နေကြနော်၊ လူလိမ်မာဖြစ်ဖို့ မလွယ်ဘူး။ လူမိုက်ဖြစ်ဖို့က အလွယ်လေးရယ်။ သူများစောင်ရန်းကို (သူများအိမ်က စောင်ရင်းတန်းကို) တုတ်နဲ့သွားရိုက်လိုက်ရုံပဲ-တဲ့။
သူ (သရက်)
Thursday, March 12, 2015

0 comments:

Post a Comment