အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Friday, March 6, 2015

အပြောမတတ် ဆဲသလို

အပြောမတတ် “ဆဲ”သလို
          တစ်ခါက ရွာတစ်ရွာတွင် ဦးဖော်-ဆိုသူ လူတစ်ယောက် ရှိခဲ့သည်။ ပညာတစ်ပိုင်းတစ်စနှင့် ရပ်နေပြီး သူ့ကိုယ်သူ လွန်စွာမှ ပညာတတ်သည်ဟု အထင်ရောက်နေသူလည်း ဖြစ်သည်။ ပတ်ဝန်းကျင်မှ အောင်မြင်နေသူများအကြောင်းကို ကြားရလျှင် ၄င်းတို့ကဲ့သို့ အောင်မြင်အောင် လုပ်နိုင်ကြောင်း၊ နည်းလမ်းကိုလည်း သိကြောင်း လူတစ်ဘက်သားကို အားနာတတ်ကြောင်း စသဖြင့် မစားရ၀မခန်း ပြောလေ့ရှိသည်။ မဆီမဆိုင် အားနာတတ်သည်ဆိုသော စကားကလည်း ပါလာတတ်သည်။ ၄င်းတို့လို ဖြစ်အောင် မလုပ်ခြင်းမှာမူ သူ၏ ရိုးသားမှုဖြစ်ကြောင်း သူ့လက်သုံးစကားအနေဖြင့် နိဂုံးချုပ်လေ့ရှိသည်။
          ရွာမှာ အကြောင်းတစ်ခုရှိ၍ လူစုံနေသော တစ်နေ့တွင်ဖြစ်သည်။ ဦးဖော်လည်း ထုံးစံအတိုင်း သူ့ဓာတ်ပြားဟောင်းကြီးကို ဖွင့်သည်။ မကောင်းတတ်၍ နားထောင်နေသူများကို အဟုတ်ထင်နေသည်။ ထိုအခိုက် ဘေးကနေ ဖြတ်သွားသော မောင်အေး-ကို လှမ်းခေါ်သည်။ မောင်အေးသည် နာမည်နဲ့လိုက်အောင် အေးအေးနေတတ်ပြီး စကားနည်းသူလည်း ဖြစ်သည်။ သူစိတ်တိုလျှင်တော့ ကြောက်စရာအကောင်းဆုံး သတ္တ၀ါအဖြစ် မြင်ရလေ့ရှိသည်။
          အနားရောက်လာသည့် မောင်အေးကို ဦးဖော်က မင်းကို ပြောစရာရှိလို့ဟု စကားစသည်။ ထိုနောက် “စံသိန်းအကြောင်း ပြောချင်လို့ပါကွာ၊ အဲဒီအကောင် မင်းအမျိုးလား မသိဘူး။ ကောင်းကို မကောင်းဘူး”ဟု ပြောချလိုက်သည်။ သူ့စကားကို ကြားပြီးနောက် မောင်အေးသည် ရှူးရှူးရှဲရှဲဖြစ်သွားပြီး “ခင်ဗျား ……….. ခင်ဗျား …….. ဟာ ……. ဒီလူတော့ကွာ၊ စံသိန်းမကောင်းတာ မကောင်းဘူးလို့ ပြောပါလား၊ ခုတော့ အမျိုးပါ လာထိခိုက်တယ်။ ခင်ဗျား ကျုပ်ထက်ကြီးသူမို့နော်၊ မဟုတ်ရင် မလွယ်ဘူး”ဟု ပြောကာ ချာခနဲ လှည့်ထွက်သွားတော့သည်။
          အမှန်တော့ သူ့ကိုယ်သူ အားနာတတ်သူ၊ ရိုးသားသူအဖြစ် အမွှမ်းတင်လေ့ရှိသူ ဦးဖော်၏ ပြောလိုရင်းမှာ “စံသိန်းနဲ့ အမျိုးတော်လားတော့မသိဘူး။ မင်းရှေ့မှာပြောရမှာတော့ အားနာတယ်။ အဲဒီကောင် မကောင်းဘူး”ဟူ၍ ဖြစ်သည်။ သို့ရာတွင် တစ်ဘက်သားကတော့ “မင်းအမျိုး မကောင်းဘူး”ဟု နားလည်သွားသည်။
          ထိုကြောင့် ရှေးလူကြီးသူမများက “အပြောမတတ် ဆဲတာနဲ့တူတယ်”ဟု ဆိုခဲ့ကြခြင်း ဖြစ်သည်။
သူ (သရက်)
Friday, March 06, 2015

0 comments:

Post a Comment