အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Sunday, March 1, 2015

ဘယ်သူတွေ ရူးသလဲ

ဘယ်သူတွေ ရူးသလဲ
          တစ်ခါက ရွာတစ်ရွာမှ လူတစ်ယောက်သည် အသံချဲ့စက်ဝယ်ပြီး ရွာပြန်လာ၏။ ရောက်မဆိုက်ပင် လော်စပီကာကြီးများ တပ်ဆင်ပြီး စက်ကို စမ်းသပ်လေသည်။ ကျေးရွာများတွင် ဖွင့်လေ့ရှိသည့် အလှူမင်္ဂလာ ထုံးစံများအတိုင်း “ဗျော”ခွေ ဖွင့်ပြီးနောက် ရောက်တတ်ရာရာ ဖွင့်လေသည်။  
စက်ဖွင့်၍ နှစ်နာရီ သုံးနာရီခန့် ရှိသောအခါ အဆိုပါရွာသို့ “အရူး”တစ်ယောက် ပေါက်ချလာ၏။ ဟိုယောင်ယောင် ဒီယောင်ယောင်ဖြင့် ရွာရိုးကိုးပေါက် လျှောက်ကြည့်ပြီး သူလိုတာ မတွေ့မှ အသံချဲ့စက်ဖွင့်နေသည့်အိမ်သို့ ရောက်လာပြီး -
အရူး။            ။ အလှူအိမ် ဘယ်မှာလဲဗျ။
အသံချဲ့စက်သမား။               ။ ဒီရွာမှာ အလှူမရှိဘူးကွ။ ငါ …… မြို့ကနေ သံချဲ့စက် အသစ်ဝယ်လာလို့ စက်စမ်းတာ။
အရူး။            ။ (အရူးက ရှုတည်တည်ဖြင့် ပြောလိုက်ပုံမှာ) စက်စမ်းတာ ကြည့်စမ်း၊ လာရတာ ဝေးတယ်ကွ-ဟူ၏။

          (အချို့ တောအရပ်များတွင် အလှူမှာ စက်ဖွင့်သည့် “ဗျော”နှင့် မင်္ဂလာဆောင်မှာ စဖွင့်သည့် “ဗျော”ကို ခွဲခြားထားသည်။ အရူးမှာ “ဗျော”သံကို မှတ်ထားပြီး အလှူရှိသည်အထင်နှင့် ရောက်လာရာ အလှူမဏ္ဍာလည်းမတွေ့ လူစည်စည်ကားလားလည်း မတွေ့သဖြင့် မေးကြည့်ပြီးနောက် မှန်းချက်နှင့်နှမ်းထွက် မကိုက်ဖြစ်သွားပြီး စိတ်တိုတိုဖြင့် “စက်စမ်းတာ ကြည့်စမ်း၊ လာရတာ ဝေးတယ်”ဟု ငေါက်သွားဖြစ်သည်)။
(မှတ်ချက်။      ။ ကြားဖူးနားဝရှိသည်ကို ပြန်လည်မျှဝေသည်)။
သူ (သရက်)
Sunday, March 01, 2015

0 comments:

Post a Comment