အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Saturday, March 21, 2015

ဗုဒ္ဓဘာသာနှင့် နိုင်ငံရေး (E-Book စာစဉ်-၈)

Buddhism & Politics by Ashin Uttamananda

Friday, March 20, 2015

ဝေဖန်ခြင်းကိုကြိုဆို၍ အပြစ်ပြောခြင်းကို ဧည့်ခံတဲ့လောက

My Article Published in Print

Saturday, March 14, 2015

ဆန္ဒာဂတိလား ပေါ်တာ(Porter)လား

Article on is It Bias or Something Else

Friday, March 13, 2015

ဆူလွန်းလို့ မကြား၊ တူလွန်းလို့ မပြား

ဆူလွန်းလို့ မကြား၊ တူလွန်းလို့ မပြား (မကွဲပြား)
တောင်းရင်းဆုံး
လောင်းရင်းရှုံးနေတာက
လွတ်လပ်မှု။
နင်းတိုင်းပြား
ခတ်တိုင်းဖွားနေတာကို
သူရဲကောင်းလို့ ထင်နေတာက မြေဇာပင်။
ထင်ရာစိုင်းကြ
အုပ်စုဖွဲ့နှိုက်ကြတာကို
ဒီမိုကရေစီထင်။
အမုန်းမြစ်ဖျားခံ
အာဃာတထန်ထန်နဲ့
လုပ်နေတာက ပြုပြင်ရေး။
ကြာသတန်လေး
ရာဇသံပေးလို့
အနာနဲ့ဆေး တလွဲရွေးကြပြန်။
ဗန်းပြလှ ဒေါင်းဒေါင်းက က,လို့
ငါ့မထောက်ခံသူ ငါ့ရန်သူဆိုတဲ့
သရုပ်သကန်။
အမှန်တရားအတွက်
အမှန်စကားမထွက်
အုပ်စုအားကိုးနေတာက လူတိုင်းစနစ်။
လူမွေးပြောင်
အနာဂတ်ထောင်ဖို့
မျိုးဆက်သက်တို့ လက်ကမ်းခံရတာက အမုန်း။
နတ်နေကိုင်းကျိုး
သူခိုးဓားရိုးကမ်း ချိုးလို့
လောကဆူသံ ပွက်လောညံ။
ကိုယ့်အဖွင့်နဲ့
ကိုယ့်အနက်နဲ့
ဖျက်ချင်တိုင်း ပျက်တဲ့ကမ္ဘာ။
သူ (သရက်)
Friday, March 13, 2015

Thursday, March 12, 2015

လူမိုက်လုပ်ဖို့ လွယ်တယ်-တဲ့

လူမိုက်လုပ်ဖို့ လွယ်တယ်-တဲ့
          ရွှေပြည်ကြီးက တောနေလူတန်းစား အများစုဟာ အတန်းပညာ ကျောင်းပညာ ကောင်းကောင်း မတတ်ကြဘူးဆိုတာကို အများသိမို့ အထူးတလည် စာဖွဲ့စရာတော့ မလိုပါ။ သို့သော်လည်း ဒါဟာ “အသိဥာဏ်မရှိဘူး”လို့ ဆိုလိုရာ မရောက်ပါဘူး။ သူတို့တွေမှာ ဘ၀ပေးအသိဥာဏ်တွေ ရှိကြပါတယ်။ ထမင်းဝမ်းကျောင်း တောင်သူယာလုပ် ဓားမခုတ် စတဲ့ အတတ်ပညာတွေကိုတော့ ငယ်စဉ်ကတည်းက တတ်မြောက်လာကြပါတယ်။
          မိဘတိုင်းက ကိုယ့်သားသမီးတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ကိုယ် လိမ်မာစေချင်ကြတာပဲ။ လိမ်မာစေချင်ကြတယ်ဆိုတော့ မမိုက်စေချင်ဘူး၊ မိုက်တဲ့သူတွေ ရှိနေတယ်လို့ ဆိုလိုရာလည်း ရောက်တာပေါ့။ တောအရပ်တွေမှာတော့ လူမိုက်အမျိုးစား သိပ်များများ တွေ့ရလေ့မရှိပါဘူး။ အရက်မူး ထန်းရည်မူးပြီး ပုဆိုးဂွင်းသိုင်းကာ ၀ါးလုံးတိုတစ်ပိုင်းကိုင်လို့ ရွာလယ်ခေါင် လမ်းမမှာ ပြည့်အောင်လျှောက်မယ်။ ပြီးရင် “ဘယ်ခွေးမှ လူမထင်ဘူး” ပြောမယ်။ ဒါပါပဲ။
          မှန်ပါတယ်။ အမူးသမား လူမိုက်ပြောသလိုပဲ သူ့ကို ဘယ်သူကမှ အဖက်လုပ်ပြီး မနေကြပါဘူး။ ခွေးတွေကပဲ တစီစီဟောင်ပြီး အသိအမှတ်ပြုကြပါတယ်။
          နောက်လူမိုက်တစ်မျိုးကလည်း ငမူးပဲ ဖြစ်ပါတယ်။ သူကတော့ ရွာရိုးကိုးပေါက်လျှောက်ပြီး ဘယ်သူ့ကိုမှ စိန်မခေါ်ပါ။ မူးလာရင် အိမ်ထဲက အိမ်ပြင်မထွက်ဘဲ အော်ကြီးဟစ်ကျယ် သီချင်းဆိုတာပဲ ဖြစ်ပါတယ်။ သူများအိပ်ချိန်မှာ မအိပ်နိုင် မပျော်နိုင်ဖြစ်အောင် လုပ်တတ်လို့ လူဆိုးလို့ တောကလူတွေ သမုတ်တာပါ။
          သူများအိမ် ခြံစည်းရိုးကို သွားရိုက်လေ့ရှိတဲ့ လူဆိုးကတော့ တောအရပ်မှာ အဆိုးဆုံးပါ-တဲ့။ စိတ်ဆိုးလို့ရှိရင် တစ်ဘက်လူရဲ့ စောင်ရန်း (တောအရပ်အခေါ် စောင်ရင်းတန်း)ကို ၀ါးတိုနဲ့ သွားရိုက်ပြီး “သတ္တိရှိရင်ထွက်ခဲ့”လို့ စိန်ခေါ်တာပါ။ အကြောင်းသိဆိုတော့ တစ်ဘက်လူကလည်း ထွက်မလာပါဘူး။ ခဏနေတော့ သူလည်းပြန်သွားပါတယ်။
          သူများအိမ်စောင်ရန်းကို တုတ်နဲ့ရိုက်ပြီး စိန်ခေါ်တဲ့သူဟာ သေရာပါ လူမိုက်စာရင်းဝင် ဖြစ်သွားပါတယ်။ “ထောင်ထွက်လူမိုက်”ဆိုတာနဲ့ တစ်တန်းစားတည်း ဖြစ်သွားပါတယ်။ အမိုက်ဆုံး လူသားတွေပေါ့။ ဒီနေရာမှာတော့ အသိဥာဏ်နည်းတယ်ပဲဆိုဆို ထိုထိုတောအရပ်ကလူတွေဟာ “ထောင်ထွက်ဂုဏ်ရှိတယ်”ဆိုတာ သိကြသေးဟန် မတူပါဘူး။
          တောမှာ များသောအားဖြင့် မိဘဘိုးဘွားများက သားသမီးတွေ မြေးတွေကို ဆုံးမတဲ့အခါမှာ “လိမ်လိမ်မာမာ နေကြနော်၊ လူလိမ်မာဖြစ်ဖို့ မလွယ်ဘူး။ လူမိုက်ဖြစ်ဖို့က အလွယ်လေးရယ်။ သူများစောင်ရန်းကို (သူများအိမ်က စောင်ရင်းတန်းကို) တုတ်နဲ့သွားရိုက်လိုက်ရုံပဲ-တဲ့။
သူ (သရက်)
Thursday, March 12, 2015

ဖော်မြူလာရောင်းလိုသူ

ဖော်မြူလာ (Formula) ရောင်းလိုသူ
          အညာတောရွာမှ ကိုတင်ဆိုသူ လူတစ်ယောက်သည် ဖော်မြူလာတစ်ခု ရောင်းချလို၍ ပွဲကြုံတိုင်း ကြေငြာလေ့ရှိသည်။ လူထူထူရှိရာ ကျေးရွာသာရေး-နာရေး အခမ်းအနားများတွင် ထင်ထင်ပေါ်ပေါ် တွေ့ရတတ်သည်။ ရွာလူများကတော့ ရေဒီယိုတစ်လုံး လက်ကမချဘဲ ဟိုသတင်းနားထောင်သလိုလို ဒီသတင်းနားထောင်သလိုလိုနဲ့ စကားကြုံတိုင်း ၀င်နွှဲတတ်ပြီး အလုပ်လက်ကြောတင်းအောင် မလုပ်သူ ကိုတင်ကို “တတ်ယောင်ကား”ဟု နောက်ကွယ်တွင် နာမည်ပေးထားသည်။
          ကိုတင်၏ ဖော်မြူလာဆိုသည်မှာ “ဇွန်း”လုပ်ဖို့ ဖြစ်သည်။ ကော်ဖီမစ်အခွံကနေပြီး ဇွန်းထုတ်လုပ်မည့် မဟာစီမံကိန်းဟုဆိုလျှင် ပို၍ မှန်ပါသည်။ အသင့်ဖျော် ကော်ဖီထုပ်ဖြင့် ကော်ဖီသောက်သုံးသူများသည် ကော်ဖီမှုန့်များကို ပုဂံထဲထည့်၊ ရေနွေးထည့်ပြီးနောက် သမအောင်မွှေဖို့ရန် ဇွန်းရှာကြရသည်။ အချို့ကလည်း ကော်ဖီထုပ်အခွံဖြင့် ခေါက်လိမ်၍ မွှေလေ့ရှိကြသည်။ အချို့ကြတော့ ပလပ်စတစ်အိပ်ဓာတ်၊ ခဲဓာတ်စသည်တို့ကြောင့် ရောဂါဖြစ်တတ်သည်ဟုဆိုပြီး ယင်းသို့ မမွှေကြ။ ဇွန်းဖြင့်သာ မွှေကြသည်။
ဤအချက်ကို ကောင်းကောင်းသတိထားမိသော ကိုတင်က ဇွန်းလုပ်ဖို့ ဖော်မြူလာဟုဆိုကာ လူစုံရာမှာ ပြောလေ့ရှိသည်မှာ “ကော်ဖီမစ်ထုပ်ကို ဖောက်ပြီး ပုဂံထဲကို ထည့်ပြီးတာနဲ့ ကော်ဖီမစ်အိပ်ခွံကို လွှင့်ပစ်စရာမလိုဘဲ ကော်ဖီမစ်အိပ်ခွံကို ဇွန်းဖြစ်သွားအောင် ပြုလုပ်ရမည့်နည်း ရောင်းစရာရှိတယ်”ဟူ၍ ဖြစ်သည်။ အတော်အတန် ဗဟုသုရှိသူများက “ဟ …. ကိုတင်ရ၊ ခင်ဗျားဟာက ဖော်မြူလာမှ မဟုတ်သေးတာ။ သီအိုရီ (Theory) အဆင့်ပဲရှိသေးတာကို၊ ဘယ်လိုလုပ်ပြီး အိပ်ခွံကနေ ဇွန်းဖြစ်အောင် လုပ်မှာလဲ”ဟု မေးလျှင် “ဟာဗျာ ….. ဒါကတော့ ၀ယ်သူမှ မရှိသေးတာကိုဗျ၊ ဘယ်ပြောလို့ ဖြစ်ဦးမှာလဲ”-ဟူ၏။
တောသားဆိုပြီး လျှော့တွက်လို့ မရ။ လုပ်နည်းစနစ် (Formula) နှင့် သဘောတရား (Theory) ဆိုသည်များ သိသူများပါပေ။
သူ (သရက်)
Thursday, March 12, 2015

Friday, March 6, 2015

အပြောမတတ် ဆဲသလို

အပြောမတတ် “ဆဲ”သလို
          တစ်ခါက ရွာတစ်ရွာတွင် ဦးဖော်-ဆိုသူ လူတစ်ယောက် ရှိခဲ့သည်။ ပညာတစ်ပိုင်းတစ်စနှင့် ရပ်နေပြီး သူ့ကိုယ်သူ လွန်စွာမှ ပညာတတ်သည်ဟု အထင်ရောက်နေသူလည်း ဖြစ်သည်။ ပတ်ဝန်းကျင်မှ အောင်မြင်နေသူများအကြောင်းကို ကြားရလျှင် ၄င်းတို့ကဲ့သို့ အောင်မြင်အောင် လုပ်နိုင်ကြောင်း၊ နည်းလမ်းကိုလည်း သိကြောင်း လူတစ်ဘက်သားကို အားနာတတ်ကြောင်း စသဖြင့် မစားရ၀မခန်း ပြောလေ့ရှိသည်။ မဆီမဆိုင် အားနာတတ်သည်ဆိုသော စကားကလည်း ပါလာတတ်သည်။ ၄င်းတို့လို ဖြစ်အောင် မလုပ်ခြင်းမှာမူ သူ၏ ရိုးသားမှုဖြစ်ကြောင်း သူ့လက်သုံးစကားအနေဖြင့် နိဂုံးချုပ်လေ့ရှိသည်။
          ရွာမှာ အကြောင်းတစ်ခုရှိ၍ လူစုံနေသော တစ်နေ့တွင်ဖြစ်သည်။ ဦးဖော်လည်း ထုံးစံအတိုင်း သူ့ဓာတ်ပြားဟောင်းကြီးကို ဖွင့်သည်။ မကောင်းတတ်၍ နားထောင်နေသူများကို အဟုတ်ထင်နေသည်။ ထိုအခိုက် ဘေးကနေ ဖြတ်သွားသော မောင်အေး-ကို လှမ်းခေါ်သည်။ မောင်အေးသည် နာမည်နဲ့လိုက်အောင် အေးအေးနေတတ်ပြီး စကားနည်းသူလည်း ဖြစ်သည်။ သူစိတ်တိုလျှင်တော့ ကြောက်စရာအကောင်းဆုံး သတ္တ၀ါအဖြစ် မြင်ရလေ့ရှိသည်။
          အနားရောက်လာသည့် မောင်အေးကို ဦးဖော်က မင်းကို ပြောစရာရှိလို့ဟု စကားစသည်။ ထိုနောက် “စံသိန်းအကြောင်း ပြောချင်လို့ပါကွာ၊ အဲဒီအကောင် မင်းအမျိုးလား မသိဘူး။ ကောင်းကို မကောင်းဘူး”ဟု ပြောချလိုက်သည်။ သူ့စကားကို ကြားပြီးနောက် မောင်အေးသည် ရှူးရှူးရှဲရှဲဖြစ်သွားပြီး “ခင်ဗျား ……….. ခင်ဗျား …….. ဟာ ……. ဒီလူတော့ကွာ၊ စံသိန်းမကောင်းတာ မကောင်းဘူးလို့ ပြောပါလား၊ ခုတော့ အမျိုးပါ လာထိခိုက်တယ်။ ခင်ဗျား ကျုပ်ထက်ကြီးသူမို့နော်၊ မဟုတ်ရင် မလွယ်ဘူး”ဟု ပြောကာ ချာခနဲ လှည့်ထွက်သွားတော့သည်။
          အမှန်တော့ သူ့ကိုယ်သူ အားနာတတ်သူ၊ ရိုးသားသူအဖြစ် အမွှမ်းတင်လေ့ရှိသူ ဦးဖော်၏ ပြောလိုရင်းမှာ “စံသိန်းနဲ့ အမျိုးတော်လားတော့မသိဘူး။ မင်းရှေ့မှာပြောရမှာတော့ အားနာတယ်။ အဲဒီကောင် မကောင်းဘူး”ဟူ၍ ဖြစ်သည်။ သို့ရာတွင် တစ်ဘက်သားကတော့ “မင်းအမျိုး မကောင်းဘူး”ဟု နားလည်သွားသည်။
          ထိုကြောင့် ရှေးလူကြီးသူမများက “အပြောမတတ် ဆဲတာနဲ့တူတယ်”ဟု ဆိုခဲ့ကြခြင်း ဖြစ်သည်။
သူ (သရက်)
Friday, March 06, 2015

Tuesday, March 3, 2015

သစ္စာ-အမှား



အင်အား (Power) သည်-
မကောင်းသည့်ဘက်၌လည်း ရှိသည်။
ကောင်းသည့်ဘက်၌လည်း ရှိသည်။
“အင်အား”ရှိသည်ဆိုတိုင်း အကောင်းသဘော မသက်ရောက်။ ဤအချက်ကို သဘောမပေါက်လျင် ပေါက်သော်လည်း ငါတကောကော ကောလျင် “အာဏာရှင်”ဆိုသည့် စက်ဝန်းသို့ မည်သူမဆို (မည်သူမဆို) ကျမှန်းမသိ ကျရသည်။ သမ္မုတိဘောင်အတွင်းရှိ သဘောတရားများ အဖြစ်အပျက်များသည် အမြဲတမ်း မှန်နေသည်ဟု၎င်း သို့တည်းမဟုတ် အမြဲတမ်းမှားနေသည်ဟု၎င်း ရာနှုန်းပြည့် သတ်မှန်ရန်နှင့် လှေနံဓားထစ် တထစ်ချ မှတ်ယူရန် မဖြစ်နိုင်ပါ။ ရေ-ကို ဥဒက ဆိုသည့်ဘက်တွင် မှန်သကဲ့သို့ Water-ဟု ပြောသည့်ဘက်တွင်လည်း မှန်သည်။ H2O-ဆိုသူများ အနေဖြင့်လည်း မှန်သည်သာဖြစ်သည်။ အများသစ္စာကို ငါ့သစ္စာဟု ငြင်းနေသမျှ ကာလပတ်လုံး မည်သည့်အခါမျှ ငြိမ်းချမ်းကြလိမ့်မည် မဟုတ်ပေ။
ေေ      မေတ္တာဖြင့်-
                                                              အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတ္ကသိုလ်)
                                                        ၀၃-၀၃-၂၀၁၅