အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Wednesday, October 2, 2013

ငှက်အခွင့်ရေး



“ငှက်အခွင့်ရေး”
۩۩۩۩۩۩۩۩۩۩
အတောင်မဖြန့်ဘူးတဲ့ငှက်က
ဝေဟင်အကြောင်း ဆွေးနွေးဖို့ဖိတ်သတဲ့
အာရင်းသန်သန် နှံစုတ်ငှက်ထံကလည်း
မိုးမြင့်ခရီးဆိုတာ
ငှက်တိုင်းပျံခွင့်ရှိတဲ့
ငှက်အခွင့်ရေးလို့ ဆိုပြန်ရော
ငှက်နှင့် ငှက်အခွင့်ရေးဆိုတာ
အရင်အဓိပ္ပါယ်ဖွင့်ကြစို့လို့
ရေကြက်စကားကြောင့်
ကြက်တွေ ဘဲတွေဟာလည်း အတောင်နဲ့မို့
ငှက်စာရင်းထည့်ရမှာလားလို့
ရွှေဥာဏ်တော်စူးတဲ့ တက်တီတူးကဆို
ငှက်တန်းတူအခွင့်ရေးဆိုတာ
မိုးမြင့်နဲ့အပြိုင် ခရီးရှယ်ပျံနိုင်မယ်လို့
ဂျိုးကြာငှက်တို့က လက်ကမ်းကြို
ငှက်အားလုံးတစ်တန်းတစ်စားထဲ ဖြစ်ရမယ်လို့
အစွမ်းကုန်ကြိုးစားနေတဲ့
လဒ (ဠင်းတ) ငှက်တွေရဲ့ အဆိုပြုချက်တွေဟာ
လန့်ပျံတဲ့ဥာဥ့်ငှက်တွေကြောင့် ပျက်ရတော့မလို
အပိုတွေပါလို့
ငှက်တတ်ကြီး ဇီးကွက်အိုက
အိပ်ငိုက်ရင်းဆိုသတဲ့
အသဲငယ်တတ်တဲ့
စာကလေးမျိုးတွေဟာ
ငှက်အခွင့်အရေးတွေ ဆုံးရှုံးနေတာတောင်
သိန်းငှက်မောင် စွန်ရဲကောင်တွေကြောင့်
နစ်နာချက်တွေ ပျက်ရပြန်ချေပြီ
ငှက်ကရေစီဆိုတာ
အော်နိုင်ရင် ရနိုင်တယ်ဆိုတဲ့
ဇရက်တွေ ၀ိုင်းပြီးတင်တာကို
ကျီးတစ်အုပ်ကလည်း
ခပ်သုတ်သုတ်နဲ့ ထောက်ခံသတဲ့
အရေမရ အဖတ်မရပြော
သားတက်ဇောနဲ့ အမျိုးချင်းဖျောသူတွေရဲ့အဆိုကို
လုံးလုံးမထောက်ခံကြောင်း
ငှက်အပေါင်းသိအောင်
ဒေါင်တောက်နေတဲ့ ဒေါင်းပေါက်တွေက ပယ်ချတယ်
အရှက်မရှိတဲ့အမျိုး
ငှက်တောတိုးပြီး သာသာထိုးပြောရအောင်
ဒင်းလိုကောင်တွေဘာထူးလဲ
ငှက် ငှက်ချင်းအိုးမဲသုတ်
ပြည်ပြုတ်မဲ့အရေး
တို့သွေးအေးလို့ မနေနိုင်ဘူး ဆိုသူကဆို
ငှက်အခွင့်အရေး လှုပ်သူအဖွဲ့ကလည်း
ငှက်အားလုံး တန်းတူဖြစ်ရေးလို့အော်
အနည်းစုကိုအကြောင်းပြ
ငိုချင်းလှလှ ချတတ်တဲ့ အမူရာတွေကြောင့်
အကျင့်ပျက် ဥသြငှက်တွေကြောင့်
သာတူညီမျှ ငှက်ဘ၀ဆိုသူတွေလည်း
ကျီးအိမ်တစ်ဝက်
ဥသြငှက်အတွက်ဖြစ်စေလို့
ထောက်ခံမဲတွေ ပုံအောလေပြီ
အစာမက်တဲ့ဂျိုးငှက်နဲ့
အလုပ်နစ်နေတဲ့ စာပုတီး
တန်းတူပိုင်ဆိုင်ခွင့်ရမလား
အမွှေးနှုတ်ခံရတဲ့ ဇာမဏီ
ဒဏ္ဍာရီ ဂဠုန်ငှက်တို့
အစည်းဝေးပျက်ကွက်
ငှက်အပေါင်းရဲ့ အရေးကိုပျက်တယ်လို့
ဝေဟင်ထက်ပျံ ပင်မြင့်စံသခင်
ချက်ကောင်းမြင်တဲ့ လင်ယုန်ငှက်က
မြွေတွံသံကြား ငါလည်းသွားပြီ
အမြင့်ပျံလိုသူ လိုက်ခဲ့ဆိုပြီး
ဝုန်းကနဲ ထပျံတဲ့ လင်းယုန်ငှက်ကြောင့်
ဝုန်းကနဲပြိုလဲတဲ့ နှံစုတ်ငှက်တွေနဲ့
စီစီညံ စာကလေးသံတွေရယ်
ကိုယ်စီမကျေနပ်ချက်သံတွေရယ်က
ငှက်ကွန်းဖရင့်ကို ပျက်စေပြန်လေပြီ။
                                                 သူ (သရက်)
                                   Sunday, September 29, 2013

0 comments:

Post a Comment