အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Thursday, September 19, 2013

ဘ၀ပြိုလဲ ပန်းငိုပွဲ



ဘ၀ပြိုလဲ ပန်းငိုပွဲ
۞۞۞۞۞
“ဟယ်………….လှလိုက်တဲ့ ငါပါလား”
နံက်ခင်းသည်ကား သာယာဖွယ်အတိဖြစ်သည်။ ပန်းလေးသည် ကိုယ့်ကိုယ့်ကို တစိမ့်စိမ့်ကြည့်ရင်း ကျေနပ်နေမိသည်။ ပျော်နေမိသည်။ သူမကို ပိုးပန်းသူတွေ ၀ိုင်းဝိုင်းလည်နေသည်ကို ကြည်နူးနေသည်။ ပါးပြင်တွင် ပုဇွန်နီရောင် ရှက်သွေးဖျဖျ ရစ်သန်းနေသည်။ သူမ ကျေနပ်ပါသည်။
“ဘ၀ဆိုတာ ပျော်စရာကြီးပဲ”
*************
“ဟင်…………ငါ့ကို ၀ိုင်းဝိုင်းလည်နေသူတွေ ဘယ်ရောက်သွားကြလဲ”
“ဟင့်အင်း…………ဒါမျိုးတွေ ငါမလိုချင်ဘူး။ သူတို့ ငါကို ဘာလို့ စွန့်ခွာသွားကြတာလဲ”
“ဟုတ်ပြီ၊ ဒါနေမင်းဆိုတဲ့ အကောင်ကြောင့်”
“ဒီအကောင့်ကို ငါမုန်းတယ်”
“ငါ့ဘ၀ကို ဖျက်ဆီးတဲ့လူ”
“ငါပိုင်ဆိုင်တာတွေကို ယူတဲ့သွားတဲ့လူ၊ ငါ့အိပ်မက်တွေကို ရိုက်ချိုးတဲ့လူ။ နေမင်း နင့်ကို ကမ္ဘာမကြေဘူး”
သောကမီးပင်လယ်ကြားမှာ ပန်းလေး နာလန်မထူနိုင်တော့ပါ။ သူမသည် မကျေနပ်ချက်တွေကို တဖွဖွ ရေရွတ်နေသည်။ လောကကြီးသည် သူမအပေါ်မတရားဟု ထင်သည်။ သူမပိုင်ဆိုင်တာတွေ ပျော်ရွှင်မှုတွေကို ယူသွားသည်။ ဖုတ်လှိုက်ဖုတ်လှိုက် အသက်ရှုရင်း စိုးရွံ့မှုတွေနှင့်အတူ မကြေချမ်းနိုင်သော မျက်လုံးတို့ဖြင့် လောကကြီးကို နောက်ဆုံးနှုတ်ဆက်သွားသူကတော့ ပန်းလေပင်။
“ဆံမြိတ်လည်းပြေချိန်ဆိုတော့………………ပန်းလည်းကြွေချိန်ပေါ့”
***********

“သြော်…………ပန်းလေးရယ်”
“တို့ နင့်ကို နားလည်ပါတယ်လို့ နှင်းစက်လေးတွေကဆိုသည်”
နင်ပြုံးပျော်နေ မော်နေတုန်းမှာ တို့တစ်တွေ မျက်ရည်လည်ရွဲ ငိုပွဲဆင်နေခဲ့တာကို နင်မှမသိတာ။ နင်ပြောလို့သာ လောကကြီးလှတယ်ဆိုတာ ကြားလိုက်ရတာ။ တို့တစ်တွေမှာ ဒီလိုအခွင့်ရေးလေးတောင် မကြုံခဲ့ရဘူး။
“ထာပါတော့………….လောကကြီး ရက်စက်တယ်လို့ မဆိုတော့ပါဘူး”
“တို့ ကံကြမ္မာကိုက ဒီလိုဖြစ်ဖို့ ဖန်လာတာကိုး”
***********
“နှင်းစက်လေးတို့ရေ………..။ ပန်းလေးကို ပြောပေးပါ”
“ငါဟာ ရက်စက်တဲ့လူ မဟုတ်ပါဘူး။ ငါလည်း လောကြီးကို မျက်ကွယ်ပြုရတော့မယ်”
“မကြာခင် မင်းတို့နောက်ကို လိုက်ခဲ့ရတော့မယ်ကွယ်”
ငါဟာ အရာရာကို အောင်နိုင်သူအဖြစ် ဘ၀ကို စ,ခဲ့တယ်။ အားလုံးက ငါ့ကိုမော့ကြည့်လို့။ ဒီလိုနဲ့ငါလည်း အမှန်ကိုမမြင်နိုင် မာနတွေ အပြိုင်ဆိုင်ပေါ့။ ကြည့်စမ်းပါ ငါ့လောက် အားကြီးတဲ့သူ တန်ခိုးရှိတဲ့သူဆိုတာ ကျရှုံးဖို့ အိပ်မက်ကို မက်မလားလို့။ စိတ်ကူးတောင် မထည့်ဘူး။ ဟင့်အင်း…… ဒါပေမဲ့လို့ အထွန့်တက်ခွင့်မရှိဘူးလေ။ ငါနားလည်ပါပြီ။ ငါလည်း လောက ကိုကျောခိုင်းရတော့မယ်။
“အခြားရဲ့တစ်ဖက်မှာ အခြားဆိုတာရှိပါသေးလားကွယ်”
************
“တဒင်္ဂလေးပါကွယ်”
“ဆင်းရဲ ချမ်းသာ၊ ၀မ်းသာ ၀မ်းနည်း ဘာမှ မမြဲဘူး”
“အော်………….. မမြဲခြင်းတွေသာ မြဲပါသလားလို့ သိချိန်ရောက်သင့်ပါပြီလေ”
သူ (သရက်)
Sunday, November 04, 2012

0 comments:

Post a Comment