အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Friday, September 27, 2013

ဘောင်မခတ်နဲ့



ဘောင်မခတ်နဲ့
۞۞۞۞۞
အင်း ……. မှန်ပါပေတယ်။ မှန်ပါပေတယ်။
ဘာတွေမှန်တာလဲ အရှင်ဘုရားလေးရဲ့-ဟု မိတ်ဆွေ ရဟန်းတော်မှ ၀င်ထောက်၏။
မှန်တယ်ဆိုတာ မှန်တာပဲပေါ့ အရှင်ဘုရား။ ဘာမှန်တာလဲလို့ ထပ်ဖွင့်ရင် အမှန်တရားကို ဘောင်ခပ်ရာရောက်တယ်ဘုရား။ ဒါကြောင့် ဘာကြောင့်တွေ ဘာတွေ မမေးနဲ့ဘုရား။
ရှင်းလေ ရှုပ်လေပဲ အရှင်းဘုရားလေးရေ။ လိုက်မမီတော့ဘူး။
ဒီလိုလေဘုရား။ မှန်တယ်ဆိုတာ ကို မှန်တယ်လို့ပဲထား။ ဘာတွေမှန်တယ် ဘာကြောင့်မှန်တယ် စသဖြင့် နောက်ထပ် မတွေးနဲ့တော့။ တွေးလိုက်ပြီဆိုတာနဲ့ ဒါမှမဟုတ် အဲဒီမှန်တယ်ဆိုတာကြီးကို အကြောင်းနဲ့ အကျိုးနဲ့ ရှင်းပြလိုက်ပြီဆိုတာနဲ့ သဘောမတူစရာတွေ အငြင်းပွားစရာတွေ တစ်အုံကြီး တမကြီးလာတော့မယ်။
”ကာကော-ဟူသည်ကား ဒင်ကျီးတည်း” ဆိုသလိုပါပဲလား အရှင်ဘုရားလေးရယ်။
ဒီလို အရှင်ဘုရားရေ။ တစ်ခါက နာမည်ကျော် ပန်းချီဆရာကြီးဆွဲထားတဲ့ တုတ်ချောင်းလေးတွေ ဟိုဆွဲ ဒီဆွဲ ဆေးရောင်စုံပြန့်ကျဲနေတဲ့ ပန်းချီကားကို လူတစ်ယောက်က နားမလည်နိုင်ဘူးတဲ့။ ပန်းချီလောကအခေါ် စိတ္တဇပန်းချီ ဘာညာတော့ ကြားဖူးတယ်ပေါ့ဘုရား။ သို့သော် အဓိပ္ပါယ်က ဘာကို ဆိုလိုပါလိမ့်လို့ သိချင်စိတ်ကို မချုပ်တည်းနိုင်တာနဲ့ ……
မေးဖြစ်တယ်ဆိုပါတော့ ……….။
အမှန်ပဲဘုရား။ အဲဒီတော့ ပန်းချီဆရာက ဘာပြန်ပြောလဲဆိုတော့ (မကျေမနပ်ဖြစ်ပြီး ‘အ’ရန်ကောဆိုတဲ့ မျက်နှာပေးနဲ့) “ခံစားမှုဆိုတာ ဘောင်မခပ်ရဘူး၊ ဒါဟာ ဘာဖြစ်တယ်လို့ ဖွင့်ဆိုလိုက်တာနဲ့ ခံစားမှုကို ဘောင်ခပ်ရာရောက်သွားပြီ။ ဒီတော့ အဓိပ္ပါယ်ကလည်း ကျဉ်းသွားပြီ။ အဲဒီတော့ ခံစားမှုကို ဘောင်မခပ်နဲ့။ လွတ်လွတ်လပ်လပ် တွေး။ ကြိုက်သလို အဓိပ္ပါယ်ဖွင့်-တဲ့။ အဲဒါမှ ခံစားမှုဟာ ပိုပြီးလေးနက်တယ်၊ ကျယ်ပြန့်တယ်-တဲ့။
ပေါက်တတ်ကရဆွဲပြီး အဓိပ္ပါယ်ဖွင့်မရလို့ ပြောတာဖြစ်မှာပါ အရှင်ဘုရားလေးရာ။
မှန်ပါ။ ဒါကြောင့်ပဲ ပြောပါတယ်။ မှန်တယ်ဆိုတာ မှန်တယ်ပဲပေါ့။ ဘာမှထပ်ပြီး ဇာချဲ့မနေနဲ့။ မဟုတ်ရင် အငြင်းပွားနေရမယ်။ အချင်းများနေရမယ်။
ဒီလိုဆိုတော့ အရှင်ဘုရားလေးက “ဧ၀ံ မေ သုတံ- ဤသို့ကြားခဲ့ရသည်။ ဥပလက္ခိတံ- ဤသို့ မှတ်အပ်သည်။ ပြီးတော့ ဓာရိတံ- ဤသို့ ဆောင်ထားသည်” လို့ပဲ မှတ်ရတော့မှာပေါ့။ ဟုတ်ကဲ့လား အရှင်ဘုရားလေး။
အသင့်တော်ဆုံးပါဘုရား။
                                             မေတ္တာဖြင့်-
                                                            အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
                                                                Thursday, September 26, 2013

Tuesday, September 24, 2013

Second Noble Truth (Samudayasaccā) the Foundation Cause of Suffering

Second Noble Truth the Foundation of Cause of Suffering

Friday, September 20, 2013

ငှက်ဆိုးတွေထိုးလို့ အိပ်မက်ဦးတွေကျိုးတဲ့ ညတွေ



“ငှက်ဆိုးတွေထိုးလို့ အိပ်မက်ဦးတွေကျိုးတဲ့ ညတွေ”
۞۞۞۞۞
ရှင်သန်မှုတွေအတွက်
ပျက်သုဉ်းမှုတွေ အနန္တ
နိုင်သူအောင်တဲ့ခေတ်မှာ လောကကြီး လှနေသယောင်။
ဥာဏ်ကြီးရှင်စား
အားကြီးသူ တရားတဲ့ခေတ်မှာ
မြေဇာပင် ပြားပြီးရင်း ပြားပေါ့။
သစ္စာတရားနဲ့ ပြောင်
မေတ္တာစကားနဲ့လှောင်ပြီး
ကိုယ်ချင်းစာတရားကို မူပိုင်လို့ ဆိုပါလား။
လွတ်လပ်ခြင်းဆိုတာကို
လွတ်လပ်ခြင်းကြိုးနဲ့ မြဲမြဲချည်
မှားယွင်းတဲ့နေ့တွေကြောင့်
ကြယ်စင်တွေ ပျောက်ခဲ့ရတယ်။
အဖြူကို အမဲလုပ်
ဇာတိရုပ် ဟုတ်ရက်နဲ့
ဒေါင်တွေကို ကျီးနဲ့ရောချင်ပြန်ရော့တဲ့။
အလာ သက်သက်
ဗလာလက်နဲ့ ပြန်ထွက်
ချမိတဲ့ ခြေရာတွေ နက်လေသလားမသိ။
လောကကြီးကိုပြောလိုက်ပါ
မင်းအပေါ်မှာ ရှင်သန်ရင်း
အတ္တမျဉ်းကို မဖြတ်နိုင်တော့
ကျေးစွပ်မိရတယ်-လို့။          
                                                         သူ (သရက်)
                                                      Wednesday, September 18, 2013

Thursday, September 19, 2013

ဘ၀ပြိုလဲ ပန်းငိုပွဲ



ဘ၀ပြိုလဲ ပန်းငိုပွဲ
۞۞۞۞۞
“ဟယ်………….လှလိုက်တဲ့ ငါပါလား”
နံက်ခင်းသည်ကား သာယာဖွယ်အတိဖြစ်သည်။ ပန်းလေးသည် ကိုယ့်ကိုယ့်ကို တစိမ့်စိမ့်ကြည့်ရင်း ကျေနပ်နေမိသည်။ ပျော်နေမိသည်။ သူမကို ပိုးပန်းသူတွေ ၀ိုင်းဝိုင်းလည်နေသည်ကို ကြည်နူးနေသည်။ ပါးပြင်တွင် ပုဇွန်နီရောင် ရှက်သွေးဖျဖျ ရစ်သန်းနေသည်။ သူမ ကျေနပ်ပါသည်။
“ဘ၀ဆိုတာ ပျော်စရာကြီးပဲ”
*************
“ဟင်…………ငါ့ကို ၀ိုင်းဝိုင်းလည်နေသူတွေ ဘယ်ရောက်သွားကြလဲ”
“ဟင့်အင်း…………ဒါမျိုးတွေ ငါမလိုချင်ဘူး။ သူတို့ ငါကို ဘာလို့ စွန့်ခွာသွားကြတာလဲ”
“ဟုတ်ပြီ၊ ဒါနေမင်းဆိုတဲ့ အကောင်ကြောင့်”
“ဒီအကောင့်ကို ငါမုန်းတယ်”
“ငါ့ဘ၀ကို ဖျက်ဆီးတဲ့လူ”
“ငါပိုင်ဆိုင်တာတွေကို ယူတဲ့သွားတဲ့လူ၊ ငါ့အိပ်မက်တွေကို ရိုက်ချိုးတဲ့လူ။ နေမင်း နင့်ကို ကမ္ဘာမကြေဘူး”
သောကမီးပင်လယ်ကြားမှာ ပန်းလေး နာလန်မထူနိုင်တော့ပါ။ သူမသည် မကျေနပ်ချက်တွေကို တဖွဖွ ရေရွတ်နေသည်။ လောကကြီးသည် သူမအပေါ်မတရားဟု ထင်သည်။ သူမပိုင်ဆိုင်တာတွေ ပျော်ရွှင်မှုတွေကို ယူသွားသည်။ ဖုတ်လှိုက်ဖုတ်လှိုက် အသက်ရှုရင်း စိုးရွံ့မှုတွေနှင့်အတူ မကြေချမ်းနိုင်သော မျက်လုံးတို့ဖြင့် လောကကြီးကို နောက်ဆုံးနှုတ်ဆက်သွားသူကတော့ ပန်းလေပင်။
“ဆံမြိတ်လည်းပြေချိန်ဆိုတော့………………ပန်းလည်းကြွေချိန်ပေါ့”
***********

Tuesday, September 17, 2013

ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်



“ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်”
۞۞۞۞۞
သမုဒယနယ်မှာ
ဖောက်ပြန်သူထက် ဖောက်ပြန်တဲ့သူ မဖြစ်သမျှ
မင်းလည်းအမှန်
သူလည်းအမှန်
ငါလည်းမှန်မှာပဲ။
မိုးခါးရေသောက်သူချင်း
အမှန်အမှား အငြင်းမပွား အချင်းမများသင့်ဘူး။
ဟန်ဆောင်ဝတ်ရုံကိုခွာ
ရိုးသားသူမျှသာဆိုရင်
ခွင့်မလွှတ်နိုင်တဲ့အမှားဆိုတာ ရှိရိုးလား
အများယောင်လို့ မယောင်ဘဲ
မျက်စိဖွင့် နားစွင့်
ပညာဥာဏ်ကျက်လို့
အမျိုးအတွက်
တိုင်းပြည်အတွက်
ဘာသာ သာသနာအတွက်
လောကကောင်းကျိုးအတွက်ဆို
လူချင်းမတူ
မူချင်းမတူပေမယ့်
လျှောက်လှမ်းရမယ့် လမ်းချင်းတူ
သွားရမယ့် ပန်းတိုင်းချင်းတူကြသူများမို့
အပြန်အလှန် ဖေးမရင်း
လာ ….  အတူလျှောက်ပါစို့ သူငယ်ချင်း။                 
                                                                                      သူ (သရက်)
                                                                                  Wednesday, September 11, 2013

Sunday, September 15, 2013

ကိုယ့်နှာမောင်းကိုယ်နင်းတဲ့ဆင်နဲ့ စနစ်ဆိုးရဲ့ဥာဉ်

“ကိုယ့်နှာမောင်းကိုယ်နင်းတဲ့ဆင်နဲ့ စနစ်ဆိုးရဲ့ဥာဉ်”
۞۞۞۞۞
ဒီလူတွေပေါ့ …………
စာအုပ်ထဲက စာတွေတတ်ပြီး
ပညာမတတ် အသိဥာဏ်မရှိတဲ့ သားကောင်တွေ။
ဒီလူတွေပေါ့ ………..
စည်းကမ်းတွေသင်ပြီး
စည်းကမ်းပျောက် အကျင့်ဖောက်တဲ့ သားကောင်တွေ။
ဒီလူတွေပေါ့ …….
အာဏာရှင်စနစ်ကိုမုန်းပြီး
ကိုယ်တိုင် အာဏာရှင် ဖြစ်မှန်းမသိ ဖြစ်လာတဲ့ သားကောင်တွေ။
ဒီလူတွေပေါ့ ..…..
အရင်းရှင်စနစ်ကို တိုက်ထုတ်ရင်း
အရင်းရှင်စနစ်ကို သာယာနေမိတဲ့ သားကောင်တွေ။
ဒီလူတွေပေါ့ ……….
စနစ်ဆိုးကို တွန်းလှန်ရင်း
စနစ်ဆိုးကို အစပျိုးမှန်းမသိ ပျိုးနေမိတဲ့ သားကောင်တွေ။
ဒီလိုနဲ့
ဒီလူတွေပေါ့ ………
သွေးစည်းရေးအော်ပြီး
သွေးကွဲအောင်လုပ်နေတယ်။
ငြိမ်းချမ်းရေးဆိုပြီး
အသက်တွေ သက်ရွက်ကြွေတွေလိုဖြစ်နေတယ်။
အများကောင်းစားရေးဆိုရင်း
ငါလုပ်တယ် ငါ့ကြောင့်ဖြစ်တယ်
ငါကိုရှေးတန်းတင်လာတယ်။
ငါကောင်းမြင်ရင်း
တစ်ဖက်သားကို အပြစ်မြင်တတ်လာတယ်
ကိုယ်လွတ်ရုန်းရင်း
အပြစ်တင်တတ်လာတယ်။
ရန်ကိုရန်ခြင်း တုန့်နှင်းနေသရွေ့
လက်တွေ့မပါတဲ့ သိက္ခာတွေကို ရွက်ဆိုနေသရွေ့
ပေးဆပ်ခြင်းကိုဗန်းပြ
ရယူခြင်းကိုတမ်းတနေသမျှ
သေကာမျှ အေးတော့မည် မဟုတ်။
                                                  သူ (သရက်)
                                   Tuesday, September 10, 2013