အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Sunday, May 19, 2013

အဖေ့စေတနာ

အဖေ့စေတနာ
          ရွာတစ်ရွာတွင် ဦးလှတို့မိသားစုနေထိုင်သည်။ သားအမိသားအဖ သုံးယောက်ရှိသည်။ သားဖြစ်သူမှာ ခုနှစ်နှစ် ရှစ်နှစ်ခန့်ရှိသည်။ တောဓလေ့အတိုင်း သားဖြစ်သူကို နာမည်မခေါ်ဘဲ “မောင်”လို့သာ မိဘများက ခေါ်လေ့ရှိသည်။
          ထမင်းဝိုင်းတွင် သားဖြစ်သူကို ဦးလှပြောလေ့ရှိသည့် စကားတစ်ခွန်းရှိသည်။ ယင်းမှာ “မောင်……. ချွေစားကွ”ဟူ၍ ဖြစ်သည်။ နေ့တိုင်းတော့ မပြောပါ။ ဟင်းကောင်းကျွေးကောင်း ရှိသည့် အခါများတွင်သာ ဖြစ်သည်။ ထိုအခါများဆိုလျှင် ထမင်းမ၀မချင်း “မောင်…… ချွေစားကွ” ဆိုသည့်စကားကို ထပ်ခါတလဲလဲ ပြောလေသည်။
          တစ်ခါတွင် အနီးနားရွာအလှူတစ်ခုမှ ဦးလှတို့ မိသားစုကို ဖိတ်သည်။ အလှူပွဲကို သားအဖနှစ်ယောက်သွားကြသည်။ ချမ်းသာကြွယ်ဝသူများလုပ်သည့် အလှူပွဲဖြစ်သောကြောင့် စားကောင်းသောက်ဖွယ်များ အလျှံပယ်ရှိတော့သည်။
          ဦးလှမှာ သားဖြစ်သူ့ထမင်းပန်းကန်ထဲကို ခဏခဏ ဟင်းတွေခပ်ထပ်ရင်း ပါးစပ်ကလည်း တတွတ်တွတ်ပြောလေသည်။ “စားပါဟဲ့…….. မောင်ရဲ့၊ စားပါဟဲ့…….. မောင်ရဲ့” ဟူသတည်း။
          သားဖြစ်သူမှာ ကြားဖန်များတော့ နားကြားပြင်းကတ်လာဟန်တူ၏။ အဖေဖြစ်သူကို ပြန်ပြောလိုက်သောစကားကြောင့် ထမင်းဝိုင်းရှိ အခြားရွာမှ ဧည့်သည်များမှာ ဟားတိုက် ရယ်မောကြပြီး ဦးလှလည်း လူကြီးရှက်တော့ရယ်ဆိုသလို လိုက်ရယ်လေ၏။
          သားဖြစ်သူ ပြောသောစကားမှာ “အဖေကလည်းဗျာ………. အိမ်မှာကျတော့ ချွေစား ချွေစားနဲ့၊ မစားနိုင်တော့ဘူးဗျ” ဟူသတည်း။
မိုး (အထက်မင်းလှ)
Monday, May 20, 2013

Wednesday, May 15, 2013

ပုံပြင်ကိုမှတ်ရစေတဲ့စာအုပ်

ပုံပြင်ကို အမှတ်ရစေတဲ့စာအုပ်
         
        လမ်းသင့်သဖြင့် လှည်းတန်းရှိ စာအုပ်ဆိုင်များဘက် လှည့်ခဲ့သည်။ အမှန်က ရန်ကုန်-တက္ကသိုလ် စိန်ရတု သဘင်ခန်းမရှိ အဆင့်မြင့်ပညာ ရည်ညွှန်းစာကြည့်တိုက် ကို လာခြင်းပင်။ ယနေ့ဆို သုံးရက်မြောက်ဖြစ်သည်။ စာကြည့်တိုက်မှအပြန် အချိန်စောသေးသည်နှင့် စာအုပ်လေးတစ်အုပ် ၀ယ်ရန် သတိရ လိုက်သောကြောင့်ဖြစ်သည်။  

ပြီးခဲ့တဲ့အပတ်က သူငယ်ချင်းဆိုလည်းဟုတ် ဆရာဆိုလည်း ဟုတ်သူ တစ်ယောက်က ဆရာကြီး နန္ဒာသိန်းဇံ၏ စာအုပ်များ လက်ဆောင်ပေးသည်။ အကြောင်းကိစ္စနှင့် မြောက်ဥက္ကလာ ဘက်ကိုရောက်စဉ် တကူးတက ၀ယ်ပေးခြင်းဖြစ်သည်။ အခြားစာအုပ်တစ်အုပ် လည်း ပါသေးသည်။ မြန်မာနိုင်ငံ ပါဠိစာပေသမိုင်း စာအုပ်ဖြစ်သည်။ မူရင်းရေးသူမှာ အင်္ဂလိပ်လူမျိုး ပါဠိပညာရှင် အမျိုးသမီးတစ်ယောက်ဖြစ်သည်။ လွန်ခဲ့သော နှစ်တစ်ရာခန့်က ရေးသားခဲ့ပြီး သူမ၏ ဒေါက်တာဘွဲ့(PhD) အတွက် ရေးသားခဲ့သော စာတမ်းလည်းဖြစ်သည်။ ယင်းစာအုပ်ကို ဆရာတော်အရှင်ကေလာသမှ ဘာသာပြန်ဆိုထားသည်။
ထိုစာအုပ်လေးကိုပါ လက်ဆောင်ရတော့ မယူဖြစ်လိုက်ပါ။ လွန်ခဲ့သော နှစ်နှစ်က ၀ယ်ပြီးသားရှိသောကြောင့်ပင်။ အကြောင်းတစ်ခုကြောင့် အရေးပေါ်လိုအပ်တော့ စာအုပ်နှင့်လူက တစ်သီးတစ်ခြားဖြစ်နေသည်။ သို့နှင့် နောက်တစ်အုပ်ထပ်ဝယ်ရန် ဆုံးဖြတ်လိုက်သည်။
လှည်းတန်းရှိ စာအုပ်ဆိုင်ကြီးတစ်ဆိုင်တွင် အဆိုပါစာအုပ်ကို အခန့်သင့်ပင် တွေ့ရသည်။ ဈေးနှုန်းကြည့်လိုက်တော့ ထောင့်ရှစ်ရာ။ စိတ်ထဲ တစ်မျိုးဖြစ်သွားသည်။ လွန်ခဲ့တဲ့တစ်ပတ်ခန့်က သူငယ်ချင်းဖြစ်သူက စာအုပ်များ လက်ဆောင်ပေးတော့ ဘောက်ချာရောပါလာ သည်။ ယင်းစာအုပ်ရောင်းဈေးက ထောင့်ငါးရာ။ သို့နှင့် မ၀ယ်ဖြစ်တော့ပါ။
ယနေ့ နေ့လည်တွင် လိုအပ်သော စာအုပ်စာတန်းများ ၀ယ်ရန် ရွှေတိဂုံဘုရား တောင်ဘက်ဈေးတန်းက ဘာသာရေးဆိုင်ရာ စာအုပ်ဆိုင်များရောက်ခဲ့သည်။ သတိတရဖြင့် အဆိုပါစာအုပ်ကိုမေးဖြစ်သည်။ ချက်ချင်းထုတ်ပေးသည်။ စာအုပ်က အထူးတလည်ကြည့်စရာ မလို။ အင်္ဂလိပ်လိုရော မြန်မာလိုပါ ဖတ်ဖူးပြီးသားဖြစ်သည်။ ဈေးနှုန်းကို ကြည့်ခြင်းသာ။ ဟိုက်  ….. နှစ်ထောင်ဆိုပါလား။
ငယ်ငယ်က ကြားခဲ့ဖူးသည့် ပုံပြင်လေးကို သတိရမိသောကြောင့် ဘာမှမပြောတော့ဘဲ ၀ယ်ဖို့ဆုံးဖြတ်လိုက်သည်။ ကိုယ့်ဟာကိုယ်တော့ ကြိတ်ပြုံးမိရသေးသည်။ ကျသင့်ငွေ နှစ်ထောင် ကို ပေးမည်လုပ်တော့ စာအုပ်လာဝယ်သည့် ဒကာမခပ်ငယ်ငယ်တစ်ယောက်က လှူပါရစေပြောပြီး လှူသွားသည်။
*****
          တစ်ခါတုန်းက ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် မျောက်တစ်ကောင်ကို မွေးထားသည်။ တစ်နေ့တွင် အခန့်မသင့်သဖြင့် ကျောင်းထိုင်ဆရာတော်၏ ခေါင်းခေါက်ခြင်းကို ခံရသည်။ တစ်ချက် တည်းခေါက်ခြင်းသာ။ သို့ရာတွင် မျောက်ကြီးက စိတ်ဆိုးပြီး နောက်တစ်ကျောင်း ပြောင်းသွားသည်။
နောက်တစ်ကျောင်းသို့ရောက်ပြီး သိပ်မကြာခင်မှာ ပင် ကျောင်းထိုင်ဆရာတော် ၏ ခေါင်းခေါက်သည်ကို ခံရပြန်သည်။ ယခုအကြိမ်တွင်တော့ နှစ်ချက် အခေါက်ခံရခြင်းဖြစ်သည်။  ထိုသို့ ခေါက်ရမည်လားဟု မျောက်ကြီးက မကျေနပ်။ သို့နှင့် တစ်ကျောင်းပြောင်းပြန်သည်။
သုံးကျောင်းမြောက်ကျောင်းကို ရောက်သောအခါတွင်မူ မျောက်ကြီးမှာ သုံးချက်အခေါက်ခံရသည်။ ဤတစ်ကြိမ်တွင်မူ မျောက်ကြီးက ကျောင်းထပ်ပြောင်းရန် မစဉ်းစားတော့ပါ။
မေတ္တာဖြင့်-
  အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
Wednesday, May 15, 2013

Wednesday, May 8, 2013

ပုဂံတမ်းချင်း



ပုဂံတမ်းချင်း

ပုဂံရေ…….
ကမ္ဘာ့အလယ်မှာဝင့်ထယ်
မင်းအတွက်ကြောင့် တို့လည်းလူရာဝင်ခဲ့တယ်။
ဒါပေမယ့်
ဆန္ဒနဲ့ဘဝ
ထပ်တူမကျသမျှ
ဘ၀အရေးကိုပဲ ဆန္ဒမဲပေးခဲ့ရသူမို့
ဆိုရိုးကိုဆန့်ကျင်
ငါနဲ့တော့ သူစိမ်းပြင်ပြင်ပေါ့။
ဘာပဲဖြစ်ဖြစ်
ပုဂံရင်ခွင်
ခိုလှုံချင်စိတ်
ရိပ်ရိပ်မှမပြယ်
လာဖြစ်အောင်လာခဲ့မယ်နော်…………။
သူ (သရက်)
       Thursday, May 09, 2013

Monday, May 6, 2013

အမှတ်တရ ဓမ္မဒူတခရီးစဉ်

ဇာတိမြေ ဓမ္မဒူတခရီးစဉ် (၂၀၁၃)


Sunday, May 5, 2013

အမှတ်တရ ဓမ္မဒူတခရီးစဉ်

ဓမ္မဒူတခရီး
      ၂၀၁၁-ခုနှစ်က ဇာတိမြေတွင် ကျင်းပပြုလုပ်ခဲ့သည့် ညတရားပွဲ လက်ကမ်းကြေညာနှင့် ဗီနိုင်းပုံလေးပါ။ တရားပွဲများ ရံဖန်ရံခါဆိုသလိုရှိသော်လည်း ကိုယ့်ပုံကိုယ်ဆိုတော့ အထူးတလည် မတောင်းဖြစ်ပါ။ ဇာတိမြေပွဲဆိုတော့ ကိုယ်တိုင်ကိုယ်ကျ ပြင်ဆင်ရသည်မို့ သေချာသိမ်းဖြစ်ခဲ့တာလေးမို့ အမှတ်တရအဖြစ် တင်ပေးလိုက်ပါတယ်။ လောလောဆယ် အပြင်ပဗာဟိရ ကိစ္စတွေများနေ တာရယ်၊ မြန်မာပြည်ရောက်ခိုက် လိုအပ်သည့် စာအုပ်စာတမ်းများ ရှာဖွေနေရတာရယ်၊ အင်တာနက်လိုင်း မကောင်းတာရယ် စတာတွေတွေကြောင့် ပို့စ်တွေသိပ်မတင်ဖြစ်သေးတာကို စာဖတ်ပရိတ်သတ်များ နားလည်ခွင့်လွှတ်ပါကုန်။
၂၀၁၁-ခုနှစ်၊ ဇာတိမြေတရားပွဲ