အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Sunday, April 7, 2013

ဘုန်းဘုရားတို့ရွှေပြည်မှာ (၂)



ဘုန်းဘုရားတို့ ရွှေပြည်မှာ
အပိုင်း (၂)
တရားဟောပင့်မယ် အမြီးရှိရဲ့လား
          ရွှေပြည်ကြီးရောက်ပြီးနောက် နှစ်ရက်ခန့်အကြာတွင်ဖြစ်၏။ ကျောင်းအကျိုးတော်ဆောင် ဆိုသူ ဥပသကာတစ်ယောက် ကျောင်းရောက်လာပြီး တရားပွဲပင့်၏။ အရှင်ဘုရားကို တရားပွဲပင့်ချင် တယ် ဟောနိုင်မလားဟု လျောက်၏။ အခါတိုင်းလည်း ကျောင်းမှာရှိတဲ့ ပွဲတိုင်းဆိုသလို ဟောနေတာ ဒကာကြီးအသိပဲလေ။ ရပ်ကွက်ပွဲတွေလည်း ဒီလိုပဲ ဟောနေတာပဲ။ ပင့်သူရှိရင် ဟောရမှာပေါ့ဗျာ ဟု ဆိုမိ၏။
          တပည့်တော်ကတော့ အရှင်ဘုရားအကြောင်းကို ကောင်းကောင်းသိတာပေါ့ဘုရား။ ယုံကြည်လို့လဲ ပင့်တာပေါ့ဘုရား။ အခုပွဲက သာမန်မဟုတ်ဘူးဘုရား။ နိုင်ငံကျော် ဆရာတော်တွေနဲ့ တွဲတက်ရမှာမို့ ကြိုတင်လျောက်ထားတာဘုရား။ ဟုတ်လား…..ဟုသာ စကားတစ်ခွန်းဆိုမိ၏။ အမှန်တော့ ဘုရားရဲ့တရာတော်တွေကိုပဲ ဟောပြောကြတာပဲမလား ဟု ပြောချင်မိ၏။ သို့သော် မပြောဖြစ်တော့ ပါ။ ပြောလည်း သိပ်ထူးမည် မထင်သောကြောင့်ပင်။
          ဒီလိုဆိုတော့ အရှင်ရထားတဲ့ ဘွဲ့ဒီဂရီတွေကို ရေးပေးဦးဘုရားဆိုပြီး ဘော့ပင်လေးနဲ့ မှတ်စုစာအုပ်လေးကို ကမ်းပေး၏။ ဒကာကြီးရာ မလိုအပ်ပါဘူး။ အဲဘွဲ့ဒီဂရီတွေကို ပြောရတပ်ရမှာ ရှက်လို့ပါ။ ဦးဇင်းရဲ့ဘွဲ့နဲ့ ကျောင်းလောက်ဆို လုံလောက်ပါတယ်ဟု ပြန်ပြောရာ ဒကာကြီးမှ အရှင်ဘုရားရယ် ဒီလိုလည်း ဘယ်ဟုတ်ပါ့မလဲ ဒီပွဲမျိုးမှ ဒီဘွဲ့တွေမတပ်ရင် ဘယ်နားသွားတပ်မလဲ-တဲ့။ (နိုင်ငံခြားကိုရောက်ကာစ ပါလာသည့်ပစ္စည်းများကို ပြင်ဆင်ရှင်းလင်းစဉ် စာရေးသူ၏ ပထမဆုံးထုတ်ဝေ သည့် စာအုပ်လေးကို ဘေးတွင်ထိုင်နေသည့် ဆရာတော်တစ်ပါးက မြင်သွားပြီး ကောက်ကိုင်၏။ မျက်နှာဖုံးကိုကြည့်ပြီး ဦးဇင်းရာ ကလောင်နာမည်လောက်ဆို တော်ရောပေါ့၊ ဟိုဟိုဒီဒီ ဘွဲ့ဒီဂရီတွေကို မထည့်ပါနဲ့၊ ရှက်ဖို့ကောင်းပါတယ်-တဲ့။ ထိုသို့ပြောသည့်ဆရာတော်မှာ ပညာရေးတွင် တော်သူတစ်ယောက် အဖြစ် အများက အသိအမှတ်ပြုထားသူဖြစ်၏။)
          အင်း……..ခက်ကရော့ပြီ။ ဒကာကြီး ဦးဇင်းရေးထားတဲ့ စာအုပ်တွေကို ထွက်တိုင်းပေးနေတာ ငါးအုပ်တောင်ရှိနေပြီ။ ပထမဆုံးတစ်အုပ်မှာပဲ ဦးဇင်းရဲ့ဘွဲ့နောက်က အမြီးအမောက်တွေ ထည့်ဖူးတာ ဒကာကြီးလည်းအသိပဲ။ ဦးဇင်းရယ် ဒီလိုမှ ဘွဲ့ဒီဂရီတွေမပါရင် တရားလာနာတဲ့သူတောင် ရှိပါ့မလား ဆိုပဲ။ (ဒီလိုဆိုလည်း တခြားပဲ ပင့်ပါတော့ဟု ပြောချင်တော့သည်။ သို့ရာတွင် မပြောဖြစ်တော့။ အရင်တစ်နေ့က ယခုဒကာကြီး လျောက်ထားသည့်စကားကို ပြန်လည် သတိရမိသောကြောင့်ဖြစ်၏။ အရှင်ဘုရားကတော့ အမြင့်ရောက်သွားလို့ တင့်တယ်နေပြီ…..။ တပည့်တော်တို့ ကျောင်းကိုလည်း ပစ်မထားပါနဲ့ဘုရား။ အရှင်ဘုရားလည်း ဒီအရိပ်မှီခို ကြီးသွားတာပဲ…တဲ့။)
          တရားပွဲကိုငြင်းလိုက်လျင်ပင် ကျေးဇူးကန်းသူ ဖြစ်သွားလေမလားမသိ။ အမှန်တော့ ဒကာကြီးကား စိတ်ထားကောင်းသူဖြစ်၏။ အရပ်ထဲနေသူဖြစ်၍ လောကအကြောင်း ပတ်ဝန်းကျင်အကြောင်း ကို ကောင်းစွာကျွမ်းဝင်သူဖြစ်၏။ စာရေးသူကို ထင်ပေါ်စေလိုသည်မှာလည်း အမှန်စေတနာဖြစ်၏။ မိမိသည်သာ လောကအကြောင်းကို နားမလည်သူအဖြစ် အဆုံးသတ်မိတော့သည်။ (တရားဓမ္မကို အမှန်တကယ် လိုလိုလားလားနှင့် ရိုရိုသေသေ နာကြားနေသည့် ဒကာ ဒကာမများ ရှိသည်ကို အမှန်တကယ်ယုံကြည်၏။ ထိုသူတို့အတွက် ဤဆောင်းပါးကြောင့် လွန်စွာအားနာဖြစ်မိ၏။ ဆိုရေးရှိက ဆိုအပ်လှ၏ဆိုသည့် ၀တ္တရားအတိုင်း ဆိုရခြင်းသာဖြစ်၏)။
          သြော်…..ငါ့နှယ် တွေ့ရပလေ။ ဒီဂုဏ်တံတိုင်းကြီးတွေကို ဖြိုချဖို့ ကြိုးစားရပေဦးမည်။ အင်း … အခုတော့ “ခါချဉ်ကောင် မာန်ကြီးလို့၊ တောင်ကြီးကိုတဲ့ ဖြိုမယ်ကြံ၊ ခါးက မသန်” ဆိုသလို အဖြစ်မျိုးတိုးရပြီ။ ရှိစေတော့…… ကိုယ့်ရဲ့အားနည်းချက်တွေကို ဖြည့်ဆည်းရပေဦးမယ်။
ဓမ္မအသိဖြင့် ရိုးရိုးကျင့် မြင့်မြင့်ကြံ အမှန်မြင်နိုင်ကြပါစေ………။
မေတ္တာဖြင့်-
             အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
                Monday, February 18, 2013

0 comments:

Post a Comment