အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Sunday, February 17, 2013

ဘုန်းဘုရားတို့ ရွှေပြည်မှာ

ဘုန်းဘုရားတို့ ရွှေပြည်မှာ
အပိုင်း (၁)
ဆွမ်းစားပင့်လို့ ပြောချင်တယ်
          ရွှေပြည်ကြီးကို ပြန်ရောက်ပြီး တစ်ပတ်ခန့်အကြာ ရန်ကုန်မှ မိမိအခြေချနေထိုင်ရာ နယ်မြို့လေးသို့ ပြန်ရောက်ခဲ့သည်။ တစ်ညတွင် နောက်တစ်နေ့ အရုဏ်ဆွမ်းအတွက် ဆွမ်းစားလာပင့်သည်ကို ကြုံရ၏။ မိမိကိုတော့မဟုတ်။ မည်သူ့ကိုပင့်ပါဟု နာမည် (ဘွဲ့) တပ်လာခြင်းဖြစ်၏။ လာပင့်သူမှာ ပရဟိတအသင်းမှဆိုသတတ်။ ယင်းပရဟိတအသင်း အခြေစိုက်ရာ ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်က ပင့်ခိုင်းသည်ဆို၏။
          လာပင့်သူက မတ်တတ်ရပ်ဖြင့်ပင် လက်အုပ်ချီကာ ကျောင်းဝင်းအတွင်း အခြားဒကာများဖြင့် စကားပြောနေသည့် ဆရာတော်ကို ပင့်လျှောက်၏။ အရုဏ်ဆွမ်းစားမှာ မြို့ပေါ်မှ အရာရှိတစ်ဦး၏ အိမ်သို့ဖြစ်၏။ ကြွရမည့်နေရာမှာ ပရဟိတအသင်း အခြေစိုက်ရာ ကျောင်းတိုက်သို့ပင်။ ထိုကျောင်းမှတစ်ဆင့် အရာရှိ၏ဆိုင်ရာကားဖြင့် အရာရှိအိမ်သို့ ကြွရမည်ဟူသတတ်။
          ထိုအခိုက် ဘေးတွင်ရပ်နေသော စာရေးသူက “ကားနဲ့လာပင့်တာပဲ ကျောင်းတိုက်အရောက် လာပင့်ခိုင်းလိုက်ပြီးရော”ဟု အာချောင်မိလေ၏။ မိမိတို့နှင့် တစ်ရပ်ကွက်တည်းနေကျောင်းမှ ဆရာတော်ပါ ပင့်သံဃာဖြင့် ပါသည်ဆို၍ “ကျောင်းတိုက်အရောက်ပဲ လာပင့်ခိုင်းဖို့ ပြောလိုက်ပါ”ဟု ထပ်မံ တိုက်တွန်း(အာချောင်)မိပြန်၏။ အဆိုပါလာပင့်သူ ပရဟိတအသင်းမှဆိုသူက “တပည့်တော်က ဒရိုင်ဘာမဟုတ်ဘူး” ဟူသတည်း။
          ထိုသို့ပြောနေခိုက် မိမိတို့ကျောင်းဆရာတော်မှာ တွေဝေနေဟန်ရှိ၏။ သို့ဖြင့် တစ်ဆင့်ခံမှ တစ်ဆင့်လာပင့်သူ ပရဟိတအသင်းမှ ဒကာက “အဆင်မပြေရင် တခြားတစ်ပါး စီစဉ်လိုက်မည်”ဟု ဆိုလေတော့သည်။
          စဉ်းစားကြည့်ပါ အရပ်ကတို့။ မှားလို့ စဉ်းစားကြည့်ပါ စာဖတ်သူတို့။ ကားဖြင့်လာပင့်မည်ဖြစ်၍ ဆွမ်းစားပင့်သည့် ဆရာတော်များကို ကျောင်းတိုက်တိုင်းအရောက် ကားဖြင့်ပင်ပင့်ဖို့ပြောတော့ သူက ဒရိုင်ဘာ မဟုတ်ပါ-တဲ့။ အခုတော့ ဆရာတော်စဉ်းစားနေခိုက် ပွင့်ပွင့်လင်းလင်းပြောရလျှင် မိမိအာချောင်စကားကြောင့် မကျေနပ်ဟန်ရှိသော တစ်ဆင့်ခံပင့်ခိုင်းသည့် တစ်ဆင့်ခံဖြင့်ထပ်ပင့်သူက တစ်ခြားတစ်ပါးကို စီစဉ်ပါမည်-တဲ့။
          ပရဟိတအသင်းမှ ဒကာဆိုသူ တစ်ဆင့်ခံဆွမ်းစားလာပင့်သူ၏ စကားနှစ်ခွန်းကို နားထောင်ပြီး သူ့အိမ်သို့ပင် ဆွမ်းစားကြွရလေမည်လားဟုပင် မေးချင်မိတော့၏။ မမေးဖြစ်တော့ပါ။ မိမိတို့ဆရာတော်ကို အခက်မတွေ့စေလိုသောကြောင့်ပင်။ ပရဟိတလုပ်ငန်းကို ………..။ ရှိစေတော့ဟုသာ……..။
*****
          ရဟန်းခံပြီးသည်မှစ၍ ကြိမ်ဖန်များစွာ ဆွမ်းစားကွမ်းစားများကို လိုက်ခဲ့ရဘူး၏။ နယ်မြို့တွင်သာမက ရန်ကုန်တွင် တက္ကသိုလ်တက်နေစဉ်မှာပါ လိုက်ခဲ့ရ၏။ တစ်ချို့က မည်သူပဲကြွပါဟု သီးသန့်ပင့်၏။ တစ်ချို့က ကျောင်းထိုင်ဆရာတော်ပဲ ကြွပါဟုပင့်၏။ ကျောင်းထိုင်ဆရာတော်မကြွနိုင်က မပင့်သည်ကိုလည်း ကြုံခဲ့ရ၏။ ရွှေပြည်ကြီးတွင် ဆင်းသားမှအစ သူဋ္ဌေးသူကြွယ် မြို့မျက်နှာဖုံး မင်းစိုးရာဇာ စသူတို့၏ အိမ်မျိုးစုံသို့ ဆွမ်းစားကြွခဲ့ရဖူးသည်။ မိမိမှီခိုရာ ကျောင်းတိုက်နှင့် ဆရာတော်များကား ရှေးဘုန်းရှေးကံ (အတိရေက လာဘ) ရှိသူများချည့်တည့်။ ရံခါများတွင် ဘာသာခြား ဟိန္ဒူလူမျိုး ဟိန္ဒီဘာသာဝင်များ၏အိမ်နှင့် ဘုရားကျောင်းများသို့ပင် ဆွမ်းစားကြွခဲ့ရ၏။ ဤမျှစုံ၏။
          အချိန်တွေပြောင်း အရွယ်တွေ ပတ်ဝန်းကျင်တွေ ပြောင်းလာသည့်နှင့်အမျှ ရွှေပြည်ကြီးမှခွာကာ အိမ်းနီးချင်းတိုင်းပြည်များကို အကြောင်းအားလျောစွာ ရံခါရောက်ဖြစ်ခဲ့၏။ ထိုအထဲမှ သီဟိုဠ်ခေါ် သီရိလင်္ကာနိုင်ငံသည် စာရေးသူ နှစ်နှင့်ချီပြီး အခြေချနေထိုင် ပညာသင်ခဲ့ရာနိုင်ငံဖြစ်၏။ လက်ရှိလည်း ပညာသင်ယူနေဆဲဖြစ်၏။
          သီရိလင်္ကာနိုင်ငံသည် ထေရ၀ါဒဗုဒ္ဓဘာသာထွန်းကားရာ နိုင်ငံတစ်နိုင်ငံဖြစ်၏။ ထိုကြောင့် စာရေးသူပညာရှာနေစဉ်အတွင် ရှေ့ပိုင်းနှစ်များတွင် ဒေသခံဘုန်းတော်ကြီးကျောင်း တစ်ကျောင်းတွင် နေထိုင်သီတင်းသုံး၏။ ထိုအတွင်း ဆင်းရဲသားမှအစ ၀န်ကြီး၊ သမ္မအဆုံး ဆွမ်းစားကွမ်းစားပင့်သည့် အခမ်းနားမျိုးစုံသို့ကြွခဲ့ဘူး၏။ မိမိသာမက ရွှေပြည်ကြီးမှ သီဟိုဠ်ရောက် ရဟန်းတော်များအားလုံး ထိုကဲ့သို့ကြွဖူးကြ၏။
          ဆွမ်းစားပင့်သည့်အခါတိုင်းတွင် ကားဖြင့်ကြွရ၏။ ခြေလျင်ကြွရသည်ကား အတော်ပင်ရှားလှ၏။ တစ်ဆင့်ခံကျောင်းမှပင် လာပင့်စေကာမူ ကျောင်းတိုက်အရောက် ကာဖြင့်ပင် လာပင့်ခြင်းဖြစ်၏။ စုရပ်သို့လည်း ကားဖြင့်စု၏။ ခြေလျင်ကြွရလျင်လည်း အားလုံးပင် ခြေလျင်ကြွရ၏။ (ဤတွင် ကားနှင့်ပင့်မှ ဆွမ်းစားကြွရမည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ ခြေလျင်လည်း ကြွမည်သာဖြစ်၏။ သို့ရာတွင် မိမိကျောင်းကို ဂိတ် သို့မဟုတ် စုရပ်အဖြစ်ထားကာ လာပင့်သည့်ဒကာနှင့်စကားပြော အခြားသံဃာများကို သူ့ကျောင်းသို့ ခြေလျင်ကြွခဲ့ဆိုသည်မှာ မသင့်တော်သောကြောင့်သာ ပြောရခြင်းဖြစ်သည်။ အသက်သိက္ခာကြီးမားသည့် ဆရာတော်မို့ သီးခြားပင့်သည်ဆိုကလည်း ဘာမှပြောစရာမရှိ။)
          သီဟိုဠ်၌ ရှင်ရော အလှူဒကာပါ မည်သည့်ပုဂ္ဂိုလ်သာကြွပါဟု ခွဲခြားပင့်လေ့မရှိ။ ဘုန်းကြီးမကြွဘဲ ကိုရင် သို့မဟုတ် အစားဦးဇင်းတစ်ပါးကြွလာလို့လည်း မျက်နှာမပျက်၊ သဒ္ဓါမပျက်။ ထိုကြောင့် ၀န်ကြီး၊ သမ္မတ စသူတို့ ကပ်လှူသော ဆွမ်းစားများ၌ပင် ကိုရင်ငယ်လေးများကို ဆွမ်းစားကိုယ်စားလှယ်များအဖြင့် ဆုံခဲ့ရ၏။ အားလုံးကို သံဃာအမှတ်ဖြင့် သံဃာ့ဂုဏ်ကို ရည်မှန်းပြီး ကပ်လှူခြင်းဖြစ်၏။ သံဃေ ဒိန္နံ မဟပ္ဖလံ= သံဃာအား ရည်မှန်းပေးလှူခြင်းသည် အကျိုးကြီးသည် ဆိုသည့်အချက်ကို ဆရာတော် သံဃာတော်များ ကြိမ်ဖန်များစွာ ဟောပြောဘူး၍ အားလုံးရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်၏။
          ပတ်ဝန်းကျင်တစ်ခုသည် ပတ်ဝန်းကျင်တစ်ခုအတွက် နှိုင်းယှဉ်စရာဖြစ်၏။ မကောင်းသည့် အမူအကျင့် ဓလေ့ စရိုက်တို့ကို ပယ်စွန့်၍ ကောင်းသည့် အချက်များကို လေးစာလိုက်နာ ကျင့်ဆောင်ဖို့ရာဖြစ်၏။ ရှိစေတော့ ….. ကိုယ့်ကိုယ်ကိုယ်ပင် ပြင်ဖို့အရင်ကြိုးစားရပေဦးမည်။
ဓမ္မအသိဖြင့် ကျင့်သုံးနေထိုင်နိုင်ကြပါစေ………..။
မေတ္တာဖြင့်-
               အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
                  Sunday, February 17, 2013

0 comments:

Post a Comment