အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Thursday, February 7, 2013

ရွှေပြည်မှ ခွန်းဆက်သည်



“ရွှေပြည်မှ ခွန်းဆက်သည်”
 *************
ဒီတစ်ခေါက် ရွှေပြည်ကြီးကို ပြန်ရောက်ခိုက် လေးလခန့် နေထိုင်သီတင်းသုံးမည်ဟု စိတ်ကူးမိ၏။ Supervisors များကိုလည်း အမိမြေပြန်ယင်း သုတေသနစာတမ်းအတွက် နောက်ထပ် Chapter တစ်ခန်းပြီးအောင် ရေးခဲ့မည်ဟု ဟုတ်ဟုတ်ငြားငြားပြော မိ၏။ သာရေးနာရေး လုပ်ငန်းများ လည်း ရောက်သည့်နေမှစ၍ ဇယ်တောက်သည့်ပမာ လက်မလည်နိုင် ရှိလှ ၏။ ဒေသစာရီ ခရီးများ ဟိုဟိုဒီဒီကြွရန် ဆွေတော်မျိုးတော်များ သိကျွမ်းဖြစ်ဘူးသူများ ထိုထိုဤဤ ပုဂ္ဂိုလ်များ ပင့်လျှောက်ထားပြီးဖြစ်၍ ကြွချီရန် ပြင်ရဆင်ရ၏။ ဘ၀နေ၀င်ချိန်ရောက် ဘိုးဘွားမိဘ ဆရာသမား သက်ကြီးရွယ်အိုများ အတွက် ဆယ်ရက်တရားစခန်းတွင်လည်း ဓမ္မဒေသနာများ ချီးမြှင့်ပေးရ မည်ဖြစ်၏။ မျိုးဆက်သစ်လူငယ်များအတွက်လည်း နွေရာသီ ဗုဒ္ဓဓမ္မနှင့် ယဉ်ကျေးမှု အင်္ဂလိပ်စာ သင်တန်းများ သင်ကြားပြသပေးရန် စီစဉ်လျက်ရှိ၏။ ပြောင်းလဲဖို့ရန် လိုအပ်သည်များလည်း ရှိ၏။ ထို့အတူပင် မပြောင်းမလဲ ခိုင်မြဲဖို့ရန် လိုအပ်သည်များလည်းရှိ၏။ အုတ်တစ်ချပ်အနေဖြင့်လည်း ပါဝင်ဖြည့်ဆည်းရန် ဆန္ဒပြုပြီးဖြစ်၏။ သဲတစ်ပွင့်အဖြစ်လည်း ပါဝင်ရန် ဆုံးဖြတ်ပြီးဖြစ် ၏။ ကောက်ရိုးတစ်မျှင်အနေဖြင့်လည်း အကူညီဖြစ်ရန် သန္နိဋ္ဌာန်ချပြီးဖြစ်၏။ ရွှေပြည်ကြီးကား အရင်တစ်ခေါက်နှင့် လားလားမျှမတူ အပြောင်းလဲကြီး ပြောင်းလဲလျှက်ရှိ ၏။ ပူလည်း ပူ၏။ ထူလည်း ထူ၏။ အေးလည်း အေး၏။ ကွေးလည်း ကွေး၏။ မည်သို့ပင်ဖြစ်စေ ဘ၀တစ်လျှောက်လုံး တွင် ပေးနိုင်သူသာ ဖြစ်ရလို၏။ ပေးဆပ်ခြင်းဖြင့်ပင် ဘ၀ကို ရှင်သန်လို၏။ ကို်ယ်-စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာစွာဖြင့် ကောင်းသော လိုအင်ဆန္ဒများ ပြီးပြည့်စုံနိုင်ကြပါစေဟု ဆန္ဒပြုမိ၏။
မေတ္တာဖြင့်-
              အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
                        Date- 08-02 2013

0 comments:

Post a Comment