အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Friday, January 25, 2013

လိုနေသူမှ လိုနေသူသို့



လိုနေသူမှ လိုနေသူသို့
**********
ဦနော လောကော။ (မ၊ ၂၊ ၂၅၆)
လူအပေါင်းသည် အလိုမပြည့်၊ ယုတ်လျော့လျက်သာရှိ၏။ (မ၊ မြန်၊ ပြန်)
*****
          တရားတော်တစ်ပုဒ်တွင် “ဦနော သဗ္ဗော လောကော (လောကကြီးတစ်ခုလုံး လိုနေတယ်)” ဟု သီတဂူဆရာတော် ဟောကြားတော်မူခဲ့သည်ကို မှတ်သားခဲ့ဖူးသည်။ အလွန်သင့်လျော် ကောင်းမွန်ပြီး နားလည်ရလွယ်ကူသည့် ဘာသာပြန်ဆိုချက်ဖြစ်ပါသည်။ လောကကြီး၏ လိုနေသည်ဆိုသည့် အချက်ကို သိသာထင်ရှားအောင် မီးမောင်းထိုးပြသည့် ရှင်းလင်းချက်လည်းဖြစ်သည်။ မှန်၏။ လောကကြီးကား လိုနေလျက်သာရှိသည်။
*****
          မဇ္ဈိမနိကာယ်၊ ဥပရိပဏ္ဏာသပါဠိ၊ စူဠကမ္မ၀ိဘင်္ဂသုတ် (သုဘသုတ်)တွင် အတိတ်ကပြုခဲ့ဖူးသော ကုသိုလ်ကံ အကုသိုလ်ကံများကြောင့် ဆင်းရဲ-ချမ်းသာ၊ ပညာတတ်-မတတ် စသည်ဖြင့် လူအမျိုးမျိုးကွပြားရကြောင်းကို မြတ်ဗုဒ္ဓက မိန့်တော်မူခဲ့သည်။ အတိတ်ကံသည် ပစ္စုပ္ပန်ဘ၀အတွက် အရေးကြီးသည်မှန်သော်လည်း လက်ရှိသည်သာ ပိုင်ဆိုင်သည့်အရာဖြစ်၍ ပစ္စုပ္ပန် ကာယကံ ၀စီကံ မနောကံများကသာ ပို၍အရေးကြီးပေသည်။ ယင်းအချက်ကို ထင်းရှားသိသာစေရန် တရား ဂုဏ်တော်ခြောက်ပါးမှ သန္ဒိဋ္ဌိကဂုဏ်တော်ကို တွေ့နိုင်ပါသည်။
          အထက်ပါအတိုင်း မြတ်ဗုဒ္ဓ၏စကားတော်ဖြင့် ပြောရလျှင် လူတိုင်းသည် တစ်ခုမဟုတ် တစ်ခုကို လိုအပ်နေသည်သာဖြစ်သည်။ မိမိရှေ့မှာပင် အထင်အရှားမြင်တွေ့နိုင်သည်။ ဆင်းရဲသူများသည် ထမင်းနပ်မှန်ဖို့လိုသည်။ နေစရာအိမ်ရှိဖို့လိုသည်။ ကျောင်းတက်ဖို့လိုသည်။ ဘ၀နွံထဲလဲနေသူများဖြစ်၍ တွဲထူပေးဖို့လိုသည်။ လမ်းဘေးတွင်ရောက်နေသည်ဖြစ်၍ လမ်းမှန်ပေါ်တွန်းတင်ဖို့ လမ်းမှန်ကိုကူညီပြသဖို့ လိုနေသည်။

          သို့ဆိုသော် ပစ္စည်းဥစ္စာ ချမ်းသာကြွဝသူ ပညာတတ်သူစသော သူများမှာကော မည်သည့်အရာမျှ မလိုအပ်တော့ဘူးလားဟု မေးစရာရှိလာသည်။ လောကကြီးတစ်ခုလုံး လိုနေသည်ဟု ဆိုထားသောကြောင့် ချမ်းသာသူများရော ပညာတတ်သူများပါ လောကထဲအကျုံးဝင်သောကြောင့် လိုအပ်သူများသာဖြစ်၏။ ဘာတွေလိုနေပါသနည်း? လိုအပ်ခြင်း၏အကြောင်းက အဘယ်ပါနည်း။
          မင်္ဂလသုတ်၊ သုဘသုတ်တို့နှင့်အညီပြောရလျှင် လူဖြစ်လာရသည်မှာ အကြောင်းမဲ့မဟုတ်။ အတိဘ၀ ကုသိုလ်ကောင်းမှုများကြောင့် ဖြစ်၏။ ထို့အတူ ပစ္စည်းဥစ္စာပြည့်စုံခြင်း ရုပ်ရည်အဆင်းလှပခြင်း ပညာတတ်ခြင်း စသည်တို့သည်လည်း အတိတ်ကုသိုလ်ကံများကြောင့် ဖြစ်၏။ ဗုဒ္ဓဘာသာအလိုအရ နိဗ္ဗာန်မရမီ ကြားကာလအတွင်း လူတိုင်းသည် သံသရာတွင် ကျင်လည်ရဦးမည်ဖြစ်သည်။ ထိုထိုကျင်လည်ရာ ဘ၀တိုင်းတွင် သက်တောင့်သက်သာ အစစ အရာရာပြည့်စုံ စွာဖြင့် နေထိုင်လိုပါလျှင် ပေးကမ်းလှူဒါန်းခြင်း စသော ကုသိုလ်ကောင်းမှုများ ကို ပြုလုပ်ရမည်သာဖြစ်သည်။
          ထိုကြောင့် ချမ်းသာသူ ပညာတတ်သူ စသောသူများအနေဖြင့် မိမိတို့လောက် အတိကံမကောင်း အကြောင်းမလှသူများကို ကူညီဖေးမ ထောက်ပံ့ကြရန်လိုသည်။ နည်းသည်များသည်ကို ပဓာနမထားဘဲ မိမိတို့စွမ်းနိုင်သရွေ့ စေတနာဖြူစင်စွာဖြင့် ကူညီပေးဖို့လိုသည်။ ကောက်ရိုး တစ်မျှင်ပင်ဖြစ်စေကာမူ ရေနစ်သူအတွက် အားတက်ဖွယ်ဖြစ်သည်။ တစ်ရာ-ကိုးဆယ်ပင်ဖြစ်စေကာမူ စုပေါင်းစပ်ပေါင်းလျှင် ကြီးမားသောအတိုင်းတာဖြင့် ထိထိရောက်ရောက် ကူညီနိုင်သည်ကို သတိပြုမိဖို့လိုသည်။
*****
          လူတိုင်းသည် မည်သည့်အနေထားတွင်ရှိစေကာမူ လိုအပ်နေကြသူများသာဖြစ်သည်။ အဓိကအချက်မှာ မိမိဘာကို လိုအပ်နေသည်ကို သိဖို့လိုသည်။ သိပြီးနောက် မိမိလိုအပ်နေသည့် အချက်ကို ဖြည့်ဆည်းဖို့လိုသည်။ ဤသို့လုပ်နိုင်လျှင် ခေါင်းနှင့်ပန်းပြည့်စုံသော ပိုက်ဆံကဲ့သို့ တန်ဖိုးရှိတော့ သည်သာဖြစ်သည်။ မည်မျှတန်ဖိုးရှိသနည်းဆိုသော် မည်မျှသိ၍ မည်မျှကျင့်သနည်း ဆိုသည့်ပေတံဖြင့် တိုင်းတာရပေမည်။ များများသိလေ အကျိုးရှိလေဖြစ်၍ များများကျင့်နိုင်လေ ပြည့်စုံနိုင်လေဖြစ်တော့သည်။ အလုံးစုံပြည့်စုံနိုင်လေ အနှိုင်းမဲ့တန်ဖိုးရှိလေဖြစ်သည်။ ဤသည်မှာ မိမိနိုင်ရာဝန်ထမ်း၍ တစ်ဖက်တစ်လမ်းမှ ပရဟိတလုပ်ငန်းကို လုပ်ကိုင်ခြင်းဖြစ်သကဲ့သို့ ပရဟိတလုပ်ငန်း လုပ်နေသူများကို တတ်စွမ်းသမျှ အားပေးကူညီခြင်းလည်း ဖြစ်တော့သည်။
ပရဟိတလုပ်ငန်းသည် လူသားခြင်း စာနာထောက်ထားသော လူပီသသော လုပ်ငန်းဖြစ်သည်။ ဘုရားအလောင်းအစရှိသော သူတော်ကောင်းတို့ အဓိကဖြည့်ကျင့်သော မြတ်သောပါရမီလည်းထိုက်သည်။ ပစ္စုပ္ပန်-သံသရာ ဘ၀နှစ်ဖြာကို အလှဆင်ပေးသည့် မွန်မြတ်သည့်လုပ်ငန်းလည်းဖြစ်သည်။ နိဂုံးချုပ်အားဖြင့် ဆရာကြီးမင်းယုဝေ၏ "ပရဟိတ မွန်မြတ်လှ" ကဗျာဖြင့် ထိုထိုပရဟိတလုပ်ငန်း လုပ်ကိုင်နေသူများ တစ်ဖက်တစ်လမ်းကနေ ပါဝင်ထောက်ပံ့နေသူများ၏ ကောင်းမှုအထွေထွေကို သာဓုအကြိမ်ကြိမ် ခေါ်ဆိုမိပါတော့သည်။
နွမ်းပါးရှာသူ၊ ချို့တဲ့သူကို
ကူညီမစ၊ ထောက်ပံ့ကြသည်
ပရဟိတ မွန်မြတ်လှ။
မိဘမဲ့သူ၊ ကံဆိုးသူကို
ကူညီယုယ၊ ပြုစုကြသည်
ပရဟိတ မွန်မြတ်လှ။
မသန်စွမ်းသူ၊ အားနွဲ့သူကို
ကူညီဖေးမ၊ ပံ့ပိုးကြသည်
ပရဟိတ မြတ်မြတ်လှ။
မကျန်းမာသူ၊ နာသောသူကို
ကူညီစောင်မ၊ စောင့်ရှောက်ကြသည်
ပရဟိတ မွန်မြတ်လှ။
ပညာနည်းသူ၊ ဉာဏ်မွဲသူကို
ကူညီတွဲကြ၊ အလင်းပြသည်
ပရဟိတ မွန်မြတ်လှ။
ကွယ်လွန်ရှာသူ၊ သက်မဲ့သူကို
ကူညီဝိုင်းကြ၊ သင်္ဂြိုဟ်ကြသည်
ပရဟိတ မွန်မြတ်လှ။
ဘ၀ခရီး၊ လမ်းမကြီးကို
အသီးသီးသူငါ၊ လျှောက်လှမ်းရာဝယ်
မောရှာပန်းရှာ၊ များလှစွာကို
စာနာဖေးမ၊ ကူညီကြသည်
ပရဟိတ၊ မြတ်အလှတည့်
ပြုကြပုဂ္ဂိုလ်၊ များထိုထို၏
ကုသိုလ်ကောင်းမှု၊ အစုစုကို
သာဓုကြိမ်ကြိမ် ခေါ်မိတကား။   
အသိ-အကျင့်များဖြင့်ပြည့်စုံပြီး ဓမ္မအသိများ နေ့စဉ်ဘ၀ထဲသို့ ယူဆောင်ကျင့်သုံးသွားနိုင်ပါစေဟု ဆန္ဒပြုလိုက်ပါသည်။
မေတ္တာဖြင့်-
          အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
             Saturday, January 05, 2013

0 comments:

Post a Comment