အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Friday, January 25, 2013

လိုနေသူမှ လိုနေသူသို့



လိုနေသူမှ လိုနေသူသို့
**********
ဦနော လောကော။ (မ၊ ၂၊ ၂၅၆)
လူအပေါင်းသည် အလိုမပြည့်၊ ယုတ်လျော့လျက်သာရှိ၏။ (မ၊ မြန်၊ ပြန်)
*****
          တရားတော်တစ်ပုဒ်တွင် “ဦနော သဗ္ဗော လောကော (လောကကြီးတစ်ခုလုံး လိုနေတယ်)” ဟု သီတဂူဆရာတော် ဟောကြားတော်မူခဲ့သည်ကို မှတ်သားခဲ့ဖူးသည်။ အလွန်သင့်လျော် ကောင်းမွန်ပြီး နားလည်ရလွယ်ကူသည့် ဘာသာပြန်ဆိုချက်ဖြစ်ပါသည်။ လောကကြီး၏ လိုနေသည်ဆိုသည့် အချက်ကို သိသာထင်ရှားအောင် မီးမောင်းထိုးပြသည့် ရှင်းလင်းချက်လည်းဖြစ်သည်။ မှန်၏။ လောကကြီးကား လိုနေလျက်သာရှိသည်။
*****
          မဇ္ဈိမနိကာယ်၊ ဥပရိပဏ္ဏာသပါဠိ၊ စူဠကမ္မ၀ိဘင်္ဂသုတ် (သုဘသုတ်)တွင် အတိတ်ကပြုခဲ့ဖူးသော ကုသိုလ်ကံ အကုသိုလ်ကံများကြောင့် ဆင်းရဲ-ချမ်းသာ၊ ပညာတတ်-မတတ် စသည်ဖြင့် လူအမျိုးမျိုးကွပြားရကြောင်းကို မြတ်ဗုဒ္ဓက မိန့်တော်မူခဲ့သည်။ အတိတ်ကံသည် ပစ္စုပ္ပန်ဘ၀အတွက် အရေးကြီးသည်မှန်သော်လည်း လက်ရှိသည်သာ ပိုင်ဆိုင်သည့်အရာဖြစ်၍ ပစ္စုပ္ပန် ကာယကံ ၀စီကံ မနောကံများကသာ ပို၍အရေးကြီးပေသည်။ ယင်းအချက်ကို ထင်းရှားသိသာစေရန် တရား ဂုဏ်တော်ခြောက်ပါးမှ သန္ဒိဋ္ဌိကဂုဏ်တော်ကို တွေ့နိုင်ပါသည်။
          အထက်ပါအတိုင်း မြတ်ဗုဒ္ဓ၏စကားတော်ဖြင့် ပြောရလျှင် လူတိုင်းသည် တစ်ခုမဟုတ် တစ်ခုကို လိုအပ်နေသည်သာဖြစ်သည်။ မိမိရှေ့မှာပင် အထင်အရှားမြင်တွေ့နိုင်သည်။ ဆင်းရဲသူများသည် ထမင်းနပ်မှန်ဖို့လိုသည်။ နေစရာအိမ်ရှိဖို့လိုသည်။ ကျောင်းတက်ဖို့လိုသည်။ ဘ၀နွံထဲလဲနေသူများဖြစ်၍ တွဲထူပေးဖို့လိုသည်။ လမ်းဘေးတွင်ရောက်နေသည်ဖြစ်၍ လမ်းမှန်ပေါ်တွန်းတင်ဖို့ လမ်းမှန်ကိုကူညီပြသဖို့ လိုနေသည်။

Thursday, January 17, 2013

သံယောဇဉ်



သံယောဇဉ်
~~~~~~~~
နှောင်ကြိုးရစ်ငင်
လှုပ်တိုင်းနင်သည်
ရှေ့တိုးလည်းနစ်
နောက်ဆုတ်ခက်မို့
တန့်လည်းအဆိုး
သည်အမျိုးသည်
ရင်၌တည်၏။
                               သူ (သရက်)
                              Thursday, January 17, 2013

Saturday, January 12, 2013

အမှောင်တောမှ တိတ်ဆိတ်မှုပွက်သံ



အမှောင်တောမှ တိတ်ဆိတ်မှုပွက်သံ

တို့အိမ်မှာ
နေ၀င်ချိန်စောင့်
ဖြောင့်ဖြောင့်နဲ့ ခရီးဆက်လိုသူတွေရှိတယ်။
တို့အိမ်မှာ
နေထွက်ချိန်စောင့်
လောကအလှကို ကြည့်လိုသူတွေရှိတယ်။
တို့အိမ်သားတွေ
နားပူနားဆာမလုပ်တတ်
မပူစာတတ်ဘူး
တိတ်ဆိတ်မှုတွေကြီးစိုး
စိုးထိတ်မှုတွေတိုးရင်း
မှိတ်တုတ်လင်းလက်
ဟိုအဝေးက ကြယ်စင်စက်များလို
မျှော်လင့်တဲ့မျက်ဝန်းတွေရှိတယ်။
တို့ဟာ အိမ်သားတွေအတွက်
တာဝန်ရှိသူလို့ ယူဆရင်
တာဝန်ရှိသူပဲပေါ့
ဝတ္တရားရှိသူလို့ တွေးရင်
ဝတ္တရားရှိသူပေါ့
ပေးဆပ်နိုင်စွမ်းရှိသူလို့ မြင်ရင်
ပေးဆပ်နိုင်သူပေါ့
အသိတရားကလွဲရင်
တို့အိမ်အတွက်
ဘယ်သူမှ မတောင်းဆိုဘူး။
မျက်ရည်စတွေကိုသုတ်
ဝမ်းကြုတ်ကြုတ်ကိုဖြည့်ပေး
တောင်းဆိုမဲ့ လိုအပ်ချက်တွေဖြည့်တွေး
ကမ်းလင့်တဲ့လက်တွေကို တွဲပေးဖို့
လာ……အိမ်ပြန်စို့သူငယ်ချင်း။
အားငယ်စရာမရှိဘူး
ယိုယွင်းနေတာကလွဲရင်
တို့မှာ အိမ်ရှိတယ်
အပြန်အလှန်ပေးဆပ်
ရင်ချင်းအပ်လို့
ပွေ့ဖက်ရမယ့် မိသားစုတွေလည်း ရှိတယ်လေ။
                                                                အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
                                                              Saturday, January 12, 2013
မှတ်ချက်။      ။ အဝေးရောက်သူများအားလုံး အိမ်ပြန်ချိန်ကို မမေ့ကြရန် အလာကောင်းသော်လည်း အခါနှောင်းမဖြစ်ကြစေရန် ရည်သန်ပါသည်။

Saturday, January 5, 2013

ဤသို့ဆိုသော် မသင့်တော်လော

ဤသို့ဆိုသော် မသင့်တော်လော

ဝတ္ထု-ကာမ
ကိလေသမည်
ထိုထိုဤကို
တွယ်တာမချစ်
မတပ်မက်ဘဲ
အမျိုးဘာသာ
သာသနာနှင့်
လောကကောင်းကျိုး
စည်ပင်ဖြိုးအောင်
စိတ်ထားဖြူစင်
ဥာဏ်နှင့်ယှဉ်ပြီး
ထေရ်-ရှင်ကြိုးစား
ပြုမူငြားသော်
မနောဖြောင့်မှန်
စကားတန်၍
လုပ်ရပ်အပြန်
ကံသုံးတန်ဖြင့်
လျော်ကန်သင့်မြတ်
စဉ်သုံးအပ်၏။
                                             အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
                                          Saturday, January 05, 2013

Thursday, January 3, 2013

စွယ်တော်တစ်လွှာ လေနှင်ရာ



“စွယ်တော်တစ်လွှာ လေနှင်ရာ”

တစ်ခါတစ်ခါ ဘ၀နဲ့ချီစကားပြော
ရသတွေ ပိုပီမလားဇောနဲ့
ကိုယ့်ခံစားချက်တွေကို
အတောနဲ့စမိ။
ခွဲခွာသူရော ကျန်ခဲ့သူပါ
မဖြေသာတဲ့ ဝေဒနာတွေကိုသိမ်းဆည်း
တွေ့ဆုံမှုရဲ့ရလာဒ်ကြီးလို့
ကြေကွဲရင်း ကျေနပ်နေမိ။
ပင်လယ်ကျယ်ရာ လမင်းသာတာဆွေး
တောင်ပြာတွေငေးရင်း
ဒိုင်ယာယီတွေကိုယ်စီဖွင့်
လွမ်းသင်္ကေတ မျက်ရည်ကျတိုင်းတေးမှတ်
ခံစားချက်တူသူတွေ ဖတ်လိမ့်မယ်။
                                                           သူ (သရက်)
                                                            Tuesday, January 01, 2013

Wednesday, January 2, 2013

ပြောင်းလဲခြင်းသစ္စာ



ပြောင်းလဲခြင်းသစ္စာ

ဘ၀မြစ်တစ်စင်း
စီးဆင်းယင်းပြောင်းလဲ
မင်းလည်း အသစ်
ငါလည်း အသစ်
အားလုံးအသစ်။
ဒါပေမယ့်
မင်းတို့စိတ်က အတိတ်စွဲ
မသစ်တာလည်း ရှိဆဲလို့ ဆိုသူဆို။
ပြောင်းလဲရေးဝါဒီ
အသစ်တွေ့မေ့သူ
တသမှတ်တည်း မရှိသူတွေလို့ သမုတ်သူလည်းရှိ။
အဟောင်းအသစ်
ရပ်တည်ချက်ရှာ
ခွစီးသူလည်းပါလို့ ပြောသူကပြော။
အမြင်….
မြင်ချင်သလို မြင်နိုင်
ထင်ချင်ရာ ထင်နိုင်ခွင့်ရှိတယ်
အမှန်တရားကလည်း ခေါင်းမရွေ့ပါဘူး။
သူ (သရက်)
Tuesday, January 01, 2013