အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Monday, September 17, 2012

ဆွေးနွေးအဖြေရှာ နေ့စဉ်ပြဿနာ

ဆွေးနွေးအဖြေရှာ နေ့စဉ်ပြဿနာ

  “ကိုမျိုးနိုင့်ပုံက ဘုန်းကြီးတွေနဲ့ စကားပြောရတာ သိပ်ကိုအဆင်မပြေလှဘူး။ ဟုတ်ဟုတ် မဟုတ်ဟုတ် “တင်ပါ့”ချည်းပြောနေရတာလို့များ တွေးနေသလားဗျ။
***************
တစ်နေ့ ……..
          ကိုမျိုးနိုင်ကျောင်းရောက်လာသည်။ ဘုရားဝတ်ဖြည့်ပြီးနောက်
“ဦးဇင်း အလုပ်ရှုပ်နေလား ဘုရား၊ ကျန်မားရေးရောကောင်းလား ဘုရား၊ ကျောင်းမရောက်တာကြာလို့ ဒီနေ့အလုပ်အားတာနဲ့ ကျောင်းကိုခဏ လာခဲ့တာဘုရား။”
          “အင်း …. ကောင်းပါတယ်၊ အလုပ်ကတော့ အထူးထွေမရှိပါဘူး စာလေးနည်းနည်းပါးပါး ရေးနေတာပါ”လို့ အလိုက်သင့် ပြန်ဖြေပေးလိုက်သည်။
          “အရှင်ဘုရားတို့ နိုင်ငံရပ်ခြားမှာ စာပေသင်ယူကြတာ အဆင်ပြေရဲ့လားဘုရား။ နေရေး စားရေး အားလုံးပေါ့။”
          “ပြေပါတယ်။ သိပ်အခက်ခဲမရှိလှပါဘူး။” ကိုမျိုးနိုင်သိတဲ့အတိုင်းပဲလေ အဆင်ပြေတယ် မပြေဘူးဆိုတာက ကိုယ်နဲ့ပဲအဓိကဆိုင်တာမလား။”
          “တင်ပါ ဟုတ်မှာပါဘုရား။ ဒါပေမဲ့ ……”
          “ကဲ ….. ဆိုပါဦး၊ ဒါပေမဲ့ဆိုတော့ ပြောစရာရှိတယ်ပေါ့ ဟုတ်လား။”
          “မှန်ပါ။ တပည့်တော်တို့မှာတော့ အဆင်မပြေဘူးဘုရား။”
          “ဟုတ်လား၊ ဆက်ပါဦး။”
          “တပည့်တော်တို့ဋ္ဌာနကို အရင်လကမှ အသစ်ရောက်လာတဲ့ အရာရှိနဲ့အဆင်မပြေဘူး ဘုရား။ သူက ဒေါက်တာဘွဲ့ရထားတယ်လေဘုရား။ အသက်ကလည်းငယ် ရာထူးကလည်းကြီးတော့ အတော်မောက်မာတာဘုရား။ အမိန့်ပေးတဲ့လေသံနဲ့ အထက်စီးကကြီး ပြောတယ်ဘုရား။ ထစ်ခနဲဆို မာန်မဲတော့တာပဲ။ အဲဒါ တပည့်တော်တို့အားလုံး စိတ်ဆင်းရဲနေကြရတာပေါ့။”
          “ဆိုတော့ ….. ကိုမျိုးနိုင်ပြောချင်တာက အခုအဆင်မပြေတာက ကိုယ်နဲ့မဆိုင်ဘူးလို့ ပြောချင်တာလား ဒါမှမဟုတ် မဆီမဆိုင် လက်ပံသားဓားနဲ့ချိုင်ဆိုသလို ကိုယ်ကခံနေရတယ်လို့ ဆိုလိုတာလား။”

          “တင်ပါ အဲလိုပြောရမလိုဖြစ်နေတယ်ဘုရား။ တပည့်တော်တို့ အစက အဆင်ပြေတယ်။ အဲဒီအရာရှိရောက်လာမှ အဆင်မပြေတော့တာလေ။ သူမကောင်းလို့ပေါ့ဘုရား။”
          “နေပါဦးဗျ ……… အဲဒီလူမကောင်းဘူးဆိုတော့ ဘာမကောင်းတာလဲ”။ ဒေါက်တာဘွဲ့ကြီးရထားတာ မကောင်းတာလား”။
          “အဲဒါတော့ ကောင်းတာပေါ့ဘုရား။”
          “ဒါဆို အသက်ငယ်တာကကော”
          “အဲဒါလည်း ကောင်းတာပေါ့ဘုရား”။ (ဒါပေမဲ့ ဦးဇင်းတို့တရားဟောသလိုဆို ကွေးသောလက်မဆန့်မီ ဆန့်သောလက်မကွေးမီ သေကြရမှာဆိုတော့ အသက်ငယ်လည်း သေရမှာပါပဲဘုရားဟု ရယ်စရာလုပ်ပြီး ပြန်လျှောက်လေသည်။)
          “ထားပါတော့။ ကဲ …. ရာထူးကြီးတာကော မကောင်းဘူးလားဗျ။”
          “ဒါလည်း ကောင်းပါတယ်ဘုရား။ တပည့်တော်တို့အားလုံး ရာထူးမတိုင်းချင်တဲ့လူမှ မရှိတာကို။”
          “ကောင်းပြီ။ ဒါဆို အတော်မောက်မာတာဆိုတော့ မာနကြီးတယ်၊ မာန်မဲတယ်ဆိုတော့ ဒေါသကြီးတယ်လို့ ပြောရမယ်ထင်တယ်ဗျ …နော။
          “တင်ပါ။ အဲလိုပါဘုရား။”
          “ဆိုတော့ မာနကြီးတာ ဒေါသကြီးတာကကော ဘယ်နှယ်လဲ။ ကောင်ရဲ့လား။”
          “မကောင်းပါဘူးဘုရား”။
          “အခုလိုဆို ခင်ဗျားအခုနကပြောတဲ့ အရာရှိမကောင်းတာ မဟုတ်ဘူးပေါ့။”
          “ဘုရား ……..ဘယ်လို။ တပည့်တော်နားမရှင်းဘူးဘုရား။”
          “ဒီလိုလေဗျာ အရာရှိက မောက်မာခက်ထန်လို့ မကောင်းဘူးလို့ ကိုမျိုးနိုင်ပြောခဲ့တယ်မလား။”
          “တင်ပါ …….” (မရှင်းမလင်းဟန်ဖြင့်)။
          “ကိုမျိုးနိုင့်ပုံက ဘုန်းကြီးတွေနဲ့ စကားပြောရတာ သိပ်ကိုအဆင်မပြေလှဘူး။ ဟုတ်ဟုတ် မဟုတ်ဟုတ် “တင်ပါ့”ချည်းပြောနေရတာလို့များ တွေးနေသလားဗျ။”
          “ဦးဇင်းကလည်း လုပ်တော့မယ်။ အဲလိုသဘောမဟုတ်ပါဘူးရား။ (ဟုတ်ချင်သည့်ဘက်ကို များသည့်အမူရာဖြင့် ပြန်ပြောသည်)။ တပည့်တော်က ဦးဇင်းပြောတာကို နားမလည်တာကိုပြောတာပါ။”
          “ဒီလိုလေဗျာ။ ကျုပ်တို့အခုနက ပြောခဲ့တဲ့အတိုင်း ဒေါက်တာဘွဲ့ရတာဟာ အဲဒီအရာရှိရမှ ကောင်းတာလား။ ဥပမာဗျာ- ခင်ဗျားရရင်ကော မကောင်းဘူးလား။ ဦးဇင်းရရင်ကော မကောင်းဘူးလား။”
          “ဒါကတော့ ကောင်းပါတယ်ဘုရား။ ဘယ်သူရရပေါ့။”
          “ဒါဆို ရာထူးရာခံကြီးတာလည်း အဲဒီအရာရှိမှမဟုတ်ဘဲ ရတဲ့လူတိုင်းကောင်းတာပေါ့။”
          “မှန်ပါတယ်ဘုရား။”
          “ကဲဗျာ …. မာနကြီးတယ်၊ ဒေါသကြီးတယ်၊ မောက်မာတယ်ပေါ့။ အဲဒီအရာရှိမှာမိုလို့ မကောင်းတာလား။ တကယ်လို့ အဲဒီဒေါသ၊မာနတွေ ခင်ဗျားမှာရှိနေရင် ဒါမှမဟုတ် ကျုပ်မှာရှိနေမယ်ဆိုရင် ကောင်းတယ်လို့များ ပြောချင်တာလားဗျ။”
          “ဘယ်သူ့မှာရှိရှိ မကောင်းတာပါဘုရား။”
          “အေးဗျ……….ဒါ အဓိကအချက်ပဲ။ ဒေါသမာနတွေရှိနေရင် ခင်ဗျားဖြစ်ဖြစ် ကျုပ်ဖြစ်ဖြစ် ကုန်ကုန်ပြောရရင် ဘယ်သူဖြစ်ဖြစ် မကောင်းဘူးပေါ့ဗျာ။ ဟုတ်တယ်မလား။”
          “တင်ပါ မှန်ပါတယ်ဘုရား။”
          “ကိုမျိုးနိုင် …၊ အစောကပြောသလို ဘုန်းကြီးတွေနဲ့စကားပြောရတာ တင်ပါ့ချည်းစွတ်လုပ်နေရတာလပဲလို့များ တွေးနေသလားဗျ။ (ရယ်မောကာ ရင်းရင်းနှီးနှီးမေးသည်)။
          (သဘောကျသွားဟန်ဖြင့်) “မဟုတ်ရပါဘူးဘုရား။ အရှင်ဘုရားပြောတာ မှန်ပါတယ်။ တပည့်တော်သဘောပေါက်သွားပါပြီ။”
          “အေးဗျ ကျုပ်ပြောတာလို့တော့ စွဲမနေနဲ့ဦး။ သဘာဝအမှန်တရားကို ပြောတဲ့သူတိုင်းက ဒီလိုပြောမှာပါဗျ။”
          “တင်ပါ။ လက်ခံပါတယ်ဘုရား။”
          “အင်းပေါ့ဗျာ။ တကယ်တော့ ဒီအဖြစ်ပျက်ကနေ ကျုပ်တို့ကောင်းကောင်း သင်ယူလိုက်ရတာပဲဗျ။ ဟုတ်တယ်မလား။
          “ဆက်မိန့်ပါဦးဘုရား။”
          “နံပါတ်တစ်အချက်ကတော့ဗျာ ဆရာတော်ကြီးများ အမိန့်ရှိသလို ဟုတ်ဟုတ် မဟုတ်ဟုတ် သည်းခံရမယ်ဆိုတဲ့အတိုင်း ခန္တီပါရမီလည်းဖြည့်ရာရောက်တာပေါ့။ အနုစားပေါ့ဗျာ။ အဲဒီတော့ ဟုတ်မှသည်းခံမယ်ဆိုရင် ဘယ်သဘာဝကျမလဲဗျ။ အဲဒါတောင် ကောင်းတာပြောမှ သည်းခံမယ်၊ မကောင်းပြောရင် ပြန်ပက်မယ်ဆိုသလိုမျိုးပဲ။ ကောင်းတာပြောလို့ ငြိမ်နေတာ သည်းခံတာမှ မဟုတ်တာကို။ ဖြစ်ချင်းဖြစ်ရင် မမြောက်ကြိုက်တာပဲ ဖြစ်မှာပေါ့။ ဟုတ်လား။”
          “တင်ပါ”
          “နံပါတ်နှစ်အချက်ဗျာ။ ပညာတတ်တာ၊ ရာထူးကြီးတာကောင်းတယ်လို့ လက်ခံတယ်။ ရအောင်လုပ်သင့်တယ်ပေါ့။ စာလိုပြောရင်တော့ ဒါက လိုက်နာရမယ့်အချက်ပဲ။ တရားတဲ့နည်းနဲ့ ရအောင်လုပ်မယ်ပေါ့ဗျာ။”
          “မှန်ပါ့ဘုရား။”
          “ကိုင်း …. နောက်တစ်ခုကြည့်ရအောင်။ သွေးနထင်ရောက်မာနကြီးတာ မောက်မာမယ်တာတို့ ဒေါသကြီးတာတို့ဟာ ဘယ်သူပဲဖြစ်ဖြစ် မကောင်းဘူးပေါ့ဗျာ။ စာလိုပေလိုပြောတော့ ရှောင်ကြဉ်မယ်ပေါ့။ ဆိုတော့…..၊ ဒါက ကိုယ်ကျင့်တရားနဲ့ဆိုင်တဲ့ သင်္ခန်းစာပဲဗျ။ ဒီသင်္ခန်းစာမျိုးကို ကိုယ်တိုင်ယူရမယ်။ ကိုယ့်ပတ်ဝန်းကျင်ကို ဖြန့်ပေးရမယ်။ ကိုယ့်သားသမီး တပည့်သားမြေးစတဲ့ မျိုးဆက်တွေမြင်အောင် ပြပေးရမယ်။ ဒီတော့မှ လောကကြီး သာယာလှပမှာပေါ့ဗျ။”
          “မှန်လိုက်တာဘုရား။”
          “အဲ……အဲ…..၊ ဘုန်းကြီးတွေနဲ့တွေ့တိုင်း ပြောသမျှ “ဟုတ်ပါ့၊ မှန်ပါ့”ချည်းလုပ်နေရတယ်လို့တော့ မတွေးဘူးမလား။”
          “အရှင်ကလည်း ပြောရော့မယ်။ အဟုတ် မတွေးရပါဘုရား။ အရှင်ဘုရားနဲ့ လာတွေ့တာ ကျောင်းလာရကျိုးနပ်သွားတယ်ဘုရား။”
          “အဲဒါပဲလေ။ မင်္ဂလာတရားတော်မှာ ကာလေနဓမ္မသာကစ္ဆာ-သင့်လျော်တဲ့အချိန်မှာ တရားဆွေးတာ မင်္ဂလာရှိတယ်လို့ မြတ်စွာဘုရားက မိန့်ခဲ့တာပဲ။”
          “တင်ပါ။ သာဓု သာဓု သာဓုပါဘုရား။”
                                                                  အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
                                                                      Thursday, September 13, 2012

0 comments:

Post a Comment