အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Saturday, August 25, 2012

အမှန်က မှားနေတာ

အမှန်က မှားနေတာ
           
            ၂၀၀၉-ခုနှစ် နှစ်ဦးပိုင်းကာလ နေ့တစ်နေ့တွင်ဖြစ်ပါသည်။ ရွာသာကြီးရှိ စိတ်ကျန်းမာရေးဆေးရုံသို့ နယ်ဘက်မှ လူနာတစ်ဦးကို လိုက်ပို့ပေးခဲ့ရသည်။ ၂၁၀-လိုင်းကားကိုစီးပြီး တစ်မျှော်တစ်ခေါ်လယ်ကွင်းပြင်ကြီးကို ဖြန်သန်းသွားရသည်။ ကားပြတင်းပေါက်ကနေ စိမ်းလန်းစိုပြေနေသည့် လယ်ကွင်းပြင်ကြီးကိုကြည့်ရင်း တစ်ခါမျှ မရောက်ဘူးသော စိတ်ကျန်းမာရေးဆေးရုံကြီးတွင် ဘယ်လိုလူမျိုးတွေကိုများ တွေ့ရမှာပါလိမ့်လို့ တွေးကြည့်နေမိသည်။
          မိမိလိုက်ပို့ပေးရမည့် လူနာမှာမူ သာမန်လူတစ်ယောက်ကဲ့သို့ပင် အေးအေးဆေးဆေးဖြင့် ကားပေါ်တွင်ထိုင်လျှက်လိုက်ပါလာသည်။ လူနာနှင့်လိုက်ပို့သူ ဆွေမျိုးနှစ်ယောက်၏ ပြောပြချက်အရ သူတို့လူနာမှာ တစ်ခါတစ်ရံမှသာ စိတ်ကစင့်ကလျားဖြစ်ကြောင်း၊ ယင်းသို့ဖြစ်လာလျှင် မိခင်အရင်းကို သေကြောင်းကြံစည်သည်အထိ ရန်ရှာတတ်ကြောင်း သိရသည်။
          ဆေးရုံရောက်တော့ အရေးပေါ်ဋ္ဌာနတွင် လိုအပ်သည့်ဖောင်များ ဖြည့်ရသည်။ ဆေးရုံမှ သက်ဆိုင်ရာလူနာကို ပြန်ခေါ်ရန် အကြောင်းကြားသည့်အခါ ပြန်ခေါ်ပါမည့်အကြောင်း အာမခံသူတစ်ယောက်အနေဖြင့် ကတိပြုလက်မှတ်ထိုးခဲ့ရသည်။ တစ်ချို့က မိဘများကိုပင် လာရောက်အပ်နှံပြီးနောက် ပြန်မခေါ်တော့ကြောင်း ပေးထားသည့်လိပ်စာမှာလည်း အမှန်အကန်မဟုတ်ကြောင်း ကြားသိရသည်။ တာဝန်ကျဆရာဝန်များက ဖော်ရွေစွာဆက်ဆံပြီး လက်မှတ်ထိုးခိုင်းရခြင်းအကြောင်းကိုပါ တဆက်တည်းရှင်းပြပါသည်။ မိဘအရင်းကိုပင် လုပ်ရက်သူများ ရှိပါသေးလားဟု စိတ်မကောင်းဖြစ်မိသည်။ တကယ်ဆို စိတ်ထားမမှန်တာက မိဘအရင်းကို ပစ်ထားရစ်သည့် သားသမီးတွေသာဖြစ်သည်။ ဒင်းတို့ကို စိတ်ကျန်းမာရေးဆေးရုံပို့ရမှာဟု ဒေါမနဿပွားမိသည်။

          သက်ဆိုင်ရာ ဆရာဝနှင့် ဆေးစစ်ချက်ယူပြီးနောက် မိမိတို့လူနာ နေရမည့်အဆောင်ကို သွားရောက်ရှာဖွေရသည်။ အဆောင်ရောက်တော့ သက်လတ်ပိုင်းအရွယ်ရှိ တာဝန်ခံအမျိုးသမီးတစ်ယောက်နှင့် တွေ့ဆုံစကားပြောရသည်။ မြို့ကြီးပြကြီး အရောက်အပေါက်နည်းကြသော လူနာရှင်များမှာ သက်ဆိုင်ရာတာဝန်ခံများ ဆရာဝန်များနှင့် စကားပြောသည့်အခါ ကြောက်ကြောက်ရွံ့ရွံ့ဖြစ်နေပြီး လိုရင်းမရောက်သည့်အတွက် လူအများနှင့်ဆက်ဆံရသော တာဝန်ခံစသူတို့မှာ စိတ်မရှည်ဟန်တွေ့ရသဖြင့် မလွှဲမရှောင်သာ စကားဝင်ပြောပေးခဲ့ရသည်။
          အဆိုပါ တာဝန်ခံအမျိုးသမီး၏ အဓိကမေးခွန်းမှာ လူနာကို ဘယ်လိုထားမှာလဲ-တဲ့။ တစ်ခါမှ မရောက်ဘူး မကြုံဘူးတော့ တာဝန်ခံအမျိုးသမီး၏ မေးခွန်းကို နားမလည်ပါ။ ဘာကိုရည်ရွယ်ပြီး ပြောတာလဲဟု ပြန်မေးမိသည်။ ထိုအခါမှ သိရသည်မှာ စိတ်ကျန်းမာရေးဆေးရုံတွင် ဆေးကုသခံသည့် လူနာများမှာ နှစ်မျိုးနှစ်စားရှိသည်။ တစ်မျိုးမှာ ထမင်းကို လခပေးစားသူနှင့် နောက်တစ်မျိုးမှာ ဆေးရုံမှ အဆင်ပြေသလိုကျွေးသည့်ထမင်းကိုစားသူတို့ ဖြစ်ပါသည်။ စိတ်ကျန်းမာရေးဆေးရုံက လူနာနှစ်မျိုးကို သိရတော့သည်။
          အခြေအနေအရ လခပေး မစားနိုင်သည့်လူနာများမှာ မျက်နှာသာမရ၊ ထမင်းတစ်လုတ် တုတ်တစ်ချက်ဆိုသလိုဖြစ်ကြောင်း သဘောပေါက်ရသည်။ သို့နှင့် ကိုယ့်လူနာ အဆင်ပြေရေးအတွက် တာဝန်ခံအမျိုးသမီးမှ လမ်းညွှန်လိုက်သော ထမင်းဆိုင်ကို သွားရှာရသည်။ မနက်စာ ပေါင်မုန်းတစ်ခု၊ ကော်ဖီတစ်ခွက်နှင့် နေ့လည်စာနှင့် ညစာထမင်းဖိုးအတွက် တစ်လစာပေးခဲ့သည်။ လူနာနံပါတ်၊ အမည်နှင့် အဆောင်ကိုလိပ်စာကိုပေးခဲ့ရသည်။ အချိန်ကျလျှင် ထမင်းဆိုင်မှ သွားပို့ပေးခြင်းဖြစ်သည်။ အကယ်၍ မိမိတို့လူနာသည် ဆေးရုံတွင် နောက်တစ်လထပ်နေရမည်ဆိုပါက လမကုန်ခင် ထမင်းလခကို လာရောက်ပေးပါမည့်အကြောင်း ပြောခဲ့ရသေးသည်။
          ထမင်းဖိုးလခရှင်းပေးပြီးနောက် လူနာနေမည့်အဆောင်ဘက်သို့ ပြန်အလာတွင် မြောက်ဒဂုန်မှာနေသော ညီဝမ်းကွဲတစ်ယောက်နှင့် ဆုံဖြစ်သည်။ အပြန်အလှန်မေးကြရင်း စကားလက်ဆုံကြမိသည်။ ညီဖြစ်သူက ယခုသူလာခြင်းမှာ မွေးနေ့ရှင်သူငယ်ချင်းတစ်ယောက်၏ ဆေးရုံရှိလူနာများအား နေ့လည်စာကျွေးမွေးလှူဒါန်းသည့်ပွဲကို သူငယ်ချင်းများနှင့်အတူ လာရောက်ဝိုင်းဝန်းကူညီကြခြင်းဖြစ်ကြောင်း ပြောပြသည်။ ဆေးရုံမှာ အဲလိုမျိုး ကျွေးမွေးကုသိုလ်ပြုခွင့်ရတာ ကောင်းပါတယ်ဟု ဆိုမိသည်။ စနေ၊ တနင်္ဂနွေနေ့တိုင်းလိုလို အလှူရှင်များရှိကြောင်း ပြောပြလို့ သိခဲ့ရပြန်သည်။
          ညီဖြစ်သူနှင့် လမ်းခွဲပြီးနောက် လူနာဆောင်ဘက်ကို ဆက်လက်လျှောက်ခဲ့သည်။ အဆောင်တစ်ခုအနီး စင်္ကြံ(Corridor)နားအရောက်တွင် လူနားများ အဆောင်အသီးသီးမှ တန်းစီထွက်လာကြသည်ကို မြင်လိုက်ရသည်။ အတွင်းရုံးခန်းက နံရံကပ်နာရီကိုကြည့်လိုက်တော့ မနက် ၁၁-နာရီ ထိုးနေသည်ကို တွေ့ရသည်။ မိမိလည်း အနီးရှိ တန်းလျားခုံအလွတ်တွင် ၀င်ထိုင်းရင် မိမိတို့လာပို့သည့်လူနာကို မပြန်ခင် မှာစရာရှိသည်များမှာကြားရန်နှင့် အသုံးစရိတ်အချို့ကို ပေးခဲ့ရန် စောင့်နေလိုက်သည်။ တာဝန်ခံအမျိုးသမီးက ကိုယ့်လူနာကို အထွေအထွေအသုံးစရိတ် အနည်းငယ်ပေးခဲ့ဖို့ မှာလိုက်သောကြောင့် ပြန်လာခြင်းဖြစ်သည်။ လူနာရှင်များကတော့ အပြင်ဘက်တစ်နေရာတွင် ကျန်ရစ်ခဲ့သည်။
          မိမိထိုင်နေသည့်ခုံနှင့်ကပ်လျှက်ရှိသည့် ညာဘက်ဘေး ခုံးတန်းလျားတစ်ခုမှာတော့ သူနာပြုဆရာမလေးယောက် ထိုင်နေကြသည်။ မိမိတို့ရှေ့မှဖြတ်ပြီး ထမင်းစားဆောင်ကို သွားနေကြသည့် လူနာများမှာ အသွင်မျိုးစုံ အမူရာမျိုးစုံဖြစ်နေသည်ကို သတိထားမိသည်။ ထိုသို့ ဖြတ်လျောက်သွားနေကြစဉ် အသက်ငါးဆယ်ခန့်ရှိ လူနာအမျိုးသမီးကြီးတစ်ယောက်သည် မိမိရှေ့အရောက်တွင် တန်းစီရာမှ ထွက်လာပြီး ငုတ်ခနဲထိုင်ကာ ဦးချပါတော့သည်။ မိမိလည်း မှင်သက်မိသွားသည်။ ကြည့်လိုက်တော့ အမျိုးသမီးကြီးသည် ကြုံ့ကြုံ့လေးထိုင်ကာ ဣနြေ္ဒရရဖြင့် ဦးသုံးကြိမ်ပြည့်အောင် ချနေကြောင်းတွေ့လိုက်ရတော့သည်။
          ဦးချပြီးနောက် မိမိကိုမော့ကြည့်နေသည်။ မိမိမှာ ပြောစရာစကား မရှိပါ။ သို့ရာတွင်အဆိုပါမျိုးသမီးကြီးကို ပြုံးပြပြီး ခေါင်းညိတ်အသိမှတ်ပြုလိုက်ပါသည်။ ထိုနောက် အမျိုးသမီးကြီးသည် ထပြန်ကာ အခြားလူနာများဖြင့်ရောနှောလျှက် ထမင်းစားဆောင်ဘက်ကို ဦးတည်သွားပါတော့သည်။ မိမိဘေးခုံမှာထိုင်နေသည့် သူနာပြုဆရာများဘက်ကို လှည့်ကြည့်မိလိုက်တော့ တစ်ယောက်မျှမရှိတော့ပါ။ လူနာအမျိုးသမီး ဦးထိုင်ချသည်နှင့် ထွက်သွားကြောင်း သတိထားမိလိုက်သည်။ ဆရာမများသည် လူနာအမျိုးသမီးကြီး လာရောက်ဦးမချခင် ၄င်းတို့ဘေးကနေ ကပ်လျှောက်လျောက်သွားခဲ့သော စာရေးသူကို စကားပြောမပျက် ကြည့်နေခဲ့ကြသူများဖြစ်သည်။ မည်သူမျှလည်း နေရမှထပေးပြီး အရိုအသေ မပြုကြပါ။ သြော် … အခုကြတော့လည်း ရှက်ရမှန်း သိသေးတာပဲဟု တွေးမိသည်။
          လူနာအမျိုးသမီးကြီးမှာ ရဟန်းသံဃာတော်များကို မြင်တွေ့ရလျှင် အရိုအသေပေးရမည်၊ ရှိခိုးရမည်ကို သိနေသေးသည်။ ရူးနေတာမှ ဟုတ်ပါလေစဟု သံသယဖြစ်မိသည်။ အရေးပေါ်ဋ္ဌာနက ဆရာဝန်တစ်ဦးပြောခဲ့သလို မိသားစုများ၏ ပြန်ခေါ်ခြင်းကို မခံရသူများ သို့မဟုတ် အစွန့်ပစ်ခံများထဲမှ တစ်ယောက်များ ဖြစ်နေလေလား။ ဤအချက်သာ အမှန်ဟုဆိုပါလျှင် ….. ။
မေတ္တာဖြင့်-
အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
        Saturday, August 25, 2012

0 comments:

Post a Comment