အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Thursday, July 5, 2012

ခေါင်းဆောင်ကောင်းတို့ ကျင့်စဉ် (၆)

ခေါင်းဆောင်ကောင်းတို့  ကျင့်စဉ် (၆)

တန်ဖိုးသိတတ်၊ တန်ဖိုးထားတတ်ခြင်း
           
    တန်ဖိုးသိတတ်ခြင်းသည် ပညာ၊ဗဟုသုတတို့နှင့် သက်ဆိုင်ပြီး တန်ဖိုးထားတတ်ခြင်းသည် အသိဥာဏ်၊ကိုယ်ကျင့်တရားတို့နှင့်ဆိုင်သည်။ သက်ရှိ၊သက်မဲ့အရာဝတ္ထုတို့၏ တန်ဖိုးသည် တန်ဖိုးသိတတ်၊ တန်ဖိုးထားတတ်သူအတွက်သာ တန်ဖိုးရှိပြီး တန်ဖိုးမသိ၊ မထားတတ်သူများအတွက်မူ မည်မျှပင်အဖိုးတန်စေကာမူ သာမန်မျှသာဖြစ်သည်။ ထိုတန်ဖိုးဆိုသည်မှာလည်း ပတ်ဝန်းကျင်၊ အခြေအနေနှင့် အချိန်အခါတို့ပေါ်မူတည်၍ များစွာပြောင်းလဲနိုင်စွမ်းရှိသည်။ သို့တစေ မပြောင်းလဲသော အရာများလည်း ရှိသည်သာဖြစ်သည်။ 
          ကူဋဒန္တသုတ်[1]သည် တန်ဖိုးထားတတ်ခြင်းနှင့် ပတ်သက်၍၄င်း ခေါင်းဆောင်တို့ ထားသင့်သည့် စိတ်ထားနှင့် ပတ်သက်၍၄င်း၊ ခေါင်းဆောင်ကောင်းတို့ ကျင့်သုံးလိုက်နာရမည့် ကိုယ်ကျင့်တရား၊ လုပ်ဆောင်ရမည့် တာဝန်၊၀တ္တရားတို့နှင့် ပတ်သက်၍၄င်း လေ့လာသင့်၊ ဖတ်ရှုသင့်သော ဗုဒ္ဓစာပေလာ အကြောင်းရာများထဲမှ တစ်ခုဖြစ်သည်။ ကူဋဒန္တသုတ်ဟု နာမည်ရလာခြင်းမှာ အဓိကအားဖြင့် ကူဋဒန္တအမည်ရှိသော ပုဏ္ဏားကိုအကြောင်းပြု၍ဖြစ်သည်။
          ကူဋဒန္တပုဏ္ဏားဆိုသည်မှာ ဗိမ္ဗိသာရမင်း၏ အလေးအမြတ်ထားမှုကို ခံရသူတစ်ဦးဖြစ်ပြီး ခါဏုမတရွာကြီးကိုလည်း အပိုင်စားရထားသူဖြစ်သည်။ တစ်နေ့တွင် ကူဋဒန္တပုဏ္ဏားသည် ယဇ်[2]ပူဇော်ရန်အတွက် နွားလား ခုနှစ်ရာ၊ နွားထီးငယ် ခုနှစ်ရာ၊ နွားမငယ် ခုနှစ်ရာ၊ ဆိတ် ခုနှစ်ရာ၊ သိုး ခုနှစ်ရာတို့ကို ပြင်ဆင်လျက်ရှိသည်။ ထိုအချိန်တွင် မြတ်စွာဘုရားနှင့် သံဃာတော်ငါးရာတို့သည် ခါဏုမတရွာအနီးရှိ ဥယျာဉ်ကြီးတစ်ခုတွင် ရောက်ရှိ၊သီတင်းသုံးနေသည်။ 
          ခါဏုမတရွာသား ပုဏ္ဏားများနှင့် အခြားသူများသည် မြတ်စွာဘုရား၏ အထူးထူးအပြားပြား များလှစွာသော ဂုဏ်သတင်းများကို ကြားဖူးကြ၏။ ထိုကဲ့သို့ ဂုဏ်ပေါင်းခ,သော ပုဂ္ဂိုလ်မျိုးကို တွေ့ဆုံဖူးမြင်ရခြင်းသည် ကောင်း၏ဟုလည်း ကြားဖူးကြကုန်၏။ ထိုကြောင့် မြတ်စွာဘုရားကို တွေ့ဆုံ-ဖူးမြော်ချင်ကြသည်။[3] ထိုကြောင့်  မြတ်စွာဘုရား ကြွရောက်တော်မူလာကြောင်း သတင်းကိုသိသောအခါ မြတ်စွာဘုရားနှင့်တွေ့ဆုံရန် ဥယျာဉ်သို့ လူစုလူဝေးနှင့် သွားကြသည်။ ထိုလူစုကိုမြင်သော ကူဋဒန္တပုဏ္ဏားသည် အတိုင်ပင်ခံဖြစ်သူကို မေးမြန်း စုံစမ်းလေသည်။ အတိုင်ပင်ခံဖြစ်သူက ကူဋဒန္တပုဏ္ဏားအား ကြားသိဖူးသမျှသော မြတ်စွာဘုရား၏ ဂုဏ်သတင်းကျော်စောခြင်းတို့ကို ပြောပြပြီး၊ ထိုအကြောင်းကြောင့် ဤ လူစု လူဝေးကြီးသည် မြတ်စွာဘုရားကို တွေ့ဆုံဖူးမြင်ရန် သွားကြကြောင်း ပြန်ပြောလေ၏။

          ထိုအခါ ကူဋဒန္တပုဏ္ဏားက ငါလည်းပဲ မြတ်စွာဘုရားကို ဖူးမြော်ချင်သည်။ ထိုလူအုပ်ကြီးကို စောင့်ဆိုင်းနေပါရန် အကြံပေးအားခိုင်းလိုက်သည်။ ကူဋဒန္တပုဏ္ဏား၏ ယဇ်အပူဇော်ခံရန် ရောက်လာကြသည့် ရာပေါင်းများစွာသော ပုဏ္ဏားတို့သည် ထိုအကြောင်းကို သိ၍  မြတ်စွာဘုရားအား မဖူးမြင်ရင် အမျိုးမျိုးတားမြစ်ကြတော့သည်။ ဤသို့ပြုဖူးမြော်ခြင်းဖြင့် ကူဋဒန္တပုဏ္ဏား၏ဂုဏ်များ သေးသိမ်မှေးမှိန်သွားလိမ့်မည်ဟုလည်း ဆိုကြသေး၏။
          ထိုပြင် စည်းစိမ်ဥစ္စာ၊ ပညာ၊ ကိုယ်ကျင့်တရားတို့နှင့်ပြည့်စုံပြီး အမျိုးမြတ်သော၊ တပည့်များစွာကို ပညာသင်ကြားပေနေသော၊ အသက်အရွယ်ကြီးရင့်ပြီး ဘုရင့်အကိုးကွယ်ခံဖြစ်သော၊ ခါဏုမတရွာ၏ အရှင်သခင် စသည့်သည့်ဂုဏ်တွေဖြင့် ပြည်နှက်နေသော ကူဋဒန္တပုဏ္ဏားအနေဖြင့် မြတ်စွာဘုရားကို ဖူးမြော်ချင်းဆိုသည်မှာ မသင့်မြတ်ကြောင်း တားမြစ်ကြပြန်သည်။
          ထိုအခါ ကူဋဒန္တပုဏ္ဏားက မြတ်စွာဘုရားဆိုသည်မှာ သီလ၊ သမာဓိ၊ ပညာ တို့ဖြင့်ပြည့်စုံ၍ လောကသုံးပါးတွင် အမြတ်ဆုံးဖြစ်ကြောင်း စသော မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးများကိုပြောပြ၍ မင်းအပေါင်းတို့၏ မင်းဖြစ်တော်မူသော ထိုမြတ်စွာဘုရားကို ငါသည်သာလျှင် သွားရောက်အရိုသေပေးထိုက်သည်။ မြတ်စွာဘုရားအနေဖြင့် ငါ့ထံသို့ မလာထိုက်ပါဟု ပြန်ပြောလေသည်။ ထိုပြင် မြတ်စွာဘုရားသည် ခါဏုမတရွာကိုရောက်လာသော ဧည့်သည်ဖြစ်၍ ထိုဧည့်သည်ကို ငါတို့သည် အရိုအသေပေးသင့်၊ ဖူးမြော်သင့်၊ အလေးအမြတ်ပြုသင့်သည် စသဖြင့် ဆက်ပြောလေသည်။ ကူဋဒန္တပုဏ္ဏား၏ စကားအဆုံးတွင် အားလုံးတို့သည် နှစ်သက်သဘောကျကာ မြတ်စွားဘုရားအား ဖူးမြော်ရန် သွားကြလေတော့သည်။
          ကူဋဒန္တပုဏ္ဏား၏ မေးလျောက်ချက်အရ မြတ်စွာဘုရားသည် မဟာဝိဇိတမင်း၏ ယဇ်ပူဇော်ခြင်းအကြောင်းနှင့် ပူဇော်ပုံအကြောင်းတို့ကို မိန့်တော်မူသည်။
          တစ်နေ့တွင် မဟာဝိဇိတမင်းသည် ပညာရှိ ပုဏ္ဏားကိုခေါ်ပြီး ငါသည်ကြီးမားသော လူ့စည်းစိမ်၊ ကျယ်ဝန်းသောမြေတို့ကို အုပ်စိုးရသည်။ ထိုအရာများ ကြာမြင့်စွာတည်ရန် ယဇ်ပူဇော်လိုသည်၊ မည်သို့မည်ပုံလုပ်ဆောင်ရမည်ကို ညွှန်ကြားပါဟု ပြောဆိုလေသည်။
          ထိုအခါ ပညာရှိပုဏ္ဏားက အရှင်မင်းကြီး၏နိုင်ငံတွင် နိုင်ငံဖွင့်ဖြိုးတိုးတက်မှု၊ တိုင်းသူပြည်သားတို့၏ အေးချမ်းသာယာမှု စသည်တို့ကို နှောက်ယှက်ဖျက်ဆီးနေသော သူခိုး၊ဓားပြစသော ဆူးညောင့်ခလုတ်များ ရှိနေပါသည်။ ထိုသူများသည် လုယက်၊တိုက်ခိုက်ခြင်း၊ ဖျက်ဆီးခြင်း စသည်တို့ဖြင့် တိုင်းပြည်တည်ငြိမ်ရေးကို ဖျက်ဆီးနေကြသည်။ ထိုသို့ဖြစ်နေချိန်တွင် အရှင်မင်းကြီးအနေဖြင့် တိုင်းသူပြည်သားများ အထံမှ အခွန်၊အခစသည်တို့ကို ကောက်ယူခြင်း မပြုလုပ်သင့်။ ထို သူခိုး၊ဓားပြ စသူတို့ကို ထောင်သွင်းအကျဉ်းချ၊ ညှဉ်းဆဲသတ်ဖြတ်ခြင်းဖြင့်လည်း ပြဿနာများအားလုံးကို မပယ်ရှားနိုင်ပါ။
          အရှင်မင်းကြီး လုပ်ဆောင်သင့်သောအရာများမှာ တိုင်းပြည်တွင်း မှီတင်းနေထိုင်ကြသော-
၁။ လယ်ယာစိုက်ပျိုးရေးကို လုပ်ကိုင်နေကြကုန်သော တောင်သူ၊ လယ်သမားတို့အား မျိုးစေ့၊ ရိက္ခာတို့ကို ထောက်ပံ့ပေးကမ်းရန်။
၂။ ကုန်ကူးသန်းရောင်းဝယ်နေကြသည့် ကုန်သည်ကြီ-ငယ်တို့အား အရင်းအနှီးထုတ်ပေး ထောက်ပံ့ပေးရန။်
၃။ အစိုးရ၀န်ထမ်းစသော အရာထမ်း၊ အမှုထမ်းများအား သင့်တင့်သော လစာ၊ ရိက္ခာတို့ကို ပေးအပ်ချီးမြှင့်ရန်-တို့ဖြင့်သည်။
          ဤသို့ပြုလုပ်ခြင်းဖြင့်သာ တိုင်းပြည်တွင်းဖြစ်ပေါ်နေသော ဆူးညောင့်ခလုတ်၊ အဟန့်အတား၊ အနှောက်ယှက်မှန်သမျှတို့ကို ပယ်ရှားနိုင်ပြီး၊ ထိုက်တန်သည့် အကျိုးခံစားခွင့်များ ရရှိနေသော တိုင်းသူပြည်သားများ၊ အစိုးရ လခစားများသည်လည်း မိမိတို့အလုပ်ကို မြတ်မြတ်နိုးနိုးတန်ဖိုးထား လုပ်ကြပေလိမ့်မည်။ တိုင်းပြည်လည်း အေးချမ်းသာယာပြီး ဖွင့်ဖြိုးတိုးတက်လိမ့်မည်ဖြစ်သည်။
          အထက်ပါနည်းသုံးရပ်ဖြင့် တိုင်းပြည်တွင်းရှိ ဆူးညောင့်အဟန့်အတားများကို ဖယ်ရှားပြီးနောက် မဟာဝိဇိတမင်းသည် ပညာရှိပုဏ္ဏားကိုခေါ်၍ ငါသည် သင်ပြောသည့်အတိုင်း လုပ်ပြီးပြီ။ ယဇ်ပူဇော်ခြင်းကို ပြုလုပ်လိုသေးသည်။ ဘယ်လိုလုပ်ရမည်နည်းဟု တိုင်ပင်ပြန်သည်။
          ထိုအခါ ပညာရှိပုဏ္ဏားက အရှင်မင်းကြီးနိုင်ငံတွင် အရံမင်းဟု ဆိုထိုက်သူများရှိသည်။ ထိုသူများနှင့် တိုင်ပင်ပါဟု ဆိုလေသည်။ အရံမင်းဆိုသည်မှာ- ၀န်ကြီးများစသော အစိုးရ၀န်ထမ်းများ၊ အကြံပေးများ၊ ရဟန်း၊ပုဏ္ဏားများ၊ သူဋ္ဌေးသူကြွယ်များ စသောသူများဖြစ်သည်။ ထိုပုဂ္ဂိုလ်များနှင့် တိုင်ပင်ကာ မင်းကြီးသည် ယဇ်ပူဇော်ပွဲကြီးကို တရားနှင့်အညီ ပြုလုပ်လေသည်။ ထိုပူဇော်ပွဲတွင် လူ့အသက်ကိုမဆိုထားနှင့် တိရစ္ဆာန်များ၏ အသက်ကိုပင်သတ်ဖြတ်၍ ယဇ်ပူဇော်ခြင်း မလုပ်ခဲ့ပေ။ ထိုမင်းကြီးသည် ဆည်းကပ်ထိုက်သူကို တစ်နည်းအားဖြင့် ပညာရှိသူကို တတ်ဖိုးထားတတ်၊ တန်ဖိုးသိတတ်သောကြောင့် တိုင်းပြည်အေးချမ်းရသည်။ မိမိစည်းစိမ်းလည်း ခိုင်မြဲရလေသည်။
          ကူဋဒန္တပုဏ္ဏားသည် ရာထူးဂုဏ်သိန် စည်းစိမ်ဥစ္စများနှင့် ပြည့်နှက်နေသော်လည်း မာန်မာနမရှိ။ ဘုရားရှင်၏ ဂုဏ်ကျေးဇူးကိုသိပြီး တန်ဖိုးကိုမြင်ကာ တန်ဖိုးထားတတ်သည်။ သို့အတွက်ကြောင့် ကြီးမားလှသော သူ့အသက်သတ်ခြင်းကို စွန့်လွှတ်နိုင်ခဲ့သည်။ ထိုပြင် ကူဋဒန္တပုဏ္ဏားသည် ရွံရှာစက်ဆုပ်ဖွယ်ကောင်းသော၊ အပြစ်ကြီးလေးလှသော သားသတ်ပွဲကြီးကနေ မြတ်စွာဘုရားနှင့် သံဃာတော်တို့အား မွန်မြတ်လှသော ဆွမ်းဆက်ကပ်လှူဒါန်းပွဲကြီးအဖြစ်သို့ ပြောင်းလဲနိုင်ခဲ့သည်။
          တိုင်းပြည်ကောင်းစားရေးအတွက် ဖွင့်ဖြိုးတိုးတက်ရေးအတွက် တိုင်းပြည်တွင်းရှိ ပြည်သူများ၊ ၀န်ထမ်းများ၊ ကုန်သည်များ စသည်တို့သည် အရေးကြီးသူများဖြစ်သည်။ ထိုသူများကို ချီးမြှင့်ထောက်ပံ့ပေးရမည်။ ထိုသူတို့သည် တိုင်းပြည်၏အင်အားများ အဖိုးတန်ရတနာများ ဖြစ်ကြသည်။
          ထိုပြင် မည်သည့်လုပ်ငန်းကိုပင် လုပ်စေကာမူ ငါကခေါင်းဆောင်ပဲစသဖြင့် ငါတကောကောဖြင့် မပြုလုပ်ရပေ။ တိုင်းပြည်တွင်းရှိ တိုင်ပင်သင့်သူများ၊ ဆိုင်ရာနယ်နယ်တွင် ကျွမ်းကျင်သူများနှင့် တိုင်ပင်ညှိနှိုင်းပြီးမှ၊ တစ်နည်းအားဖြင့် တိုင်းသူပြည်သားတို့၏ အသံကို နားစွင့်ပြီးမှ ပြုမူလုပ်ဆောင်သင့်ပေသည်။
          တိုင်းပြည်တွင်းရှိသူများအားလုံးသည် သူနေရာနှင့်သူ သူတန်ဖိုးနှင့်သူ ရှိကြပြီးဖြစ်သည်။ ခေါင်းဆောင်လုပ်သူသည် တစ်ဦးတစ်ယောက်ချင်း၏တန်းဖိုးများ၊ အသင်းလိုက် အဖွဲ့လိုက်၏တန်ဖိုးများနှင့် ၄င်းတို့၏ အရေးပါအရာရောက်မှုများကိုသိပါမှ တိုင်းပြည်ဖွင့်ဖြိုးရေးကို လုပ်ဆောင်ရာတွင် ဆိုင်ရာကဏ္ဍအသီးသီးတွင် လူမှန်၊နေရာမှန် ချထားပေးနိုင်လိမ့်မည်။ တန်ဖိုးသိတတ် ထားဖိုးထားတတ်မှလည်း ပြည်သူတို့၏ အားကိုးအားထားပြုခြင်း၊ အလေးအမြတ်ပြုခြင်း၊ ယုံကြည်ခြင်းတို့ကို ခံရပေလိမ့်မည်။
          နိဂုံးချုပ်ဆိုရသော် တန်းဖိုထားတတ်၊ တန်ဖိုးသိတတ်ခြင်းသည် ခေါင်းဆောင်များတွင် မဖြစ်မနေရှိရမည့် အရည်အချင်းတစ်ခုဖြစ်သည်။ တန်ဖိုးမသိခြင်း၊ မထားတတ်ခြင်းသည် အတိုင်းအတာကိုမသိခြင်းဖြစ်၍ ထိုအတိုင်းအတာကို မသိခြင်းသည်ပင် စဉ်းစားဆင်ခြင်ဥာဏ် နည်းပါးခြင်းဖြစ်သောကြောင့် ခေါင်းဆောင်ဆိုသူတို့နှင့် မသင့်တော်သော အချက်ဖြစ်ပေသည်။
ဓမ္မအသိများ နေ့စဉ်ဘ၀ထဲသို့ ယူဆောင်သွားနိုင်ပါစေဟု ဆန္ဒပြုလိုက်ပါသည်။
မေတ္တာဖြင့်-
               အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
                          Friday, June 22, 2012


[1] ကူဋဒန္တသုတ်သည် ဒီဃနိကာယ်၏ ငါးခုမြောက်သုတ်ဖြစ်သည်။ အရှေ့တိုင်း၊ အနောက်တိုင်းမှ ခေတ်သစ် ဗုဒ္ဓစာပေပညာရှင်များက “နိုင်ငံရေးနှင့် တိုင်းပြည်သာယာဝပြောရေးအတွက် မီးမောင်းထိုးပြထားသော သုတ်တစ်ခုအဖြစ်” ရှုမြင်သုံးသပ်ကြသည်။
[2] ယဇ်ဆိုသည်မှာ ပါဠိလို ယည-ဖြစ်ပြီး ပူဇော်ခြင်းဟု အဓိပ္ပာယ်ရသည်။ ယဇ=ယဇ်ဟုလည်း ပါဠိစကားအတိုင်းကို မြန်မာမှုပြုထားခြင်းလည်းဖြစ်သည်။ ယဇ်ပူဇော်ခြင်းသည် ပုဏ္ဏားတို့၏ ရိုးရာဓလေ့တစ်ခုဖြစ်သည်။ စန္ဒီ၊ ပရမီသွာ၊ ဗိဿဏိုး အစရှိသော ဗြဟ္မဏပုဏ္ဏားတို့ ကိုးကွယ်သည့် နတ်ကြီးများကို အမှူးထားကာ အမျိုးမြတ်သော ပုဏ္ဏားတို့၏ အယူအဆအားဖြင့် အကျင့် သီလနှင့်ပြည့်စုံသော ပုဏ္ဏားတို့ကို လှူဒါန်းပူဇော်ပြီးနောက်  တိရစ္ဆာန်များကိုသတ်၍ ထိုနတ်ကြီးတို့အား ပူဇော်ခြင်းကို ယဇ်ပူဇော်သည်ဟုခေါ်သည်။ ထိုအပူဇော်ခံနတ်ကြီးများက ကျေနပ်နှစ်သက်လျှင် လိုအင်ဆန္ဒပြည့်ဝနိုင်သည်ဟု မှားယွင်းစွာယူဆကြကာ ထိုကဲ့သို့ ပြုလုပ်ကြခြင်းဖြစ်သည်။ ယဇ်ပူဇော်ခြင်းနှင့်ပတ်သက်သော ဖွင့်ဆိုမှုအကျယ်ကို “တိပိဋက ပါဠိ-မြန်မာ အဘိဓာန်”၊ အတွဲ-၁၇၊ စာ ၂၈-၃၀-တို့တွင်ကြည့်ပါ)။
[3] လူတို့သည် ဂုဏ်ရှိသူများအား ကြည့်လိုကြသည်။ တစ်နည်းအားဖြင့် လူတို့၏သဘောသည် ဂုဏ်ရှိသူများကိုသာ မြင်ကြသည်။ ယင်းသဘောကို ပါဠိစာပေတွင် “ဂုဏ၀န္တေ ပဿန္တိ ဇနာ” ( ကစ္စာယနဗျာကရဏ၊ စာ-၈၇) ဟု ဆိုသည်။

0 comments:

Post a Comment