အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Saturday, July 28, 2012

လာလမ်းသာ၍ ပြန်လမ်းပြည့်စေ


“လာလမ်းသာ၍ ပြန်လမ်းပြည့်စေ”

တစ်ရက်မစောင်း
ရောက်လာကောင်းက
ပြန်ထောက်ခရီး
ထပ်တူချည်းတည့်။

ရက်စား လကျက်
နှစ်ဖြင့်ချင့်သော်
ထွေရာပွားစီး
ကျိုးမပြီးရှိ။

ကျင့်မြတ်ခိုင်ပြီ
စိတ်တည်ကြည်ရောက်
ပညာမြောက်သော်
အဆုံးတော်၏။          
                                                          အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
                                                          Friday, July 27, 2012

Friday, July 27, 2012

ရိုးသားတဲ့တစ်နေ့ကို ပြန်လည်မွေးဖွားခြင်း


“ရိုးသားတဲ့နေ့ကို ပြန်လည်မွေးဖွားခြင်း”

အလှည့်ကျ ပြန်လိုက်နေရအောင်
စိန်ပြေးတတမ်းကစားခဲ့တုန်းကလို
ရိုးသားဖူးတဲ့ ကလေးတွေမှ မဟုတ်တော့တာ
အမုန်းတရားတွေကို
သင်ပုန်းချေလောက်အောင်လည်း
သဘောထားမပြည့်
နားလည်ပေးနိုင်ဖို့ အာဃာတတွေမကျေ
ခွင့်လွှတ်ခြင်းတွေကို ခ၀ါချ
မာနတွေကို ပန်ဆင်
ဟန်ဆောင်ခြင်းဝတ်ရုံကို ထည်လဲဝတ်
ရင့်ကျက်တဲ့အသွင်နဲ့
ကြေမွလွယ်လိုက်တာ
လောကပေးတဲ့ တာဝန်ကိုပဲထမ်းဆောင်နေသလို
လောကကြီးကိုပဲ အကျိုးပြုနေသလို
တကယ်တမ်းမှာ
ကိုယ့်ဝန်ကိုတောင် မဆောင်နိုင်တော့တာကို
သိရမယ့်တစ်နေ့
သိလာမယ့် တစ်ချိန်လောက်တော့
မွေးဖွားပေးပါဦး…………။
                                                   သူ (သရက်)
                                                  Friday, July 27, 2012

Sunday, July 22, 2012

”နေ့သစ်တိုင်းတွင် ဓိဋ္ဌာန်တင်စို့”


“နေ့သစ်တိုင်းတွင် ဓိဋ္ဌာန်တင်စို့”

ငါ့ကိုကြောင်းပြု
အများစုတွင်
မကောင်းမှုများ
မဖြစ်ပွားအောင်
ကာယ-၀စီ
မနောမည်ရ
သုံးဝ ကံထား
ပြုမူများကို
တရားလျော်ညီ
ငါစောင့်မည်တည်း။
                                                      အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
                                                   Friday, July 20, 2012

Thursday, July 19, 2012

ဖိနပ်တစ်ရံရဲ့ မှတ်တမ်း


“ဖိနပ်တစ်ရံရဲ့ မှတ်တမ်း”
အင်အားအပြည့်နဲ့
တလက်လက်တောက်နေတဲ့
မျှော်လင့်ချက်မျက်ဝန်းတစ်စုံကိုမွေးဖွား
ဓူဝံကြယ်ကို ဆွတ်ယူဖို့
ခြေဖျားထောက်နေတဲ့ငါ
အဖိုးတန်ခြေနင်းကို
အနောင့်ကျအောင် မစီးချင်သလို
မြေပေါ်မှောက်လျက်လဲနေတာကို
လေပေါ်လျောက်လျက်ပဲထင်နေဆဲ
အမေကတော့
တံချူကိုကိုင်ပြီး
နောက်ဖေးဈေးဆိုင်မှာ မော့ကာမော့ကာနဲ့
ငါ့သား မစီးဘူးတဲ့
အနောင့်ပြတ် ဖိနပ်နဲ့ပါကွယ်
ကမ္ဘာ့အညံ့ဆုံးဖြစ်ပေမယ့်
အဖြူစင်ဆုံးဆိုတန်ကောင်းရဲ့
ဟင်းတစ်ခွက်အတွက်
ညဥ့်တွေလည်းနက်ခဲ့ပြီ
ငါ့သားမက်ခဲ့တဲ့
မိုးစွန်တမွတ်ဆိုတာ
အမေ့စားတော်ပွဲက
အထီးကျန် ဟင်းခွက်ထဲမှာများလို့
တွေမိနေမလား
ခင်ပြင်းပြင်းရှိုက်ထုတ်လိုက်တဲ့
ဖက်ကြမ်းလိပ် အငွေ့တွေကြား
အမေဟာ
နားမလည်ခြင်းတွေကို
ခွင့်လွှတ်ခြင်းတွေနဲ့အတူ စားသုံးနေလေရဲ့……….။
သူ (သရက်)
Thursday, July 19, 2012

Monday, July 16, 2012

“အပြစ် အပျက်”


“အပြစ် အပျက်”

နေ့သစ်တိုင်းဟာ နှုတ်ဆက်ဖို့ဝတ်မပျက်ကြဘူး
တစ်ခါတစ်ရံမှာတော့
ငါဟာ….နေ့တွေကို နှုတ်ဆက်ဖို့ပျက်ကွက်ခဲ့တယ်
ပြုတ်ကျသွားတဲ့ အတိတ်တွေကို
ဖွဖွလေးရွေးကောက်ပြီး
ဒိုင်ယာယီထဲမှာညှပ်
ခါးသီးတဲ့နေ့ရက်တွေကို
ခပ်နက်နက်တူး နင်းဖို့
မေ့ဆေးခွက်ကို လေးလေးဖျော်ကာ
ကိုယ်တိုင်ပဲမော့လိုက်ရမလား
တစ်ခြားသူတွေကိုပဲ တိုက်ရမလား
မှန်ထဲမှာ ငါ့သင်္ကေတတွေမရှိတော့ဘူး……….။
                                                                သူ (သရက်)
                                                            Monday, July 16, 2012

Wednesday, July 11, 2012

သစ္စာဘောင်ထဲက နာရီလက်တံလား

သစ္စာဘောင်ထဲက နာရီလက်တံလား

အိပ်မက်တွေက နိုးထခဲ့တာကြာပေါ့
ဒါပေမယ့် အိပ်ရေးတွေပျက်နေဆဲပဲ
အောင်မြင်စွာ ပြီးဆုံးသွား ပန်းချီကားတစ်ချပ်မှာ
ဖုံတွေကျလို့ မှုန်ပျပျဖြစ်နေတယ်
ဝေးရာကိုပြေးရင်း
မင်းဆီကိုပဲရောက်နေရပြီ...........။
                                                  သူ (သရက်)
                                                 ၁၁-၇-၂၀၁၂

Tuesday, July 10, 2012

ဆွေးနွေးနည်းနာ မှတ်စရာ

ဆွေးနွေးနည်းနာ မှတ်စရာ
မိလိန္ဒမင်း။      ။ တပည့်တော်နှင့် ဆွေးနွေးနိုင်ပါမည်လား အရှင်ဘုရား။
နာဂသေနမထေရ်။     ။ မင်းမြတ်…၊ ပညာရှိတို့သဘောဖြင့် ဆွေးနွေးပါလျင် ဆွေးနွေးပါမည်။ မင်းတို့၏ သဘောဖြင့် ဆွေးနွေးမည်ဆိုက မဆွေးနွေးလိုပါ။
မိလိန္ဒမင်း။      ။ ပညာရှိများဟာ ဘယ်လိုဆွေးနွေးကြပါသလဲ အရှင်ဘုရား။
နာဂသေနမထေရ်။     ။ မင်းမြတ်…….၊ ပညာရှိများ ဆွေးနွေးကြရာတွင် တစ်ဖက်သားကို စကားဖြင့်ဖမ်း၍ ချုပ်နှောင်ကြသည်။ ပြီးမှ ပြန်၍လည်းလွှတ်ပေးသည်။ တစ်ဖက်သားကို နှိမ်ချသည်လည်း ရှိသည်။ ချီးမြှောက်သည်လည်း ရှိသည်။ အကျွမ်းဝင်အောင် လုပ်သည်လည်းရှိသည်။ ပြန်လည်၍လည်း အကျွမ်းတ၀င် ရှိသည်။ ထိုသို့ပြုလုပ်သော်လည်း ပညာရှိတို့သည် စိတ်ဆိုးဒေါသထွက်ခြင်း မရှိကြ။ ဤနည်းအားဖြင့် ပညာရှိတို့ ဆွေးနွေးကြသည်။
မိလိန္ဒမင်း။      ။ မင်းများကကော ဘယ်လိုဆွေးနွေးကြပါသလဲ အရှင်ဘုရား။
နာဂသေနမထေရ်။     ။ မင်းမြတ်…..၊ မင်းတို့သည် တစ်စုံတစ်ခုသော အချက်အလက်ကို သဘောတူ အတည်ပြုထားသည်။ ထိုအချက်ကို ဖောက်ဖျက်၍ ပြန်လည်ငြင်းခုံလျင် ထိုသူကို မပြစ်ပေးကြသည်။ ဤနည်းဖြင့် မင်းတို့သည် ပြောဆိုဆွေးနွေးကြသည်။
မိလိန္ဒမင်း။      ။ တပည့်တော်သည် ပညာရှိနည်းဖြင့်သာ အရှင်ဘုရားနှင့် တိုင်ပင်ဆွေးနွေးပါမည် အရှင်ဘုရား။
နာဂသေနမထေရ်။     ။ ကောင်းပါပြီ မင်းမြတ်။
                            အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
                                            Tuesday, July 10, 2012
(ခုဒ္ဒကနိကာယ်၊ မိလိန္ဒပဥှမှ ကောက်နှုတ်ဖော်ပြသည်။)
ခြွင်းချက်။       ။ လူမိုက်တို့သည် ငါ့စကားနွားရ နိုင်လျင်ပြီးရော ပြောတတ်ကြသည်။ အမှန်၊ အမှားကို လက်မခံ။ နိုင်လျင်ပြီးစတမ်း သဘောထားကြသည်။ ၄င်းကို လူမိုက်တို့ ဆွေးနွေးနည်း သို့မဟုတ် ငြင်းခုံနည်းဟု မှတ်ပါလေ။