အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Thursday, June 14, 2012

ခေါင်းဆောင်ကောင်းတို့ ကျင့်စဉ် (၄)

ခေါင်းဆောင်ကောင်းတို့  ကျင့်စဉ် (၄)
ဒူးနေရာဒူး တော်နေရာတော်
          နယ်ပယ်အသီးသီး အခြေအနေအဆင့်ဆင့်တွင် ရှိနေကြသော ခေါင်းဆောင်များသည် မိမိနှင့်အမှန်တကယ်ထိုက်တန်သော နေရာတွင် ရှိနေဖို့ အရေးကြီးသည်။ အလားတူပင် မိမိနောက်လိုက် တို့အားလည်း သင့်တော်သောနေရာ သင့်တော်သော အလုပ်တာဝန်တို့ကို ပေးအပ်နိုင်စွမ်းရှိဖို့လည်း အရေးကြီးပေသည်။ အကြောင်းမှာ အဖွဲ့အစည်းတစ်ခုအတွင်း ရပ်တည်နေသော လူတစ်ယောက်၏ အပြုအမူ၊ အပြောအဆို၊ အလုပ်အကိုင်တို့သည် ၄င်းသက်ဆိုင်ရာ နယ်ပယ်ကို ကိုယ်စားပြုနေသောကြောင့်ဖြစ်သည်။
          လက်ရှိလုပ်ကိုင်နေသော တာဝန်ယူနေရသော မိမိလုပ်ငန်းများကို အလွန်မြင့်လွန်းသည်ဟု အထင်ရောက်ခြင်း သို့မဟုတ် အထင်ကြီးလွန်းခြင်းသည် ကျရှုံးရာ အကြောင်းဖြစ်နိုင်သကဲ့သို့ သေးဖွဲလွန်းသည်ဟု မှတ်ယူထားခြင်း သို့မဟုတ် အထင်သေးလွန်းခြင်းသည်လည်း အောင်မြင်ခြင်းမှ ဝေးကွာနိုင်ပေသည်။ အတွေးအခေါ် နေရာကျမှု၊ လျော်ကန်သင့်မြတ်မှုသည်လည်း လုပ်ဆောင်ချက်ကောင်းတို့ အတွက် အောင်မြင်မှုရောင်နီဦးဖြစ်သည်။
          မလိုအပ်လျင် အရပ်ရပ်နှံ့စပ်သူ ပညာတတ်ပင်ဖြစ်သော်လည်း ရေငုံနှုတ်ဆိတ်နေရသည့်ပမာ လိုအပ်လာပါကလည်း ငတ်လို့လုပ်ရသူ မရှိလို့လုပ်ရသူ တာဝန်ယူရသူမျိုး မဖြစ်သင့်ပေ။ မကျေနပ်မှု၊ အလိုမကျမှုတို့ကို အရင်းခံထားပြီး လွဲမှားခြင်းများစွာဖြင့် မိမိနှင့်မသင့်သည့်နေရာကို ရယူထားရခြင်းသည် မိမိကိုယ်တိုင်လည်း စိတ်ပင်ပန်း၊လူလည်းနွမ်း ဖြစ်ရသကဲ့သို့ မိမိနှင့်စပ်သူများလည်း သောကများ ဒေါမနဿပွားရသည်။ သူတော်များလည်း နှလုံးမသာဖြစ်ရသည်။ စေတနာကောင်းကို အရင်းပြုကာ မိမိနှင့်တန်သော တာဝန်၊ ၀တ္တရားကို ထမ်းဆောင်နိုင်ခြင်းသည် မိမိသာမက ကြား၊မြင်၊သိသူ ဆက်စပ်သူတို့အားလုံး ကိုယ်၊စိတ်နှစ်ဖြာ ချမ်းသာရပေမည်။
*****

          မြတ်စွာဘုရား လက်ထက်တော်အခါက ဖြစ်သည်။ အရှင်ဒဗ္ဗမထေရသည် ရဟန်းတော်များ၏ ဆွမ်း၊ကွမ်းကိစ္စအတွက် စာရေးတံမဲချသည့်တာဝန်ကို ယူထားသူဖြစ်၏။ ရဟန်းတော်များသည် အရှင်ဒဗ္ဗမထေရ်၏ စီစဉ်ညွှန်ကြားမှုအတိုင်း ကျေနပ်ကြည်ဖြူ လက်ခံယူကြသူချည်း ဖြစ်သော်လည်း အရှင်လာဠုဒါယီမထေရ်ကမူ ဆွမ်းကောင်းရချိန်တွင် ငြိမ်နေတတ်ပြီး ဆွမ်းကောင်းမရသည့် အခါများတွင်မူ မကျေမနပ်နှင့် ဆူဆူပူပူလုပ်သည်။ “စာရေးတံဝေသည့်အလုပ်များ အခက်လုပ်လို့ မိမိလည်းလုပ်တတ်သည်” စသဖြင့် မကျေမနပ်ပြောဆိုလေ့ရှိသည်။ သို့နှင့် အရှင်ဒဗ္ဗမထေရ်သည် စာရေးတံမဲဝေသည့်အလုပ်ကို အရှင်လာဠုဒါယီမထေရ်အား လွှဲအပ်လိုက်သည်။
          စာရင်းအင်းမနိုင်နင်း စီမံမှုညံ့ဖျင်းပြီး ပိုင်းခြားဝေဖန်တတ်မှုမရှိသော အရှင်လာဠုဒါယီမထေရ်၏ စာရေးတံမဲဝေသည့်နေ့မှစ၍ ရဟန်းတော်များ စိတ်မချမ်းမသာ ဖြစ်ရသည်။ ထိုကြောင့် အရှင်လာဠုဒါယီမထေရ်မှာ စာရေးတံမဲ ဝေသည့်တာဝန်ရပ်ကာ မောင်းထုတ်ခြင်းခံရလေသည်။ ယင်းအကြောင်းကို မြတ်စွာဘုရားသိတော်မူ၍ မိမိနှင့်မတန်သော နေရာကိုယူမိသော လူမိုက်သည် ကိုယ်ကျိုးလည်းဆုံး အများလည်းအမုန်းခံရတတ်ကြောင်းကို အရှင်လာဠုဒါယီမထေရ်၏ အတိတ်ဇာတ်ကြောင်းဖြင့် ပြန်ပြောင်းမိန့်တော်မူလေသည်။
          ကာသိတိုင်း၊ ဗာရဏသီပြည်တွင် ဗြဟ္မဒတ်မင်း အုပ်ချုပ်စဉ် ဘုရားလောင်းသည် ကုန်ပစ္စည်း၊ ကျောက်သံပတ္တမြား စသည်တို့ကို ဆုံးဖြတ်သတ်မှတ်ပေးရသော ရာဖြတ်ဝန်ကြီးတာဝန်ကို ယူရ၏။ အဓိကအားဖြင့် ရှင်ဘုရင်ဝယ်ယူမည့် ပစ္စည်းများကို ဆုံးဖြတ်ပေးရ၏။ ပစ္စည်းတန်ဖိုးအလိုက် မှန်မှန်ကန်ကန် ဆုံးဖြတ်ပေးလေ့ရှိသော ၀န်ကြီးကို လောဘကြီးလှသော ရှင်ဘုရင်က မကျေနပ်နိုင်။ ထိုဝန်ကြီးကိုဖြုတ်၍ လမ်းဘေးကလူတစ်ယောက်ကိုခေါ်ကာ ရာဖြတ်ဝန်ကြီးအဖြစ် ခန့်အပ်လိုက်သည်။   
  ရာဖြတ်ဝန်ကြီးအသစ်သည် ဘုရင့်အလိုတော်အတိုင်း ပစ္စည်းကောင်းသော်လည်း ဈေးကောင်းမပေးပဲ နှိမ်ပြီးရာဖြတ်ပေး၏။ ကုန်သည်များ ရောင်းချသူများမှာ ကြောက်ကြသောကြောင့် မတန်မှန်းကို သိသော်လည်း ရောင်းချကြရလေသည်။
          ထိုသို့ ကုန်ဈေးနှုန်း ကမောက်ကမ ဖြစ်နေချိန်တွင် ဥတ္တရာပထမှ မြင်းကုန်သည်တစ်ယောက်သည် မြင်းငါးရာကို ရောင်းချရန် ဗာရာဏသီပြည်သို့ ရောက်လာခဲ့သည်။ ဘုရင့်ရာဖြတ်ဝန်ကြီးအသစ်သည် မြင်းအကောင်ငါးရာကို “ဆန်တစ်ကွမ်းစား”[1]ဖြင့် ဖြတ်ပေးလိုက်၏။ မြင်းကုန်သည်မှာ မည်သို့မျှ မတတ်နိုင်သောကြောင့် မြင်းငါးရာကို ဆန်တစ်ကွမ်းစားဖြင့်ပင် မကျေမနပ်နဲ့ ရောင်းခဲ့ရပြီး ရာဖြတ်ဝန်ကြီးဟောင်းထံသို့သွားကာ မည်သို့လုပ်ဆောင်သင့်သည်ကို တိုင်ပင်လေသည်။
          ရာဖြတ်ဝန်ကြီးဟောင်း၏ အကြံပေးချက်အရ မြင်းကုန်သည်သည် ရာဖြတ်ဝန်းကြီးသစ်ထံ လာဘ်ထိုးကာ ဆန်တစ်ကွမ်းစား တန်ဖိုးကိုလည်း ဤရွေ့ဤမျှတန်းကြောင်း ရှင်ဘုရင့်ရှေ့တွင် ဆုံးဖြတ်ခိုင်းလေသည်။ ရာဖြတ်ဝန်ကြီးဟောင်း ဘုရားလောင်း အပါအ၀င် အခြားအခြားသော ၀န်ကြီးများ၊ အရာရှိကြီးများလည်း ထိုရာဖြတ်ပွဲသို့ တက်ရောက်လာကြသည်။
          မြင်ကုန်သည်က “အရှင်မင်းကြီး၏ ရာဖြတ်ဝန်ကြီးသည် မြင်းအကောင်ငါးရာကို ဆန်းတစ်ကွမ်းစားဖြင့် တန်ဖိုးသတ်မှတ်ပေးပါသည်။ ထိုဆန်တစ်ကွမ်းစားသည် ဈေးမည်မျှ ဖြစ်သင့်ကြောင်း ဆုံးဖြတ်ပေးခိုင်းတော်မူပါ”ဟု လျှောက်တင်လေသည်။ ဘုရင့်စေခိုင်းချက်အရ ရာဖြတ်ဝန်းကြီးသစ်သည် “ဆန်းတစ်ကွမ်းစားသည် မြို့တွင်း ၁၂-‘ယူဇနာ’[2]၊ မြို့ပြင် ယူဇနာ ၃၀၀-ကျယ်သော ဗာရာဏသီပြည်နှင့် တန်ဖိုးညီကြောင်း” ဆုံးဖြတ်လိုက်သည်။ အရင်အကြိမ်များတွင် မင်းလိုလိုက်၍ ရာဖြတ်ပေးတတ်လည်း ယခုတစ်ကြိမ်တွင် ကုန်သည်ထံမှ လာဘ်စားထားခြင်းကြောင့် ကုန်သည်၏သဘောအတိုင်း ဆုံးဖြတ်ခြင်းဖြစ်သည်။
          အဆိုပါ ရာဖြတ်ဝန်ကြီး၏ ဆုံးဖြတ်ချက်ကြောင့် ရာဖြတ်ပွဲကို တက်ရောက်လာကြသော ၀န်ကြီးများ၊ အရာရှိများနှင့် ကြားရသူအပေါင်းမှာ လက်ခုပ်လက်ဝါးတီးကာ ဟားတိုက်လှောင်ပြောင် ရယ်မောကြလေသည်။ ရှင်ဘုရင်လည်း မဟာအရှက်တော်ကွဲရသောကြောင့် ၀န်ကြီးအရာမှဖယ်ရှား၍ ရာဖြတ်ဝန်ကြီးဟောင်းကို ရာဖြတ်ဝန်ကြီးအဖြစ် ပြန်လည်ခန့်အပ်လေသည်။
*****
          မြန်မာစကားပုံတွင် “ဒူးနေရာဒူး၊ တော်နေရာတော်”ဟူသော ဆိုရိုးစကားရှိသည်။ မိမိနှင့်လျော်သော နေရာကိုသိဖို့လို၏။ မိမိနှင့်တန်သော စကားကို ပြောတတ်ဖို့လို၏။ ဟန်ရေးအလွန်ကောင်းသော်လည်း ပွဲထွက်မှ ဇာတ်ပျက်မှန်းသိရ၏။ “ထိုင်နေအကောင်းသား၊ ထသွားမှ အကျိုးမှန်းသိ” ဆိုသလိုဖြစ်ရသည်။ ထိုကြောင့် မိမိနှင့်ထိုက်တန်သော နေရာ၊ မိမိအဆင့်အတန်းနှင့် ညီသောစကား၊ မိမိဂုဏ်နှင့် သင့်လျော်သောအလုပ်တို့ကို ဆင်ခြင်ဥာဏ်အရင်းခံ၍ မေတ္တာ၊စေတနာ အပြည့်ထားရှိနိုင်ခြင်းသည် ခေါင်းဆောင်နယ်ပယ် အသီးသီးတွင်ရှိသော ရဟန်း၊ရှင်၊လူအားလုံးအတွက် အခြေခံလိုအပ်ချက် တစ်ခုဖြစ်ပေသည်။ စေတနာမမှန်သော လုပ်ရပ်များကို အချိန်ကြာအောင် ဖုံးကွယ်လို့ ရရိုးမရှိ၊ ဗူးပေါ်သလို ပေါ်လာရိုးသာ ဖြစ်သည်။ မရိုးသားခြင်းသည် ခေါင်ဆောင်တို့အတွက် ကြီးမားသောအမှားဖြစ်သည်။
          နေရာလွဲမှား ရောက်ရှိနေသူများသည် တာဝန်မဲ့စကား၊ တာဝန်မဲ့အလုပ်တို့ကို လုပ်ဆောင်တတ်ပြီး၊ မိမိ၏ အပြုအမူ၊ အပြောအဆို၊ အလုပ်တို့အတွက် မည်သည့်အခါမျှ တာဝန်ယူလေ့မရှိပေ။ မိမိကိုယ်ကိုမှ တာဝန်ယူနိုင်စွမ်းမရှိလျင် အခြားလူများ၏တာဝန်ကို ဘယ်မှာလျှင် ကျေပွန်အောင်ထမ်းဆောင် ယူဆောင်နိုင်မည်နည်း။ ခေါင်းဆောင်ဆိုသည်မှာ မိမိတာဝန်သာမက အခြားသူများ၏ တာဝန်များကိုပါ ထမ်းဆောင်နိုင်သူဟု ဆိုလိုရာရောက်သည်ကို လေးလေးနက်နက် ခံယူတတ်ဖို့ဖြစ်ပေသည်။
ဓမ္မအသိများ နေ့စဉ်ဘ၀ထဲကို ယူဆောင်ကာ ကျင့်သုံးနိုင်ပါစေဟု ဆန္ဒပြုလိုက်ပါသည်။
မေတ္တာဖြင့်-
              အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
                        Tuesday, May 29, 2012

ကျမ်းကိုး။       ။
၁။ ဇာတကပါဠိတော်၊၁၊ တဏ္ဍုလနာဠိဇာတက
၂။ ဇာတကဋ္ဌကထာ၊၁၊ တဏ္ဍုလနာဠိဇာတက၀ဏ္ဏနာ
၁။ ညောင်ကန်ဆရာတော်၊ ပုံတော်စုံ ငါးရာကငါးဆယ် ဇာတ်ဝတ္ထု၊ ပ-တွဲ။



[1] မြန်မာ့နည်းဖြင့် ဆန်စပါး ချင်တွယ်သည့် ပုံစံကို “နှစ်လမြူ တစ်လမျက်၊ နှစ်လက်မျက် တစ်လမယ်၊ နှစ်လမယ် တစ်စလယ်၊ နှစ်စလယ် တစ်ခွက်၊ နှစ်ခွက် တစ်ပြည်၊ လေးပြည် တစ်စိတ်၊ နှစ်စိတ် တစ်ခွဲ၊ နှစ်ခွဲ တစ်တင်း”ဟု တွက်ချက်လေ့ရှိသည်။ ဆန်းတစ်ကွမ်းစားသည် တစ်စယ်လယ်ရှိပြီး၊ တစ်စလယ်ဆိုသည်မှာ ဆန်နို့ဆီနှစ်ဗူးရှိသည်ဟု မှတ်သားရပါသည်။
[2] ယူဇနာအသုံးအနှုန်းသည် “ယောဇန” ဟူသော ပါဠိမှ ဆင်းသက်ခေါ်ဝေါ်သော အသုံးအနှုန်းဖြစ်သည်။ ယူဇနာ၏အကွာအဝေးကို ရှေးဆရာတို့က တစ်ယူဇနာတွင် တစ်ဆယ့်နှစ်မိုင်ရှိ၏။ တစ်ဆယ့်သုံးမိုင်ရှိ၏ စသည်ဖြင့် အမျိုးမျိုးပြဆို ရေးသားခဲ့ဖူးပါသည်။ (အချို့ကလည်း ဆယ်မိုင်ရှိသည်ဆိုသည်)။ “ဗြဟ္မဇာလသုတ် အဋ္ဌကထာ၌ နာလန္ဒာနှင့် ရာဇဂြိုဟ် တစ်ယူဇနာ ဝေးကွာ၏” ဟု အဆိုရှိခဲ့သည့်အတိုင်း ခုမီးရထားလမ်းမိုင်တိုင် အမှတ်အသားများလည်း ရှစ်မိုင်အတိအကျ ရှိနေသောကြောင့် တစ်ယူဇနာမှာ ရှစ်မိုင် ရှိမည်ဟု ဗုဒ္ဓသာသနိက ပထ၀ီဝင်ကျမ်းတွင် ကိုယ်တွေ့လေ့လာရေးသားထားသည်ကို တွေ့ရပါသည်။ သီတဂူဆရာတော် အရှင်ဥာဏိဿရက ပိဋကတ်ကျမ်းလာ မြို့အကွာအဝေးအတိုင်း အိန္ဒိယတွင်ရောက်ရှိစဉ် ခန့်မှန်းတွက်ချက်ရာ အငြင်းပွားဖွယ် အဆိုပြုချက်သစ်များ ထွက်ပေါ်ခဲ့သည်။ (Myanmar Online Encyclopaedia, Tuesday, May 29, 2012)

0 comments:

Post a Comment