အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Friday, June 29, 2012

........ကြောင့်မဖြစ်စေချင်

“….ကြောင့် မဖြစ်စေချင်”

ကြယ်တာရာတွေ လင်းလက်ဖို့
လမင်းကြီးကို တိမ်ဖုံးရမှာလား
ရနံ့ကင်းတဲ့ပန်းတွေ နေရာရဖို့
ရနံ့သင်းပန်းတွေ နွမ်းကြွေစရာလား
လေမှာပျံတဲ့ငှက်
ရေမှာစံတဲ့ငါး
မြေပေါ်မှာနေတဲ့ တို့အားလုံး
သဘာဝတရားတွေနဲ့
အလှတရားတွေနဲ့
ကိုယ်စီကိုယ်င တောက်ပနေကြတယ်
ကိုယ့်အတွက်နဲ့
သစ္စာပျက်ကြေး မဟုတ်ဘူးဆိုရင်
အားလုံးမှာ အခွင့်အရေးရှိတယ်
မတူကွဲပြားခြင်းနဲ့
စုံညီနဲ့အလှတွေကို ဖန်တီးဖို့
ဆန္ဒတွေသာ ရှိနေမယ်ဆိုရင်
လာသူငယ်ချင်း
ဖြစ်ရာကနေ
သင့်သလို အလှဆင်ကြစို့………..။
                                                         သူ (သရက်)
                                                         Friday, June 29, 2012

Tuesday, June 26, 2012

လွမ်းမဲ့ ရပ်ဝန်း


“လွမ်းမဲ့ ရပ်ဝန်း”

လေလည်းမသုတ် 
မိုးဖြုတ်မစင်
ဥသြသံညောင်း
သည်ခါနှောင်းသည်
အနေကျစ်လစ်
လွမ်းဖို့ခက်၏။ 
                                 သူ (သရက်)
                                Wednesday, June 27, 2012

Saturday, June 23, 2012

ပေရာဒေနိယတက္ကသိုလ်

ပေရာဒေနိယတက္ကသိုလ်
          ထေရ၀ါဒ ဗုဒ္ဓဘာသာကို အထူးဦးစားပေးသည့်အားလျှော်စွာ သီရိလင်္ကာနိုင်ငံရှိ တက္ကသိုလ်၊ ကောလိပ်တိုင်းလိုလိုတွင် ဗုဒ္ဓစာပေလေ့လာရေးဆိုင်ရာဋ္ဌာနများ ထည့်သွင်းထားသည်။ ထိုအထဲတွင် မြန်မာရဟန်းတော်များ တက်ရောက်နေသည့် တက္ကသိုလ်များမှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ ပေရာဒေနိယတက္ကသိုလ် {University of Peradeniya}
၂။ ပါဠိနှင့်ဗုဒ္ဓဘာသာဆိုင်ရာ လေ့လာသင်ကြားရေး ဘွဲ့လွန်တက္ကသိုလ်၊ (ကေလနိယတက္ကသိုလ်) {Post Graduate Institute of Pali and Buddhist Studies, University of Kelaniya}
၃။ ဗုဒ္ဓဘာသာနှင့်ပါဠိစာပေလေ့လာသင်ကြားရေးတက္ကသိုလ် {Buddhist and Pali University (BPU)}
၎။ သီရိလင်္ကာ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓတက္ကသိုလ် {Sri Lanka International Buddhist Academy (SIBA)} နှင့်
၅။ အကွိုင်းနစ် ကောလိပ် (Aquinas College of Higher Studies)-တို့ဖြစ်သည်။
          သီရိလင်္ကာနိုင်ငံသို့ ပညာသင်ကြွလိုကြသော ညီတော်/နောင်တော်တို့အတွက် ယင်းတက္ကသိုလ်များအထဲမှ တစ်ခုချင်းဆီကို သတင်းဆောင်းပါးအနေဖြင့်  တင်ပြသွားမည်ဖြစ်ပါသည်။
          ပေရာဒေနိယတက္ကသိုလ်သည် ၁၉၄၂-ခုနှစ်တွင် စီလုံတက္ကသိုလ်၏ အခွဲအဖြစ် စတင်ခဲ့သည်။ ၁၉၇၂-ခုနှစ်တွင် စီလုံတက္ကသိုလ်ကို သီရိလင်္ကာတက္ကသိုလ်အဖြစ် ပြောင်းလဲခဲ့ရာတွင်လည်း ယင်းတက္ကသိုလ်၏ နယ်မြေခွဲအဖြစ်ပင် ဆက်လက်ရပ်တည်ခဲ့သည်။ ၁၉၇၈-ခုတွင်မူ သီးခြားရပ်တည်နိုင်သည့် ပေရာဒေနိယတက္ကသိုလ် ဖြစ်လာခဲ့သည်။
          ပေရာဒေနိယတက္ကသိုလ်သည် သီရိလင်္ကာနိုင်ငံရှိ တက္ကသိုလ်များတွင် အကြီးမား၊အကျယ်ဝန်းဆုံးဖြစ်ပြီး တက္ကသိုလ်ဧရိယာမှာ ၁၇၂၉-ဧကကျော်ရှိသည်။ ကိုလမ်ဘိုမြို့မှ ကီလိုမီတာ ၁၀၀-ခန့်အကွာ ပေရာဒေနိယမြို့တွင် တည်ရှိပြီး၊ ဗုဒ္ဓမြတ်စွယ်တော်ထားရှိရာ ကန္ဒီမြို့နှင့် ၇-ကီလိုမီတာအကွာတွင်ရှိသည်။ ကားရထားတို့ဖြင့် လွယ်လင့်တကူ သွားလာနိုင်သည်။
          ပေရာဒေနိယသည် တက္ကသိုလ်ကြီးတစ်ခု ဖြစ်သည်နှင့်အညီ စာအုပ်၊စာတမ်းနှင့် မှတ်တမ်းမှတ်ရာပေါင်း ၄၀၅၀၀-ကျော်ရှိသော စာကြည့်တိုက်ကြီးရှိသည်။ မဟာဌာနကြီး (Faculty) ၈-ခုရှိပြီး၊ ယင်းတို့အသီးသီးအောက်တွင် ဌာနခွဲ(Department)ပေါင်း များစွာရှိသည်။ (ဘွဲ့လွန်တက္ကသိုလ်ခွဲနှစ်ခုနှင့် အခြားသော လူ့အခွင့်ရေးလေ့လာမှုဆိုင်ရာစသော စင်တာများလည်းရှိသည်)။ မဟာဌာနကြီး ၈-ခုမှာ-

Thursday, June 21, 2012

“ကြာလို့မတွေ့ ရှာလို့တွေ့မယ်”


“ကြာလို့မတွေ့ ရှာလို့တွေ့မယ်”

အကြောင်းအကျိုးတွေနဲ့မို့
အကောင်းအဆိုးတွေလို့ မဆိုချင်
မရှိတာတွေ ရှိလို့
ရှိတာတွေ မရှိတော့ရင်
အေးချမ်းမှုကိုရလာမှာပါ။
သိထားတာ အသိတရားမဟုတ်သ၍
သွားရင်းလည်းဝေး
နားရင်းလည်း ပြေးနေရမှာပဲ…………။
သူ (သရက်)
Wednesday, June 20, 2012

Wednesday, June 20, 2012

ရောက်လာမယ့်တစ်နေ့ဟာ ပျောက်ကွယ်တဲ့နေ့ဆိုရင်


“ရောက်လာမယ့်တစ်နေ့ဟာ ပျောက်ကွယ်တဲ့နေ့ဆိုရင်”
အားလုံးအတွက်
တစ်နေ့ဆိုတာ ရောက်လာမှာပါ
အဲဒီနေ့မှာ
အသင့်မဖြစ်သေးဘူးဆိုတာကို ဂရုမစိုက်သလို
အသင့်ဖြစ်နေရင်လည်း မမှုပါဘူး
ချစ်နေသူတွေလည်းထားခဲ့
မုန်းသူတွေကိုလည်း ချန်ရစ်ခဲ့
ပိုင်ဆိုင်တာတွေအားလုံး
ဂုဏ်သတင်းတွေ
ကျော်ကြားမှုတွေ
နောက်ဆုံး ငါလို့ထင်နေတာတွေ
အားလုံးကို ချန်ရစ်ခဲ့ရမယ်
မာနတွေလား
အတ္တတွေလား
ဘာပဲဖြစ်ဖြစ်
ဆုပ်ကိုင်ထားလို့မရဘူး
တစ်ပါတည်းယူသွားချင်လို့မရဘူး
နေ၀င်ပေါင်းများလှပြီ
ဒီနေ့ နေ၀င်လေမလားလို့ သံယတွေနဲ့ပဲရှိသေးတယ်
တစ်နေ့ပေါ့
မျှော်လင့်မထားပါဘူး
ဒါပေမယ့်…………ရောက်လာမှာပါ။
သွားပေဦးတော့……..
လမ်းကြုံရင်ဝင်ခဲ့ဦးလေ
ကံဆုံရင်တော့တွေ့ဦးမှာပေါ့
ထားရစ်ခဲ့တဲ့အတိုင်းပဲ
အပြုံးမပျက်တဲ့အမူရာနဲ့
လောကကြီးက သမိုင်းတွေဖတ်နေတယ်…………။
သူ (သရက်)
Wednesday, June 20, 2012

Tuesday, June 19, 2012

လောကမိခင်

“လောကမိခင်”
အမေ……(ဒီလိုမြင်စေခဲ့သူ)
အမေတော့မဟုတ်ဘူး
အမေလိုပဲ
မေတ္တတရားတွေနဲ့
အကြင်နာတရားတွေနဲ့
လောကကိုမွေးမြူသူပေါ့….။
အမေ…..
အားလုံးအတွက်တော့မဟုတ်ဘူး
အားလုံးအတွက်လိုပဲ
စွန့်လွှတ်ခြင်းတွေနဲ့
ပေးဆပ်ခြင်းတွေနဲ့
သစ္စာတရားတွေကို ထွန်းညှိစေတယ်….။
အမေ…….
အမြင့်မြတ်ဆုံးတော့မဟုတ်ပါဘူး
အမြင့်မြတ်ဆုံးလိုပဲ
ရိုသားခြင်းတွေနဲ့
ဖြူစင်ခြင်းတွေနဲ့
ဥယျာဉ်မှူးတွေထက်က ဥယျာဉ်မှူးပါ……..။
အမေ…….
အစွမ်းကုန်ကျိုးစားတယ်
လုပ်သင့်တာကိုလုပ်ဖို့
စာရိတ္တသတ္တိအပြည့်ရှိတယ်
တစ်ယောက်အတွက်မဟုတ်ဘူး
ကိုယ့်အတွက်လည်းမဟုတ်ဘူး
သာသနာ့နန်းပလ္လင်ထက် တံခွန်တွေနဲ့တင့်စေဖို့အတွက်ပါ
နှလုံးသားမြေမှာ ဓမ္မတွေ ရှင်သန်ဖို့အတွက်ပါ
လောကစခန်းတစ်ခွင်မှာ သစ္စာပန်းတွေ လန်းစေဖို့အတွက်ပါ……….။
                                                                                   သူ (သရက်)
                                                                                Monday, June 18, 2012
ဒါနသီရိလင်္ကာအသင်း ဥက္ကဋ္ဌ၊ ဒါယိကာမကြီး ဒေါ်သက်သက်နွယ် (မယ်တော်ကြီး)၏ မွေးနေ့အတွက် အမှတ်တရ။

Thursday, June 14, 2012

ခေါင်းဆောင်ကောင်းတို့ ကျင့်စဉ် (၄)

ခေါင်းဆောင်ကောင်းတို့  ကျင့်စဉ် (၄)
ဒူးနေရာဒူး တော်နေရာတော်
          နယ်ပယ်အသီးသီး အခြေအနေအဆင့်ဆင့်တွင် ရှိနေကြသော ခေါင်းဆောင်များသည် မိမိနှင့်အမှန်တကယ်ထိုက်တန်သော နေရာတွင် ရှိနေဖို့ အရေးကြီးသည်။ အလားတူပင် မိမိနောက်လိုက် တို့အားလည်း သင့်တော်သောနေရာ သင့်တော်သော အလုပ်တာဝန်တို့ကို ပေးအပ်နိုင်စွမ်းရှိဖို့လည်း အရေးကြီးပေသည်။ အကြောင်းမှာ အဖွဲ့အစည်းတစ်ခုအတွင်း ရပ်တည်နေသော လူတစ်ယောက်၏ အပြုအမူ၊ အပြောအဆို၊ အလုပ်အကိုင်တို့သည် ၄င်းသက်ဆိုင်ရာ နယ်ပယ်ကို ကိုယ်စားပြုနေသောကြောင့်ဖြစ်သည်။
          လက်ရှိလုပ်ကိုင်နေသော တာဝန်ယူနေရသော မိမိလုပ်ငန်းများကို အလွန်မြင့်လွန်းသည်ဟု အထင်ရောက်ခြင်း သို့မဟုတ် အထင်ကြီးလွန်းခြင်းသည် ကျရှုံးရာ အကြောင်းဖြစ်နိုင်သကဲ့သို့ သေးဖွဲလွန်းသည်ဟု မှတ်ယူထားခြင်း သို့မဟုတ် အထင်သေးလွန်းခြင်းသည်လည်း အောင်မြင်ခြင်းမှ ဝေးကွာနိုင်ပေသည်။ အတွေးအခေါ် နေရာကျမှု၊ လျော်ကန်သင့်မြတ်မှုသည်လည်း လုပ်ဆောင်ချက်ကောင်းတို့ အတွက် အောင်မြင်မှုရောင်နီဦးဖြစ်သည်။
          မလိုအပ်လျင် အရပ်ရပ်နှံ့စပ်သူ ပညာတတ်ပင်ဖြစ်သော်လည်း ရေငုံနှုတ်ဆိတ်နေရသည့်ပမာ လိုအပ်လာပါကလည်း ငတ်လို့လုပ်ရသူ မရှိလို့လုပ်ရသူ တာဝန်ယူရသူမျိုး မဖြစ်သင့်ပေ။ မကျေနပ်မှု၊ အလိုမကျမှုတို့ကို အရင်းခံထားပြီး လွဲမှားခြင်းများစွာဖြင့် မိမိနှင့်မသင့်သည့်နေရာကို ရယူထားရခြင်းသည် မိမိကိုယ်တိုင်လည်း စိတ်ပင်ပန်း၊လူလည်းနွမ်း ဖြစ်ရသကဲ့သို့ မိမိနှင့်စပ်သူများလည်း သောကများ ဒေါမနဿပွားရသည်။ သူတော်များလည်း နှလုံးမသာဖြစ်ရသည်။ စေတနာကောင်းကို အရင်းပြုကာ မိမိနှင့်တန်သော တာဝန်၊ ၀တ္တရားကို ထမ်းဆောင်နိုင်ခြင်းသည် မိမိသာမက ကြား၊မြင်၊သိသူ ဆက်စပ်သူတို့အားလုံး ကိုယ်၊စိတ်နှစ်ဖြာ ချမ်းသာရပေမည်။
*****

Tuesday, June 12, 2012

ကိုယ်တိုင်ပျောက်ဆုံးခြင်း


ကိုယ်တိုင်ပျောက်ဆုံးခြင်း
လမ်းလျှောက်ရင်း လမ်းပျောက်
ပျောက်ဆုံးနေတဲ့ ဘ၀နဲ့ရပ်တည်
ခိုင်ကျည်ရယ်လို့ထင်ပြီ
လမ်းညွှန်ရယ်ရှိငြား
သူ့ဖြစ်ပုံသနားစရာပ
တံလျှပ်ကိုရေထင်
လမ်းမှန်ပင်ထင်နေဆဲ
ညွှန်းလိုသူ သူတော်မြတ်တို့ရယ်
မောလျှက်သာပဲ…………………..။      
သူ (သရက်)
Feb 23, 2012