အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Friday, May 11, 2012

ခေါင်းဆောင်ကောင်းတို့ ကျင့်စဉ် (၂)

ခေါင်းဆောင်ကောင်းတို့  ကျင့်စဉ် (၂) 
လက်တွေ့ပါသော ကျိုးကြောင်းစီလျော်မှုဖြင့် လက်ခံစေခြင်း
*****
          လူတို့သဘောသည် အမှန်စကားဆိုလျှင် နားဝင်ခါးလေ့ရှိ၏။ အမှန်ကိုပြောသူကလည်း ငါက အမှန်အတိုင်းပြောတာဟု ငါ..တကောကောနှင့် ပြောလေ့ရှိသည်။ ထို အမှန်ဆိုသည့် အချက်ကို လက်ကိုင်ပြုကာ ဖိထောင်းတတ်သော သဘောရှိ၏။ စကားသည် မှန်လည်းမှန်၏၊ လက်တွေ့လည်း ကျ၏။ နားဝင်ချိုအောင် မပြောတတ်လျှင်၊ မပြောလျှင် အလွန်ပင် အခံရခက်ပေသည်။ ဟိုမှာ မင်းအဖေလာနေတယ်လို့ မပြောဘဲ၊ ဟိုမှာ နင့်အမေ့လင်ကြီးလာနေတယ်ဟု အပြောခံရလျှင် စိတ်တွင်မည်သို့ ခံရမည်ကို တွေးကြည့်နိုင်ပါသည်။
          ယနေ့လူ့အဖွဲ့စည်းတွင် “ငါက ဆရာပဲ၊ ငါပြောတာကိုပဲ နားထောင်ရမယ်”။ “ ငါက မိဘပဲ၊ ငါပြောတာကို မလွန်ဆန်ရဘူး”။ “ငါက ခေါင်းဆောင်ပဲ၊ ငါပြောတာကိုလဲ လိုက်နာရမယ်၊ အထွန့်မတက်ရဘူး”။ စသည် စသည်ဖြင့် အများစုမှာ လက်ခံနိုင်ဖွယ်မရှိသည့် စကားများကို ကြား၊သိနေရသည်။ ဆရာ၊ မိဘ၊ အကို၊ အမ စသူတို့သည် အသိုင်းအ၀ိုင်းတစ်ခုကနေ အတိုင်းအတာတစ်ခုအထိ အကြီးအကဲ၊ ဦးစီးဦးဆောင်ပြုသူ သို့မဟုတ် ခေါင်းဆောင်များအဖြစ် အသိအမှတ်ပြုခြင်းကို ခံရပေသည်။
          အခြားသတိပြုသင့်သောအချက်မှာလည်း လူတို့သည် “မကောင်းဘူး၊ မမှန်ဘူး”ဟု ပြောဆိုနေလျှက် ကိုယ်တိုင်ကတော့ လက်ခံမှန်းမသိ လက်ခံနေမိတတ်၏။ မှားနေသည်ဟု တစာစာအော်နေလျှက်ကပင် ကိုယ်တိုင်ကမူ ကျင့်သုံးမှန်းမသိ ကျင့်သုံးနေမိတတ်ပြန်၏။ ယဉ်ကျေးမှုတွေ တိုးတက်လှပါသည့်ဆိုသော လူအဖွဲ့စည်းသည် အဘယ့်ကြောင့် မယဉ်ကျေးသည့် အပြုမူများကို ပြုလုပ်နေကြသည်မှာ စဉ်းစားဖွယ်ရာ အချက်ဖြစ်သည်။
          လူ့အဖွဲ့အစည်း အသီးသီးတွင်ရှိနေကြသော ခေါင်းဆောင်များသည် ပြောင်းလဲနေသော ပတ်ဝန်းကျင်နှင့် သင့်လျော်ရာ အချိန်အခါတို့အား တစ်စုံတစ်ခုကို ပြောဆိုတော့မည့်အခါ၊ လုပ်တော့မည့် အခါတိုင်းတွင် ထည့်သွင်းစဉ်းစားဖို့လို၏။ သို့မှာသာ မချစ်၍ အောင့်ကာနမ်းရသည့် အဖြစ်မျိုးမှ လွတ်ကင်းနိုင်မည်ဖြစ်သည်။ ထို့အတူ လက်တွေ့မပါသော သဘောတရားသည် ဆားမပါသော ဟင်းနှယ်ဖြစ်သည်ကို ခေါင်းဆောင်လုပ်သူတို့ လေးလေးနက်နက် သဘောပေါက်ရန် လိုအပ်သည်။
          မြတ်စွာဘုရားသည် ဘုရားလောင်းဘ၀ဖြင့် ပါရမီဖြည့်စဉ် ဘ၀များစွာတွင် အခြားအခြားသော ကိုယ်ကျင့်သီလများကို ပျက်ကောင်းပျက်နိုင်သော်လည်း မုသားစကားကိုတော့ မည်သည့်အခါမျှ မပြောဘူးခဲ့ဟု ဟရိတစဇာတ် အဋ္ဌကထာတွင်ဆို၏။ မည်သည့်အခြေနေတွင်ဖြစ်စေ အမှန်ကိုသာ ပြောဆိုလေ့ရှိ၏။ ထိုသို့ ပြောဆိုရာတွင်လည်း အများ လက်ခံကျင့်သုံးဖွယ်ဖြစ်အောင် ပြောဆိုတတ်၏။
*****
           ရှေးအခါက ကာသိတိုင်း၊ ဗာရာဏသီပြည်တွင် နွားလှည်းဖြင့် ကုန်ကူးသန်းရောင်းဝယ်သည့် ကုန်သည်နှစ်ယောက် ရှိခဲ့ဘူးသည်။ ၄င်းတို့နှစ်ဦးသည် ခေါင်းဆောင်များဖြစ်ကြပြီး နောက်လိုက် လှည်းသားကုန်သည် ငါးရာစီ အသီးသီးရှိကြသည်။
          တစ်နေ့တွင် အဆိုပါကုန်သည်နှစ်ဦးတို့သည် ကန္တာရတစ်ဖက်ခြမ်းရှိ မြို့တစ်မြို့ကို သွားရောက်၍ ကုန်ကူးသန်းရောင်းဝယ်မှုပြုရန် ပြင်ဆင်နေကြ၏။ သွားမည့်ခရီးနှင့် ရက်တို့သည် အပြိုင်တည်းဖြစ်နေသောကြောင့် အခက်တွေ့နေကြကုန်၏။ ထိုကြောင့် ပထမကုန်သည် ခေါင်းဆောင်သည် ဒုတိယကုန်သည် ခေါင်းဆောင်ကိုခေါ်စေကာ  ထိပ်တိုက်တွေ့ဆုံပြီး ဆွေးနွေးတိုင်ပင်၏။
          ပထမကုန်သည်စဉ်းစားသည်မှာ- ကုန်သည်နှစ်ဖွဲ့ ခရီးစဉ်တစ်ခုတည်းကို တစ်ပြိုင်နက်တည်း သွားပါက ခရီးဖင့်လိမ့်မည်။ ထင်း၊ရေတို့လည်း မလောက်မငဖြစ်လိမ့်မည်။ ၀န်တင်နွားတို့အတွက် အစာမြက်လည်း လုံလောက်လိမ့်မည်မဟုတ်။ ကုန်သည်နှစ်ဖွဲ့အနက်မှ တစ်ဖွဲ့သည်သာ အရင်သွားသင့်၍ အခြားတစ်ဖွဲ့ကမူ နောက်ချန်သွားသင့်၏။ မှန်၏။ ခေါင်းဆောင်ဖြစ်သူသည် ကုန်ကူသန်းဖို့ တစ်ခုတည်းသာမက လမ်းခရီးအခြေအနေ၊ ပတ်ဝန်းကျင်အနေအထား၊ မိမိအသုံးပြုမည့် ယာဉ်များနှင့် ၄င်တို့၏လိုအပ်ချက်များကို ထည့်သွင်းစဉ်းစားရ၏။ အမြတ်အစွန်း ရလိုမှု တစ်ခုတည်းကိုသာကြည့်လျှင် မလိုလားအပ်သည့် အခက်အခဲများနှင့် ရင်ဆိုင်ရမည်မှာ သေချာတော့၏။
          ညှိနှိုင်းတိုင်ပင်ကြရာတွင် ဒုတိယကုန်သည်က ကုန်ရောင်းရန် ရှေးဦးစွာသွားမည်ဆို၏။ ပထမကုန်သည်ကလည်း သဘောတူလိုက်၏။ ကုန်ကူးအောင် ဦးစွာသွားဖို့အတွက် ဒုတိယကုန်သည် စဉ်းစားသည်မှာ- သွားလာမှု၊ အသုံးပြုမှု နည်းသောကြောင့် မပျက်မစီးသော လမ်းကောင်းတို့ဖြင့်သာ သွားရလိမ့်မည်။ နောက်ပါကုန်သည်တို့သည်လည်း လမ်းခရီးတွင် မည်သူမျှ မသုံးဆောင်ရသေးသဖြင့် အသီးအနှံများကို ဖောဖောသီးသီး စားသုံးရလိမ့်မည်။ နွားတို့လည်း မြက်ကောင်းမြက်သန့်များ စားကြရလိမ့်မည်။ မည်သူမျှ ဖြတ်သန်းသွားလာခြင်း မရှိသေးသည်ဖြစ်၍ သောက်-သုံးစရာရေတို့လည်း ကြည်လင်လိမ့်မည်။ ပါလာသည့် ကုန်ပစ္စည်းများကိုလည်း မိမိတို့စိတ်တိုင်း ကျ ဈေးသတ်မှတ်ကာ ရောက်ချနိုင်သည်။ ဒုတိယ ကုန်သည်ခေါင်းဆောင် စဉ်းစားချက်များမှာလည်း သင့်လျှော်သည်သာ ဖြစ်လေသည်။
          ပထမကုန်သည်၏ ယူဆချက်မှာလည်း နည်းကောင်းဖြစ်၍ မှတ်သားထိုက်၏။ အရင်သွားနှင့်သော ကုန်သည်တို့သည် လမ်းခရီးပျက်တာတွေ့ရလျှင် ပြင်ဆင်၍ သွားရ မည်ဖြစ်သောကြောင့် နောက်မှလိုက်သော မိမိတို့အုပ်စုသည် အချိန်နှင့်တစ်ပြေးညီ ခရီးဆက်နိုင်သည်။ ရှေ့အုပ်စုမှ ၀န်တင်နွားတို့သည် မြက်ဟောင်းများကို စားသွားပြီးဖြစ်၍ အသစ်တစ်ဖန် ပြန်လည်ထွက်လာသော မြက်များကို မိမိတို့၏ ကုန်တင်နွားများ စားကြရလိမ့်မည်။ ထိုအတူ ကုန်သည်များလည်း အသစ်ပြန်ပေါက်သော ဟင်းရွက်နုတို့ကို သုံးဆောင်ကြရ လိမ့်မည်။ ရေမရှိသောအရပ်တွင် ရေတွင်းရေကန်များကို တူးဖော်ရမည်ဖြစ် ၍ နောက်မှသွားသော မိမိတို့သည် ရေအတွက်ပူပန်စရာမလိုတော့။
          ကုန်သည်များအဖို့ နယ်မြေဒေသအသစ်တွင် မိမိကုန်ပစ္စည်းကို တန်ဖိုးသတ်မှတ်ရသည်မှာ အလွန်ခက်ခဲသော အလုပ်တစ်ခုဖြစ်၏။ အဆုံးအဖြတ်မတတ်လျှင် ရှုံးနိုင်သကဲ့သို့ တန်းဖိုးကြီးမားလွန်းနေကလည်း ရောင်းမကုန်ဖြစ်နိုင်၏။ ခရီးဝေးမှ သယ်ဆောင်လာရသည့်အပြင် မိမိအရပ်တွင် ပေါများသည့်ကုန်ပစ္စည်းကို တစ်ဖန်ပြန်သည်ရလျှင်လည်း မိအေးနှစ်ခါနာ ဖြစ်နိုင်၏။ သို့ရာတွင် ကုန်သည်တို့သည် အမြတ်အစွန်းရှာကြံတတ်သူများ ဖြစ်သည့်အလျှောက် ရှေးကုန်သည်တို့ သတ်မှတ်ထားသောဈေးဖြင့် မိမိတို့သည် လွယ်လင့်တကူ ရောင်းချနိုင်လိမ့်မည်ဖြစ်၏။ ဤသည်မှာ ပထမကုန်သည်ခေါင်းဆောင်၏ ယူဆချက်ဖြစ်၏။ နှစ်ဦးနှစ်ဖက် သင့်လျော်သည်သာဖြစ်၏။
          အခြားအခက်အခဲ တစ်ခုကား ရှိပါသေး၏။ ရှေးခေတ်အခါက ကုန်ကူးသန်းကြသူတို့မှာ ကန္တာရခရီးများကို ဖြတ်သန်းသွားလာကြရသည်။ ကန္တာရဆိုသည်မှာ သောက်ရေရှားပါးသောခရီး၊ လူသူ အရောက်အပေါက်နည်းသော တော၊တောင်ခရီး စသဖြင့် ဖွင့်ဆိုကြသည်။
          ရှေးခေတ်ကုန်သည်တို့၏ အဓိကဘေးအန္တရာယ်မှာ ကန္တာရခရီးများကို ဖြတ်သန်းကာ ကုန်ကူးသွားရခြင်းဖြစ်သည်။ ကန္တာရ ငါးမျိုးရှိကြောင်း တိပိဋက ပါဠိ-မြန်မာအဘိဓာန် အတွဲငါးတွင် ဖော်ပြထားသည်။ ယင်းတို့မှာ-
(၁) စောရကန္တာရ= ခိုးသား ဓားပြ သောင်းကျန်းသူတို့ ထကြွလွှမ်းမိုး အုပ်စိုးနေသော ခရီး၊
(၂) ၀ါဠကန္တာရ= ခြင်္သေ့ သစ်ကျား သားရဲတိရစ္ဆာန်တို့ ထကြွလွှမ်းမိုး ဆိုးသွမ်းသော လမ်းခရီး၊
(၃) နိရုဒကကန္တာရ= ချိုး-သောက်-သုံးစွဲရန် ရေမရှိသော ခရီး၊
(၄) အမနုဿကန္တာရ= ဘီလူးစိုးပိုင်သော လမ်းခရီးနှင့်
(၅) အပ္ပဘက္ခကန္တာရ= စားစရာ အာဟာရမရှိသော လမ်းခရီးတို့ဖြစ်သည်။
          ယခု ကုန်သည်များ ဖြတ်သန်းသွားရမည့်ခရီးမှာ အမနုဿကန္တာရ= ဘီလူးနေထိုင်ရာ လမ်းခရီးနှင့် အပ္ပဘက္ခကန္တာရ= စားစရာ ရေစသည်မရှိသာ ခရီးမျိုးဖြစ်သည်။ အဆိုပါကန္တာရခရီးကို အချိန်အတော်ကြာ ဖြတ်သန်းမိသောအခါ ရှေ့တည့်တည့်မှ လာနေသော လှည်းတစ်စီးနှင့် လူများကို တွေ့လိုက်ရသည်။ လှည်း၊နွားအပါဝင် သူတို့၏ ခန္ဓာကိုယ်များတွင် ရွှံများပေရေနေပြီး၊ ရေများရွှဲစိုနေ၏။ မိုးကြီးလေကြီး မိလာခဲ့ဟန်တူသည်။ ကုန်သည်များနှင့်တွ့သောအခါ အချင်းချင်း အပြန်မလှန် နှုတ်ဆက်ကြပြီး ရှေ့မနီးမဝေးမှာ မိုးကြီးသည်းထန်စွာရွာကြောင်း၊ အင်း-အိုင်-ချိုင့်ဝှမ်းတို့လည်း ရေများဖြင့်ပြည့်နေကြာင်း၊ ကြာများပင်ပေါက်နေကြောင်း ပြောဆိုကာ ခရီးဆက်ကြလေ၏။
          လှည်းကုန်သည်ခေါင်းဆောင်သည် မျက်မြင်ဖြစ်သော သက်သေသက်ကာယဖြင့် အဆိုပါလူတို့ ပြောစကားကိုယုံကြည်ကာ မိမိတို့ပါလာသော ရေများအားလုံးကို ကန္တာရထဲတွင် သွန်ပစ်ခိုင်းခဲ့လေသည်။ မျက်မြင်လက်တွေ့ဖြစ်သော အထောက်အထားကို မစူးစမ်း၊မဆင်ခြင်မိသော လှည်းကုန်သည်တို့သည် မျက်မြင်လက်တွေ့ကို ဥာဏ်မကူပဲ ယုံကြည်မိသည့်အလျှောက် ကန္တာရအလယ်ရောက်နေသော မိမိတို့အဖြစ်ကို မေ့နေမိလေသည်။ ခေါင်းဆောင်စကားအတိုင်း ပါလာသည့်ရေများအားလုံးကို စွန့်ပစ်ကာ ခရီးဆက်ကြလေသည်။
          မည်သည့်ကိစ္စတွင်မဆို ကျိုးကြောင်းဆီလျော်ပြီး သင့်တင့်သော စူးစမ်းဆင်ခြင်မှုကို မပြုမိချေက ဒုက္ခရောက်ရန် အကြောင်းဖြစ်တော့၏။ လှည်းကုန်သည်တို့ ခရီးအတော်ပေါက်အောင် ဆက်လက်သွားမိစေကာမူ ရေကိုတွေ့ဖို့ဆိုသည်မှာ ဝေးစွ မိုးရွာသော အရိပ်အယောင်ကိုမျှ မတွေ့ရချေ။ ဤသို့ဖြင့် နေပူခရီးကြဲကို လူရောနွားပါ ဖြတ်သန်းလာရသည်ကတစ်ကြောင်း သောက်ရေမရသည်က တစ်ကြောင်းတို့ကြောင့် အတိုင်းထက်အလွန် ပင်ပန်းမောက်ဟိုက်ကြကုန်၏။ ညရောက်၍ လှည်းနွားများကို ဖြုတ်နားကြသော်လည်း ထမင်း-ဟင်းချက်ရန် ရေမရှိသောကြောင့် အစားအသောက်ပါ ငတ်ကြကုန်၏။ ပင်ပန်းဆင်းရဲမှုကား အထွဋ်အထိပ်ရောက်လေပြီ။ ကိုယ်ခံအားများ ကုန်ဆုံး၍ မိန်းမောတွေဝေနေကြသော ကုန်သည်တို့အား ညဥ့်အခါတွင် ဘီလူးများသည် လာရောက်စားသာက်ကြကုန်၏။ ဘီလူးတို့သည် လူရောနွားတွေပါ စားသောက်ပစ်သောကြောင့် အရိုးများတောင်လိုပုံနေတော့၏။ အမှန်မှာ ကုန်သည်များလမ်းတွင် တွေ့ဆုံခဲ့သော ရေမိုးစိုနေသူများမှာ ဘီလူးများသာဖြစ်၏။ လူယောင်ဆောင်ထားခြင်းဖြစ်၏။
          မြှော်မြင်မှုမရှိ၊ ပညာနည်းသော ခေါင်းဆောင်တို့နောက်ကို လိုက်ပါရခြင်းဖြင့် မည်သည့်အခါမျှ မချမ်းသာ။ အဆိုပါခေါင်းဆောင်မျိုးကို ရရှိထားခြင်းသည် ခါးပိုက်ဆောင်ထဲရောက်နေသော လိုတရပတ္တမြားလိုမဟုတ်၊ ခါးပိုက် ပိုက်ထားမိသော မြွေပွေးပမာသာဖြစ်၏။ ကိုယ်၊ စိတ်နှစ်ပါး သောကပွားရ ၏။ ဒုက္ခဖြင့် အဆုံးသတ်ရ၏။ 
*****
          ဒုတိယကုန်သည် ခေါင်းဆောင်သောအဖွဲ့ ထွက်သွားပြီးနောက် လ၀က်ခန့်ကြာသော် ပထမခေါင်းဆောင်းနှင့်အဖွဲ့သည် အဆိုပါလမ်းခရီးအတိုင်း ကုန်ကူးသန်းရန် ထွက်ခဲ့ကြပြန်၏။ ကန္တာရခရီးကို ဖြတ်သန်းတော့ရမည့်အချိန်တွင် ခေါင်းဆောင်၏ အမိန့်အတိုင်း စားစရာသောက်စရာများကို ထပ်မံဖြည့်တင်းကြရသည်။ ထိုနောက်ခရီးဆက်ကြပြန်၏။ ခရီးမဆက်ခင် ပထမခေါင်းဆောင်က လမ်းခရီးတွင် မလိုအပ်ဘဲ ရေတစ်စက်တစ်ပေါက်ကိုမျှ မဖြုန်းတီးကြရန်၊ အသီးအရွက်များကို မိမိကိုအကြောင်းမကြားဘဲ မခူးမစားသောက်ကြန်ရန် မှာကြားလေသည်။ မှန်၏။ မိမိတို့ တစ်ခါမျှ မတွေ့ဘူးမ စားဘူးသော အသီးအနှံများသည် အဆိပ်သီးအဆိပ်ရွက်များ ဖြစ်နိုင်၏။ စူးစမ်းဆင်ခြင်ပြီးမှ စားသုံးသင့်၏။ ထိုကြောင့် ခေါင်းဆောင်က ဤသို့မှာကြားခြင်း ဖြစ်ဟန်ရှိ၏။
          ကန္တာရအလယ်ရောက်သောအခါ ပထမကုန်သည်ခေါင်းဆောင်ဆောာင်သော အဖွဲ့သည် ရှေးနည်းတူ ဒုတိယကုန်သည်ခေါင်းဆောင်သော အဖွဲ့အတိုင်း ကြုံကြရလေ၏။ ပါလာသည့်ရေများကို စွန့်ပစ်ခိုင်း၏။ ဥာဏ်နည်းသော နောက်လိုက်အချို့က မျက်မြင်တပ်အပ်ဖြစ်၍ ရေများကိုသွန်ပစ်ရန် ခေါင်းဆောင်ကိုအကြံပြု၏။ ၀န်တင်နွားတို့ သက်သာစေရန်၊ ခရီးတွင်စေရန် စသည်ဖြင့် အကြောင်းပြကြ၏။ ခေါင်းဆောင်ဖြစ်သူမှာ ပညာဥာဏ်အမြှော်အမြင် ရှိသူဖြစ်၍ ထိုသူများကိုမြင်သည်နှင့် လူယောင်ဆောင်ထားသည့် ဘီလူးများဖြစ်ကြောင်း ကောင်းစွာသိ၏။ နောက်လိုက်များ ကြောက်မည်စိုးသောကြောင့် မပြောတော့ဘဲ ရေငုံနှုတ်ဆိတ်ကာ ဘီလူးယောင်ဆောင်သူများ ခိုင်းသည့်အတိုင်း ရေများကိုမစွန့်ပဲ ခရီးဆက်ခြင်းဖြစ်၏။
          ယခုကား မနေသာတော့ပြီ။ နောက်လိုက်များအား ထိုသူတို့စကားကို နားမထောင်ရခြင်း၏ အကြောင်းရင်းကို ဖြစ်နိုင်ချေနှင့်တကွ ရှင်းပြရတော့မည်ဖြစ်သည်။ မှန်၏။ ခေါင်းဆောင်သည် လိုအပ်လာသောအခါတွင် “ငါပြောတာနားထောင်၊ မင်းဘာသိလို့လဲ၊ လျှာမရှည်နဲ့”ဟု ပြောမည့်အစား ကျိုးကြောင်းစီလျှော်သော ဖြေရှင်းချက်ကိုပေးရ၏။ သို့မှသာ နောက်လိုက်တို့၏ ယုံကြည်ကိုးစား ရာ ဖြစ်ထိုက်၏။ ခေါင်းဆောင်းတို့မည်သည် ကိစ္စရပ်တိုင်းကို နောက်လိုက် တို့အား ပြောပြရန်မလိုပါ။ ပြောပြရန်လည်း မသင့်ပါ။ ပြောသင့်ချိန်၊ ပြောသင့်သော အတိုင်းအတာ၊ ပြောသင့်ရာအခါကို ကောင်းစွာနားလည်ခြင်းသည်လည်း ခေါင်းဆောင်ကောင်းတို့ အရည်အသွေးတစ်ခု ဖြစ်ပေသည်။
          သတိပြုရန်အချက်ကား ခေါင်းဆောင်းကောင်းနောက်က လိုက်သည့်လူတိုင်းသည် နောက်လိုက်ကောင်းများ ဖြစ်သည်ဟု တထစ်ချ မမှတ်ယူနိုင်ခြင်းဖြစ် ၏။ ရှေးသွားခေါင်းဆောင်သည် သူမတူအောင်ကောင်းသော်လည်း နောက်လိုက်များမှာ ကျင်းတူးပြီး အောက်တန်းကျသည်ကို တွေ့မြင်နေရ၏။ မိဘ၊ ဆရာသမားလက်ထက်တွင် ရွှေထီးဆောင်းရသော်လည်း မိမိလက်ထက်တွင် ကျွန်သဘောက် အဆင့်သာရှိ၏။ အဆိုပါခေါင်းဆောင်းကောင်းများကို မှီခိုနေရချိန်တွင် စိန်နားကပ်အရောင်ကြောင့် ပါးပြောင်နေမည့်အစား ကိုယ်တိုင်အစွမ်းအစရှိအောင် ကြိုးစားရမည်ဖြစ်သည်။ အောင်မြင်ရခြင်း၏ နည်းနာကောင်းတို့ မှတ်သားလေ့လာဖို့လိုသည်။
          ပထမကုန်သည်ခေါင်းဆောင်သည် နောက်လိုက်ကုန်သည်တို့အား “ကန္တာရထဲတွင် မိုးရွာသည်ဟူ၍ ကြားဖူးသလား”ဟု မေး၏။ မှန်၏။ ကန္တာရထဲမိုးရွာလျှင် အဘယ်မှာလျင် ကန္တာဖြစ်တော့မည်နည်း။ ထိုအတူ ကန္တာရထဲ ရေတွင်းရေကန်းများရှိပြီ ရေအလွယ်တကူရနေလျှင် အဘယ်မှာလျှင် ကန္တာရဟုတ်တော့မည်နည်း။ ဆက်လက်ရှင်းပြသည်မှာ ထိုသူများသည် မျက်တောင်မခတ်။ မျက်လုံးလည်းနီ၏။ ဖနောင့်ရှည်၏။ နေပူကြဲကြဲမှာ ရပ်သော်လည်း အရိပ်မထွက်။ ထိုကြောင့် ဤသူများသည် လူယောင်ဆောင်ထားသည့် ဘီလူးများဖြစ်ကြ၏။
          ဆက်လက်ရှင်းပြသော မိုးနှင့်ပတ်သက်သည့် ရှေးခေတ်သဘောတရားများမှာ မှတ်သားထိုက်၏။ ပတ်ဝန်းကျင်အနေထားကို မျက်ခြေမပြတ်စောင့်ကြည့်ခြင်း၊ သိခြင်းသည် တိုးတက်ရန်လက္ခဏာများဖြစ်၏။ ယခုကုန်သည်အုပ်စုထဲတွင် လိုက်ပါလာသူများသည် မိုးသက်လေနံ့ကိုရသလား၊ မိုးရွာမည့်အရိပ်အယောင် မိုးတိမ်လိပ်တို့ကို မြင်ရသလား စသည့်ဖြင့်မေး၏။ မှန်၏။ ကန္တာခရီးကို သွားနေသူများဖြစ်၍ ဆိုင်ရာသတင်းအချက်အလက်တို့ကို အကုန်မဟုတ်တောင် ကြားဖူးနားဝရှိကြသူများဖြစ်ကြသည်။ တဒင်္ဂအမြင်ကြောင့်သာ တွေဝေသွားရခြင်းဖြစ်လေသည်။
          မိုးသက်လေအနံ့ကို တစ်ယူဇနာခရီးကပင် ရှုရှိုက်ရ၏။ မိုးခြိမ်းသံကို နှစ်ယူဇနာ သုံးယူဇနာခန့်က ကြားနိုင်၏။ လျှပ်ပြက်ခြင်းကို လေးယူဇနာ ငါးယူဇနာခန့်က မြင်နိုင်၏။ မိုးခြိမ်းသံလည်းမကြားရ၊ လျှပ်ပြက်သည်ကိုလည်း မမြင်ရဘဲ ရှေ့နားတွင် မိုးရွာသည်ဆိုသော စကားကို အဘယ်မှာလျှင် ယုံးကြည်ထိုက်မည်နည်းဟု ဆိုသောအခါမှ ကုန်သည်များလည်း သဘောပေါက်ကြလေ၏။ ဤသူတို့စကားကို ယုံစားခြင်းကြောင့် ဒုက္ခရောက်သူများကို မကြာခင်တွေ့ရလိမ့်မည်ဟု ပထမခေါင်းဆောင်က ဆက်လက်ပြောဆို၏။
          ထိုနောက် ခရီးဆက်ကြ၍ အတော်ပေါက်သောအခါ ဘီလူးစားခံထားရသော ဒုတိယကုန်သည်ခေါင်းဆောင်သည့် နောက်ပါကုန်သည်များ၏ အရိုးများနှင့် တိရစ္ဆာန်းတို့၏ အရိုးများ ပြန့်ကြဲနေသည်ကို အထင်အရှားတွေ့ကြရလေတော့သည်။ ထိုအခါမှ ကျိုးကြောင်းပြ လမ်းညွှန်တတ်သော မိမိတို့ခေါင်းဆောင်ကို အတိုင်းထက်အလွန် ကြည်ညိုကြရတော့၏။ လေးစားချစ်ခင်ကြတော့၏။
          ခေါင်းဆောင်ကောင်းသည် နောက်လိုက်တို့၏ ဘ၀အခက်ခဲများ၊ နေ့စဉ်ရင်ဆိုင်နေရသည့် ပြဿနာများကိုသာမက အသက်ဘေးမှလည်း ကာကွယ်စောင့်ရှောက်နိုင်စွမ်းရှိရ၏။ စီးပွားရေး ကြီးပွားရေးအတွက်လည်း ညွှန်ပြန်နိုင်သူဖြစ်ရ၏။ ပထမကုန်သည်ခေါင်းဆောင်ကို အမှီရသူများသည် လက်ရှိအချိန်တွင်ပင် ကိုယ်၊စိတ်နှစ်ပါး ချမ်းသာခြင်းကိုရ၏။  
          ဤဇာတ်တော်တွင် ဆက်လက်ဖော်ပြထားသည်မှာ ပထမကုန်သည်ခေါင်းဆောင်သည် ဘုရားလောင်းဖြစ်၍ ဒုတိယကုန်သည်ခေါင်းဆောင်သည် ဒေ၀ဒတ်အလောင်းဖြစ်သည်။
*****
          ခေါင်းဆောင်သည် ပညာရှိရန်လို၏။ သို့မှသာ တွေးကြည့်လျှင် ဖြစ်နိုင်သည့်အလုပ်ကို ပြေးကြည့်မှ သိရမည့်လူမိုက်ကဲ့သို့ မလုပ်မိမည်ဖြစ်၏။ တစ်ဖက်ကကြည့်ပြန်လျှင်လည်း ပညာရှိမှသာ ကျိုးကြောင်းစီလျှော်အောင် ပြောဆိုတတ်မည်ဖြစ်၏။ ဆင်ရိုင်းကိုကျုံးသွင်းဘိသကဲ့သို့ တစ်စုံတစ်ရာကို အတင်းအကြပ် လက်ခံခိုင်းခြင်းသည် အသိဥာဏ်ရှိသော လူသားဆိုသည်ကို မသိကျိုးကျွန်ပြုရာရောက်၏။
          လူသားအများစုသည် သက်ဆိုက်ရာနယ်ပယ်တွင် ခေါင်းဆောင်များဖြစ်ကြ၏။ အထက်တွင်ပြောခဲ့သည့်အတိုင်း အနည်းဆုံးတော့ မိသားစုတွင်ဖြစ်၏။ ခေါင်းဆောင်သည် ခေါင်းရှောင် မဖြစ်ရသကဲ့သို့ မထိုက်တန်ကလည်း ခေါင်းဆောင်အဖြစ် အတင်းကာရော လုပ်မ,ယူဖို့ဖြစ်၏။ အဓိကအားဖြင့် တာဝန်သိ၍ တာဝန်ရှိသူများဖြစ်ရန်လို၏။ ထို့အတူ တာဝန်ကို ထမ်းဆောင်နိုင်စွမ်းရှိသူဖြစ်ဖို့လည်း လို၏။  သို့မှာသာ သက်ရှိလောကနှင့် ၄င်းတို့မှီခိုရာ ပတ်ဝန်းကျင်ကို အကျိုးပြုနိုင်သူများ ဖြစ်နိုင်ပေမည်။              ။
မိမိကောင်းကျိုး လောကကောင်းကျိုးကို သယ်ပိုးရွက်ဆောင်နိုင်ကြ၍ ဓမ္မအသိများ နေ့စဉ်ဘ၀ထဲသို့ ယူဆောင်သွားနိုင်ပါစေဟု ဆန္ဒပြုလိုက်ပါသည်။
မေတ္တာဖြင့်-
               အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
   23 March 2012
“ကိုးကား”
၁။ အပဏ္ဏကဇာတက၊ ဧကနိပါတ၊ ဇာတက အဋ္ဌကထာ-၁၊ ခုဒ္ဒကနိကာယ အဋ္ဌကထာ။
၂။ ပုံတော်စုံ ငါးရာ့ငါးဆယ်ဇာတ်ဝတ္ထု၊ ပ-တွဲ၊ ညောင်ကန်ဆရာတော်။
၃။ Jataka Tales of The Buddha; An Anthology, Vol. I, Retold By Ken and Visakha Kawasaki, BPS, Kandy, Sri Lanka

0 comments:

Post a Comment