အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Wednesday, May 2, 2012

ခေါင်းဆောင်ကောင်းတို့ ကျင့်စဉ် (၁)

ခေါင်းဆောင်ကောင်းတို့  ကျင့်စဉ် (၁)

အသေးဖွဲလေးများကို ဂရုစိုက်ခြင်း

ခေတ်အဆက်ဆက် လူ့အသိုင်းဝိုင်းတွင် ခေါင်းဆောင်ဆိုသော နေရာသည် အရေးပါ၏။ မရှိမဖြစ် လိုအပ်သည်။ ခေါင်ဆောင်းကောင်းတို့၏ စွမ်းရည်နှင့် လိုအပ်ချက်များသည် သက်ဆိုင်ရာ နယ်ပယ်ကိုလိုက် ၍ ကွဲပြား၏။ ခြားနား၏။ မည်သို့ဆိုစေ ခေါင်းဆောင်ဆိုသည်မှာ နောက်လိုက်တို့ထက် အားသာချက် များစွာရှိရန်သည် အခြေခံအချက်ဖြစ်သည်။ တစ်နည်းအားဖြင့် နောက်လိုက်တို့၏ ယုံကြည်ချက် ပုံအပ်ခံရလောက်အောင် စွမ်းရည်ရှိရမည်ဖြစ်သည်။
          အဆိုပါခေါင်းဆောင်သည် မိသားတစ်စု၊ ဆွေးမျိုးအသိုင်းဝိုင်းတစ်ခုမျှကိုသာ ဦးဆောင်ရ သူ ဖြစ်ကောင်းဖြစ်မည်။ ထိုထက်မက အုပ်စုတစ်စု၊ ကျေးရွာ၊ မြို့ပြနေလူထုကို ဦးဆောင်ရ သူဖြစ်ကောင်း ဖြစ်မည်။ သို့တည်းမဟုတ် မျိုးနွယ်၊ တိုင်းပြည်တို့ကို ဦးဆောင်သူ ဖြစ်ကောင်းဖြစ်တန်ရာ၏။ ထိုထက်ပိုလျှင် ကမ္ဘာလောကကြီး တစ်ခုလုံးကို ကိုယ်စားပြုသူလည်း ဖြစ်ကောင်းဖြစ်ရာသည်။ ခမ်းနားကြီး ကျယ်သည်ဖြစ်စေ၊ သေးငယ်နိမ့်ကျနေသည်ဖြစ်စေ ခေါင်းဆောင်သည် ခေါင်းဆောင်သာဖြစ်သည်။
          လူ့သမိုင်းတစ်လျှောက်တွင် ခေါင်းဆောင်တို့၏ အရည်သွေးအပေါ်မူတည်၍ တစ်မုဟုတ်ချည်း အပြောင်းအလဲများ ဖြစ်ခဲ့ကြရသလို၊ ပဉ္စလက်ဆန်ဆန် ကပ်ဆိုးဘေးဆိုးကြီးများကိုလည်း ကြုံတွေ့ ရပြီး ဖြစ်သည်။ ပြောင်းလဲခြင်းသည် နိယာမသဘောဖြစ်၏။ ထိုပြောင်းလဲခြင်းတွင် အကောင်းရော အဆိုးပါ ရှိ၏။ ရနိုင်သည်ဖြစ်စေ မရနိုင်သည်ဖြစ်စေ လူတို့သည် အကောင်းဖြင့် ပြောင်းလဲခြင်းကိုသာ အလိုရှိကြ သည်။ ထိုအတူ အကောင်းကို ဖန်တီးပေးနိုင်သော ခေါင်းဆောင်ကောင်းကိုလည်း လိုလားတောင့်တကြ သည်သာ။
*****

          အခါတစ်ပါးတွင် မြတ်စွာဘုရားရှင်သည် မထင်ရှားသောအသွင်ဖြင့် ဂေါသိင်္ဂတောအုပ်သို့ တစ်ပါးတည်းကြွတော်မူခဲ့၏။ ထိုတောအုပ်တွင် ရဟန္တာအရှင်မြတ်ကြီးများ ဖြစ်တော်မူကြသော အရှင် အနုရုဒ္ဓါ၊ အရှင်နန္ဒိယနှင့် အရှင်ကိမိလ-တို့ သုံးပါးသည် ညီညွတ်စွာဖြင့် သီတင်းသုံးနေထိုင်ကြ၏။
          အဝေးမှကြွလာတော်မူသော မြတ်စွာဘုရားကိုမြင်၍ တောစောင့်မုဆိုးသည် ဘုရားရှင်မှန်း မသိသည့်အတွက်၎င်း၊ သူစိမ်းတစ်ဦးရောက်လာ၍၄င်း တောအုပ်တွင်းနေထိုင်သူများ၏ ညီညွတ်မှုကို အနှောင့်အယှက်ဖြစ်မည်စိုးသောကြောင့် မထေရ်မြတ်တို့ သီတင်းသုံးရာ တောအုပ်အတွင်းသို့ မ၀င်ရန် တားမြစ်၏။ ထိုအခါ အရှင်အနုရုဒ္ဓါဦးဆောင်သော မထေရ်မြတ်နှစ်ပါးတို့သည်  ကြွလာတော်မူလတ် ၍ မြတ်စွာဘုရားအား ခရီးဦးကြိုပြုကြကုန်၏။
မြတ်စွာဘုရား၏ ဂေါသိင်္ဂတောအုပ်သို့ ကြွရောက်တော်မူလာခြင်းမှာ သာမန်ကြည့်လျှင် ထူးဆန်းနေ၏။ အကြောင်းမှာ တောအုပ်တွင်းရှိ အရှင်မြတ်သုံးပါးလုံးသည် ရဟန္တာများ ဖြစ်ကြပြီးဖြစ်၏။ နိဗ္ဗာန်ကို လက်ရှိဘ၀မှာပင် ထိုးထွင်းသိမြင်ပြီးဖြစ်သော ထိုအရှင်တို့အား တရားဟောကြားရန် အထူး မလိုအပ်တော့ပေ။  
“သံသရာအဆုံးကို ရောက်ပြီးသူ”၊ “ပြုဖွယ်ကိစ္စ မရှိတော့သူ”စသည်တို့မှာ ရဟန္တာအရှင်မြတို့၏ ဂုဏ်များအဖြစ် ဗုဒ္ဓစာပေများတွင် ဖော်ပြထား၏။ တစ်နည်းဆိုသော် ရဟန္တာဖြစ်ပြီးသူတို့မှာ သေချာသော ပန်းတိုင်ကို ရောက်ပြီးဖြစ်၍ လောကချမ်းသာ ဘ၀ချမ်းသာ သံသရာချမ်းသာတို့အတွက် မည်သည့်လုပ်ငန်းကိုမျှ လုပ်ဆောင်ရန်မလိုတော့ပေ။
သို့ရာတွင် ဘုရားရှင်တို့မည်သည် အကြောင်းမဲ့၊ အကျိုးမဲ့ဖြစ်သော အလုပ်ကို ဘယ်သောအခါမျှ လုပ်ရိုးထုံးစံ မရှိပေ။ မြတ်သော ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်တော်မူသည့် မြတ်စွာဘုရားသည် ထိုက်တန်သော ချီးမြှောက်ခြင်းဖြင့် နောက်လိုက်တပည့်တို့အား ချီးမြှောက်မြဲဖြစ်၏။ ထိုအရှင်မြတ်သုံးပါးအတွက် လောက၊ဓမ္မအရ ချီးမြှောက်ရန် မလိုအပ်စေကာမူ ၄င်းတို့အားအကြောင်းပြု၍ အခြားသူများ ကောင်းကျိုးတိုးရန်ဖြစ်၏။ နည်းကောင်း၊လမ်းမှန်များကို အတုယူ ကျင့်သုံးနိုင်စေရန်ဖြစ်၏။
ကြည့်ပါ။ မြတ်စွာဘုရားသည် ရဟန္တာအရှင်မြတ်သုံးပါးတို့အား “နေကောင်းကြရဲ့လား၊ ဆွမ်း-သင်္ကန်း -ကျောင်း -ဆေး ပစ္စည်းလေး ပါးဖြင့် ပြည့်စုံကြရဲ့လား” ဟု လောက၀တ်ဖြင့် ရှေးဦးစွာ နှုတ်ဆက်မေးမြန်းတော်မူ၏။ အရှင်မြတ်တို့ကလည်း နေကောင်းကြောင်း ၊ ပြည့်စုံကြောင်း ပြန်လည်လျောက်ထားကြ၏။
ထိုနောက် မြတ်စွာဘုရားက သင်တို့သုံးပါးသည် မည်ကဲ့သို့ နေထိုင်ကြသနည်းဟုမေးရာ “တပည့်တော်တို့သည် သုံးကိုယ်တစ်စိတ်ဖြင့် နေထိုင်ကြပါသည်”ဟု ပြန်လည်လျောက်ထားကြကုန်၏။ ထိုနောက်မြတ်စွာဘုရားသည် တရားစကားတို့ဖြင့် မေးမြန်းခြင်းဖြင့် အရှင်မြတ်သုံးပါးအား ချီးမြောက်ကာ ပြန်လည်ကြွတော်မူခဲ့သည်။
*****
          ခေါင်းဆောင်ကောင်းတို့မည်သည် မည်သည့်အခါမျှ မိမိ၏နောက်လိုက်များကို အမှတ်တမဲ့ဖြင့် လျစ်လျူခြင်းမရှိပေ။ ပြည့်စုံသူများဖြစ်၍ ချီးမြှောက်ရန် မလိုတော့ဟုလည်း မယူဆပေ။ မှန်၏။ လောကတွင် အတိုင်းတာတစ်ခုအထိ ပြည့်စုံနေသော နောက်လိုက်များရှိ၏။ ခေါင်းဆောင်သည် အတိုင်းတာတစ်ခုအထိ ပြီးပြည့်စုံနေသော မိမိတို့ထက်စာရင် လိုအပ်နေသော အခြားနောက်လိုက်များအား ထောက်ပံ့ရမည်ကို လည်း လက်ခံထား၏။ သို့ရာတွင် သူတို့သည် မိမိခေါင်းဆောင်ထံမှ တစ်စုံတစ်ခုကို မျှော်လင့်ထားတတ်ကြပြန်၏။ အနည်းဆုံးတော့ “နေကောင်းလား၊ အဆင်ပြေလား”ဆိုသည့် အသေးအဖွဲလေးများပင်ဖြစ်သော ဂရုတစိုက်ရှိခြင်းမျိုးကို မျှော်လင့်ကြ၏။
          မြတ်စွာဘုရားသည် ပြီးပြည့်စုံပြီးသော နောက်လိုက်များအပေါ်တွင်တောင်မှ ထိုက်သင့်သော ချီးမြှင့်မှုမျိုးကို လုပ်ဆောင်သည်ဆိုလျင် ယနေ့ လူ့ပတ်ဝန်းကျင်တွင် ရှိနေသော လူများသည် လိုအပ်ချက်များဖြင့် ပြည့်နှက်နေ၏။ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များသာမက စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များပါ ရှိ၏။
          မင်္ဂလသုတ်တွင် “ဥာတကာနဉ္စ သင်္ဂဟော= ဆွေမျိုး မိတ်ဆွေ အပေါင်းသင်းတို့အား ချီးမြောက်ခြင်းသည် မင်္ဂလာရှိ၏”ဟု ပြဆိုထားသည်။ ယင်းကို ခေါင်းဆောင်ကောင်းတို့ အခြေခံ ကျင့်စဉ်တစ်ပါးအဖြစ် လိုက်နာကျင့်သုံးက သင့်တော်ပေမည်။ အကြောင်းမှာ ပေးကမ်းထောက်ပံ့ခြင်းကို ဆွေမျိုးဥာတကာမှ စ,တင်ခြင်းသည် လွယ်ကူ၏ ဆိုထားသောကြောင့် ဖြစ်သည်။  
          ခေါင်းဆောင်တို့သည် မိမိတို့နောက်လိုက်များကို ထမင်းတစ်လုတ်ဖြင့် မထောက်ပံ့နိုင်ခဲ့ဘူးဆိုလျှင်တောင် စိတ်ရင်းအမှန်ဖြင့်ဖြစ်သော “နေကောင်းရဲ့လား၊ အဆင်ပြေလားရဲ့လား”စသည့် စိတ်ပိုင်းဆိုင်ရာ ဂရုစိုက်ခြင်းမျိုးကို ပြုနိုင်လျင် အလွန်ပင် သင့်တော်ပေလိမ့် မည်။
          အချုပ်ဆိုရသော် လူတိုင်းလိုလိုသည် သက်ဆိုင်ရာ နယ်ပယ်အသီးသီးတွင် တစ်နည်းနည်းဖြင့် ခေါင်းဆောင်များဖြစ်ကြ၏။ အနည်းဆုံးတော့ မိသားစု အသိုင်းဝန်းတွင်ဖြစ်၏။ ထိုကြောင့် လောကနှင့်ဘ၀ကို အလှဆင်ဖို့ ငြိမ်းချမ်းစေဖို့အတွက် မိမိသက်ဆိုင်ရာ ပတ်ဝန်းကျင်ကို အကြောင်းပြု၍ လူတိုင်းသည် ခေါင်းဆောင်ကောင်းစိတ်ဓာတ်များကို မွေးမြူရန်လိုအပ်ပါသည်။ မေတ္တာ၊ ကရုဏာ အရင်းခံသော ဖြူစင်သော စိတ်ထားဖြင့် ထိုက်သင့်သော ချီးမြှောက်ခြင်းတို့ကို အခါအားလျော်စွာ ပုဂ္ဂိုလ်အားလျော်စွာ အရာဌာနအားလျော်စွာ လုပ်ဆောင်ရန်မှာ အရေးကြီးသော အသေးအဖွဲလေးများ ဖြစ်ပါသည်။
ဓမ္မအသိများ နေ့စဉ်ဘ၀ထဲသို့ ယူဆောင်သွားနိုင်ပါစေဟု ဆန္ဒပြုလိုက်ပါသည်။
မေတ္တာဖြင့်-
               အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
                            18 March 18, 2012
ရည်ညွှန်း
မဇ္ဈိမနိကာယ်၊ မူလပဏ္ဏာသပါဠိ၊ စူလဂေါသိဂိ`်သုတ်

0 comments:

Post a Comment