အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Wednesday, March 28, 2012

တန်ဖိုးကို ဘယ်လိုသတ်မှတ်မလဲ

တန်ဖိုးကို ဘယ်လိုသတ်မှတ်မလဲ
          သိမှတ်ခဲ့ဘူးသည့် အဖြစ်ပျက်လေး တစ်ခုရှိ သည်။ မိဘများ ဆုံးပါးသွားကြသည့် ညီအမစ်ယောက်ရှိသည်။ အမဖြစ်သူမှာ အသက် ဆယ့်ရှစ်နှစ် ၀န်းကျင်ခန့်ရှိပြီး ၀င်ငွေအလွန်နည်း လှသည့် စတိုးဆိုင်လေးတစ်ဆိုင်တွင် အလုပ်, လုပ်ရသည်။ ညီမဖြစ်သူမှာ အသက်ငါးနှစ်ကျော်ခန့် သာရှိသေး၍ အမဖြစ်သူအလုပ်သွားတိုင်း အထီး ကျန်ခြင်းကိုပင် အဖော်ပြုကာ အမြဲလို အိမ်မှာ ကျန်ရစ်ခဲ့လေ့ရှိသည်။
          ထမင်းနပ်မှန်အောင်ပင် ရုံးကန်နေရသော အမဖြစ်သူမှာ ညီမဖြစ်သူကို မုန့်ဖိုးပေးနိုင်သည်ဟူ၍ မရှိသလောက်ပင်။ သို့ရာတွင် ခရစ်၊စ၊မတ် ကာလရောက်တိုင်း မုန့်ဖိုးအဖြစ် အကြွေစေ့ အနည်းငယ်ကိုတော့ ပေးဖြစ်အောင်ပေးလေသည်။ ဤငွေပမာဏကိုပင် သူမဥာဏ်ရှိပြီး အသုံးစေ့စပ်လွန်းသောကြောင့်သာ ပေးနိုင်ခြင်းဖြစ်သည်။
 တစ်ခုသော ခရစ်၊စ၊မတ်ရာသီတွင်ဖြစ်သည်။ အသက် ငါးနှစ်ကျော် ခန့်သာ ရှိသော ကောင်မလေးတစ်ယောက်သည် အလွန်တန်ဖိုးကြီး လှ သည့်  ရှေးဟောင်း ပစ္စည်းများ ကိုသာ ရောင်းချသော ဆိုင်တစ်ဆိုင်သို့ ရောက်လာသည်။ ဆိုင်ထဲတွင် လူရှင်း ချိန်ဖြစ်၍ ဆိုင်ရှင်အဖိုးကြီး တစ်ဦးသာ ရှိနေသည်။
          ဆိုင်ထဲရောက်လာသည့် ကောင်းမလေးသည့် ပစ္စည်းများကို တစ်ခုပြီးတစ်ခု လိုက်ကြည့်ရင်း အကောင်းဆုံး အလှဆုံးဟု မိမိစိတ်တွင် သတ်မှတ်လိုကသည့် ပစ္စည်းတစ်ခုကို ကောက်ယူလိုက်သည်။ ထိုနောက် ဆိုင်ရှင်အဖိုးကြီးကို ပြောလိုက်သည်။ “ကျမ ဒီဟာကို လိုချင်တယ်၊ ကျမမှာ ရှိတာ အကုန်ပေးမယ်”။ ပြောပြောဆိုဆိုဖြင့် ကောင်းမလေးသည် လက်ကိုင်ပ၀ါနွမ်းလေးဖြင့် တယုတယ ထုပ်ထားသော ငွေအကြွေစေ့လေးများကို ဆိုင်ရှင်အဖိုးကြီးငွေရေသည့် စားပွဲပေါ်သွန်ချပေးလိုက်သည်။
          ပစ္စည်းကို ရွှန်းရွှန်းစားကြည့်နေသော ကလေးမလေး၏ မျက်နှာ၊ မိမိအဖြေကို ငံ့လင့်နေသည့် ယုံကြည့်ချက်အပြည့် မျှော်လင့်ချက်အပြည့်နဲ့ ကောင်မလေး၏အမူရာကြောင့် ဆိုင်ရှင်အဖိုးကြီးက ဆတ်က နဲခေါင်းညိတ်လိုက်သည်။ ကောင်မလေးသည် ပျော်ရွှင်မြူးတူးစွာဖြင့် ဆိုင်ထဲကနေ ခုန်ပေါက်ပြေး ထွက်သွားသည်။
*****

          ခရစ်၊စ၊မတ်ရက်ကို ရောက်ပါပြီ။ ညီအမနှစ်ယောက်အဖို့တော့ ခရစ်၊စ၊မတ်ရက်ဆိုသည်မှာ သာမန်ရက်များထဲက တစ်ရက်သာဖြစ်သည်။ တိတ်ဆိသော အိမ်လေးထဲတွင် ကုန်ဆုံးလိုက်ရသော ရက်များထဲက တစ်ရက်သာဖြစ်ပါသည်။
          ညီမလေးတို့ ခရစ်၊စ၊မတ်လုပ်ရအောင်နော်…….မမ…လို့ ကောင်မလေးကပြောသည်။ မမတို့မှာ ပိုက်ဆံမှမရှိတာ ညီမလေးရယ်လို့ အမဖြစ်သူက ဆို့နင့်စွာပြန်ပြောလိုက်သည်။ အမဖြစ်သူမှာ ညီမလေးကို ခရစ်၊စ၊မတ်ကာလရောက်တိုင်း မဖြစ်စလောက်သော ငွေအကြွေစလေးသာ ပေးနိုင်သည့်မိမိအဖြစ်ကြောင့် သိမ်ငယ်သလိုခံစားမိ၏။ အပြစ်ရှိသလိုလည်း ခံစာရမိ၏။ ကိုယ့်ကိုယ်ကိုလည်း မကျေမနပ်ဖြစ်မိ၏။ ရွယ်တူကလေးတွေ လမ်းပေါ်မှာ ပြေးလွှားစော့ကစား ပျော်ရွှင်စွာ အော်ဟစ်နေချိန်မှာ ညီမလေးကတော့ မိမိနှင့်အတူ အိမ်လေးထဲတွင်သာ ကုန်ဆုံးရသည်။
  ကျမမှာ မမကို လက်ဆောင်ပေးစရာရှိတယ်။ မမ….လာ။ မျက်နှာကိုအုပ်ထား။ ဖွင့်မကြည့်ရဘူးနော်………..တဲ့။ မျက်နှာအုပ်ထားသော အမဖြစ်သူမှာ နောက်ပြန်လှည့်သွားသော ညီမလေး၏ ခြေသံကိုကြားနေရသည်။ ခဏအကြာတွင် ပြန်လှည့်လာသော ခြေသံကိုကြားရသည်။ မိမိရှေ့ မှာ ရပ်သံကိုကြားလိုက်ရပြီး မမ…..ဖွင့်ကြည့်တော့ဆိုသည့်အသံကို တစ်ပါတည်းကြားလိုက်ရသည်။
         ညီမဖြစ်သူ၏ ထူးဆန်းသည့်အပြုမူကို နားမလည်ဟန်ဖြင့် စောင့်နေရသော အဖြစ်သူမှာ မျက်လုံးကို ဖွင့်ကြည့်လိုက်တော့ မယုံနိုင်အောင်ဖြစ်သွားသည်။ ချက်ချင်းဆိုသလို မျက်နှာတင်းမာသွားပြီး “နင်…… ..နင်……ဒီပစ္စည်းကို ဘယ်ကခိုးလာတာလဲ………မှန်မှန်ပြောစမ်း….! ငါတို့ ဆင်းရဲပေမယ့် ရိုးသားရမယ်လို့ နင့်ကိုပြောထားတယ်မလား။ ငါတို့ဟာ ပိုက်ဆံမချမ်းသာပေမယ့် စာရိတ္တချမ်းသာရမယ်လို့ နင့်ကို ဘယ်နှစ်ခါပြောထားရမလဲ……….လဲ………….လဲ……….လဲ။ စစ်သေနတ်ပစ်သလို တလစပ်ဆူနေသော အမကို စိုးရွံ့စွာပြန်ကြည့်နေသော ညီမလေးကြောင့် အမဖြစ်သူလည်း တုန့်ကနဲဆို ရပ်သွားသည်။
    ညီမဖြစ်သူကို ဖက်ငိုရင်း “ညီမလေးရယ်………….သူများမပေးတဲ့ ပစ္စည်းကိုမယူရဘူးနော်။ ဘယ်သူ့စီကနေ ယူလာတာလဲ မမတို့ ပြန်ပေးလိုက်ရအောင်နော်…............................................…လို့” ညင်ညင်သာသာ ချော့မော့ပြောလေသည်။ “ကျမ……..…ကျမ....……..မမပေးထားတဲ့ မုန့်ဖိုးတွေကိုစုပြီး ၀ယ်လာတာ”။ ခေါင်းငုံ့ထားရင်းကနေ မပွင့်တပွင့်ဖြင့် ပြန်ပြောလိုက်သည်။
       ရှေးဟောင်းပစ္စည်းဆိုင်တွင် အလုပ်,လုပ်ဖူးသော အမဖြစ်သူမှာ ပစ္စည်းတန်ဖိုးကို သိပြီးဖြစ်၍ ဘယ်လိုမှ မယုံနိုင်ပါ။ မိမိတစ်သက်လုံး အလုပ်,လုပ်ပြီး စုရင်တောင် ၀ယ်နိုင်ဖို့မလွယ်။ မိမိပေးတဲ့ မဖြစ်စလောက်မုန့်ဖိုးလေးနဲ့ ဘယ်လိုလုပ်ဝယ်မှာတဲ့လဲ။
          အမဖြစ်သူက အဖန်ဖန် ချော့မော့မေးသည်။ ညီမလေး ခိုးလာတာမလား…...တဲ့။ ညီမဖြစ်သူက အတန်တန်ငြင်းသည်။ ကျမ၀ယ်လာတာ…...ဟူ၏။ ပြေးကြည့်မှ ဒီညီမလေးသာရှိသော အဖြစ်သူသည် ညီမဖြစ်သူကို မရိုက်ရက်ပါ။
        နောက်ဆုံး မတတ်သည့်အဆုံး ၀ယ်လာသည်ဆိုသည့်ဆိုင်ကို လိုက်ပို့ခိုင်းသည်။ ညီမဖြစ်သူကလည်း ယုံကြည်ချက်အပြည့်ဖြင့် ရင်ကော့ပြီး လိုက်ပို့ပေးသည်။ ရှေးဟောင်းပစ္စည်းများကိုသာ ရောင်းချသော အလွန်ကြီးကျယ်လှသည့် ဆိုင်ကြီးထဲကို ညီအမနှစ်ယောက် ရောက်လာသည်။ ဆိုင်ထဲတွင် အဖိုးကြီး တစ်ဦးသာ ရှိနေသည်။
          ကောင်မလေးနှစ်ယောက် ဆိုင်ထဲဝင်လာကတည်းက အဖိုးကြီးက သတိပြုမိပြီးဖြစ်သည်။ ဟိုတစ်နေ့က လာသွားတဲ့ ကောင်မလေးပဲလို့ အငယ်မလေးကိုမြင်တော့ အဖိုးကြီး မှတ်မိသွားသည်။ ဘာကူညီပေးရမလဲ သမီးတို့။ အဖိုးကြီးက နှုတ်ဆက်လိုက်သည်။ အမဖြစ်ဟန်တူသူက ကျမညီမလေး ဦးတို့ဆိုင်က ခိုးထားတဲ့ပစ္စည်းကို ပြန်လာပေးတာပါ။ ကျမတောင်းပန်ပါတယ်။ ညီမလေးက ငယ်သေးတော့ ခွင့်လွှတ်ပေးပါ။ ပြောရင်းဆိုရင်း ညီမငယ်လက်ထဲက ပစ္စည်းကို ယူရန်ဟန်ပြင်လိုက်သည်။
  မဟုတ်ဘူး………….မဟုတ်ဘူး…....……။ ဒါ……............... ညီမလေး ၀ယ်ထားတာ။ အကျောက်အကန်ငြင်းရင်း ကောင်မလေးက ဆိုင်ရှင်ကိုလှန်းပြောလိုက်သည်။ ဖိုးဖိုး… ..…...ဒါ…….သမီးဝယ်ထားတာ၊ ဖိုးဖိုးပဲ ရောင်းလိုက်တာလေ………..နော်………..။ ဟုတ်ပါတယ်ကွယ်။ အဲဒါ………..သမီးလေး ၀ယ်ထားတာပါ။ သမီးလေးရဲ့ဟာပါ။
          ဆိုင်ရှင် ပြန်ပြောလိုက်သော စကားကို အမဖြစ်သူမှာ မယုံနိုင်သေးပါ။ မဖြစ်နိုင်တာ ဦးရယ်။ သမီးတို့က တစ်နေ့လုပ်မှ တစ်နေ့စားရတာ။ လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ ဘ၀တွေပါ။ ဒီလို တန်ဖိုးကြီးတဲ့ ပစ္စည်းကို ဘယ်လိုမှ မ၀ယ်နိုင်ပါဘူး။ ပြန်ယူပါ ဦးရယ်လို့ အမဖြစ်သူက တောင်းပန်ရင်း စကားဆိုသည်။
     ဒါ……မင်းညီမလေးလား။ သူ……..ငါ့ဆီကနေ တကယ်ကိုဝယ်သွားတာပဲလို့ ဆိုင်ရှင်က တည်တည်တံ့တံ့ဖြင့် ပြန်ပြောလိုက်သည်။ သို့တိုင်အောင် မယုံနိုင်ဖြစ်နေသော အမဖြစ်သူက ဒါဆို “ဒီပစ္စည်းကို ဘယ်လောက်နဲ့ ရောင်းလိုက်တာလဲ..........……ရှင်”။ ဆိုင်ရှင့်စကားကြောင့် အမဖြစ်သူမှာ ဆက်စရာစကားမရှိတော့ပါ။ ဒါကိုတော့ ပြောလို့မဖြစ်ဘူး။ “သူ….......ဒီပစ္စည်းကို အမြင့်ဆုံးဈေးပေးပြီး ၀ယ်သွားတယ်”။ ဘယ်လောက်လဲ ဆိုတာကတော့“တန်ဖိုးဆိုတာ ရောင်းသူနဲ့ ၀ယ်သူကြားက လျို့ဝှက်ချက်ပဲ။ သူလည်းကြိုက်လို့ဝယ်တယ်။ ငါလည်း ရောင်းနိုင်လို့ ရောင်းလိုက်တယ်။
*****
          ဆိုင်ရှင်ကို နှုတ်ဆက်ပြီးနောက် ညီအမနှစ်ယောက် ပျော်ရွှင်စွာဖြင့် ဆိုင်ထဲကနေ ထွက်သွားသည်။ အမဖြစ်သူက မြတ်မြတ်နိုးနိုးဖြင့် ညီမငယ်ကိုချီသည်။ ညီမငယ်ကလည်း တလေးတစားဖြင့် အမကိုပေးမည့် လက်ဆောင်ပစ္စည်းကို ပွေ့ပိုက်ထားသည်။ ဆိုင်ရှင် အဖိုးကြီးသည် ကျောခိုင်းသွားသည့် ညီအမနှစ်ယောက် ကိုကြည့်ကာ လေးလေးနက်နက်ပြုံးရင်း ခေါင်းညိတ်ကျန်ရစ်ခဲ့သည်။    
သိမှတ်ဖူးသည့် အဖြစ်အပျက်လေးကို တန်ဆာဆင်၍ ပြန်လည်မျှဝေခြင်းမျှသာ ဖြစ်ပါသည်။
                                          သူ (သရက်)
                                                 28 March 2012

0 comments:

Post a Comment