အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Tuesday, January 10, 2012

နှလုံးသားထဲကပဲ ဒါပေမယ့် အဝေးတစ်နေရာမှာ


နှလုံးသားထဲကပဲ….ဒါပေမဲ့ အဝေးတစ်နေရာမှာ
ဒို့ငယ်ငယ်က
မရှိမပူ ရှိအတူနှင့်
အေးတူပူမျှ ညီညွတ်ကြ၏။
အရွယ်ရောက်လာ ခုချိန်ခါဝယ်
ဘွဲ့ဒီဂရီ ဂုဏ်တွေမှီပြီး
မင်းထက်ငါသာ ပြိုင်ဆိုင်လာပြီ။
တွေ့လျှက်မခေါ် မြင်လည်းမပြော
ဟန်ဆောင်ကာသွား မုန်းမာန်ပွားသည်
လေးဆယ်ကျော်မှ စတဲ့ဘ၀……..။ သူ (သရက်)
*****
     သူငယ်ချင်း သုံးယောက်ရှိသည်။ သုံးကိုယ် တစ်စိတ်နှင့် မရှိအတူခံ ရှိအတူစံကြသည်။ ဘယ်ေ လာက်အထိ အတွဲညီကြ၊ ချစ်ခင်ကြသည်ဆိုသော် ရွှတ်နောက်နောက် သူငယ်ချင်းများက သူတို့ သုံးယောက်ကို “သုံးဘီးကား” ဟု ခေါ်ကြသည် အထိ ဖြစ်သည်။
     အချိန်ကား အရာရာကိုပြောင်းလဲနိုင်စွမ်းရှိသည်။ အသစ်တွေကို ဟောင်းစေနိုင်သလို အဟောင်းတွေ ကိုလည်း ပြန်လည် ဆန်းသစ်စေနိုင်စွမ်း ရှိသည်။ ဝေးကွာနေသူတွေကို ဆုံဆည်းေ ပးနိုင်သလို နီးနေသူတွေကိုလည်း အဝေးကို လွင့်စင်စေနိုင်သည်။ အချိန်သည် အရာရာကို ကုစားနိုင်သည့် အကောင်းဆုံးေ ဆးတစ်လက်ဖြစ် သည်။ ထို့အတူ အငြိုးအတေးများ အာဃာတ အမုန်းများကို ဖွဲမီးသဖွယ် တငွေ့ငွေ့နှင့်လောင်စေသည့် အဆိုးဝါးဆုံး ဘေးဥပါဒ်လည်း ဖြစ်နိုင်သည်။

          အလွန်ညီညွတ်ကြသည့် သူငယ်ချင်းသုံးယောက်သည် အခုတော့ မညီညွတ်ကြတော့။ ချစ်ခင်ခြင်း၊ အနစ်နာခံခြင်း၊ သည်းခံခြင်း၊ တစ်ဦးကိုတစ်ဦး ခွင့်လွှတ်နားလည်ခြင်းတွေသည် လောကဓံဒီလှိုင်းနှင့်အတူ အဝေးသို့ လွင့်ပျယ်သွားလေပြီ။ မရှိတဲ့သူကလည်း မရှိမာန်၊ ရှိတဲ့သူကလည်း ရှိတဲ့မာန်။ သုံးဘီး ကားလေးတော့ ၀ါးရှော့ခ်ကိုပို့မရအောင် ပျက်စီးသွားပြီဟု သူငယ်ချင်းတွေက ပြောကြသည်။
          ကိုစိုးနှင့် ကိုမိုးတို့ ပြဿနာဖြစ်ကြသည်။ မောင်မောင်က ဖျန်ဖြေသည်။ သို့ရာတွင် အထုံးက ကြီးလွန်း ရှုပ်လွန်းသည်။ သူတော်စဉ်များကိုတောင်မှ မောက်မှားစေနိုင်သည့် အထုံးမျိုးဖြစ်သည်။ ကိုယ်တို င်ဖြေကြမှ ပြေရမည့်အထုံးဖြစ်သည်။ သူကား မာန။ လူကို လူလို့မသတ်မှတ်မှတော့ ကိုယ့်ကိုယ်ကိုလည်း လူဟု သတ်မှတ်နိုင်မည်မထင်ဟု မောင်မောင်တွေးမိသည်။
          နှစ်ယောက်ကြား မောင်မောင်ဗျာများရသည်။ ကိုစိုးက သူ့ဘက်စွဲသည်၊ သူမှန်သည်တဲ့။ ကိုမိုးက ငါကလျှော့ရမှာလား၊ ငါမှ မမှားတာကိုတဲ့။ ငွေဂုဏ်မောက်၊ ပညာဂုဏ်တောက်ကြရုံမက သူငယ်ချင်း ကိုပါ ဖောက်ကြသည်။
      ကိုစိုးကပြောသည်။ ဟိုအကောင်နဲ့တွဲရင် ငါနဲ့ သေခန်းခန်ဖြတ်တဲ့။ ကိုမိုးက ဆိုပြန်သည်။ လှေနံနှစ်ဖက် မနင်းချင်နဲ့၊ အဲအကောင်နဲ့ပေါင်းရင် ငါ့ကိုမေ့လိုက်တော့တဲ့။ ကြယ်တာရာတွေကြားက လမင်းကြီးသည် ဂုဏ်တင့်ဟန်ရှိပေမယ့် အထီးကျန်နေတာတော့ အမှန်ပင်။ အရင်က ဒီလိုအတွေးမျိုးကို သူငယ်ချင်တွေးက “အထီးကျန်တော့ အမပြန်လို့ပေါ့”လို့ ကိုစိုးနဲ့ ကိုမိုးတို့ အတွဲညီညီ နောက်ပြောင်ကြသည်ကို သတိရမိသည်။ ကိုယ်ကလည်း “မင်းတို့နောက်ပြောင်ကြပေမယ့် ရှေ့ကျန်ပါသေးတယ်”လို့ တုန့်ပြန်မိတာကို သတိရမိ လိုက်ပြန်သည်။
           အတိတ်ကား ချိုမြိုန်သည်။ သို့တစ်စေ ပစ္စုပ္ပန်ခါးသီးမှုကိုတော့ မပြေပျောက်စေနိုင်။ အနာဂါတ်နေ့ ရက်များသည်ကား အုံ့မှိုင်းနေသည်။ မိုးမှောင်၍ နေမလာ၊ တိမ်ဖုံး၍ လ-မသာဟန်တကား။
          သူငယ်ချင်းနှစ်ဦးကို ညှိမရသည့်အဆုံးတွင် မောင်မောင်စဉ်းစားရတော့သည်။ ဘယ်သူ့ဘက်ကို လိုက်ရမလဲ။ ကိုစိုးနဲ့လား………ကိုမိုးနဲ့လား။ တွဲရေးခွဲရေးသည် အရေးကြီးသည့် ဆုံမှတ်တစ် ခုဖြစ်လာသည်။ ထိုဆုံမှတ်သည်ပင် အလွဲလည်းဖြစ်တော့သည်။ သူကလည်းမှန် ငါကလည်း မှန်ဆိုကြတော့ အမှန်တွေသည်ပင် အမှားဖြစ်ကုန်သည်ကို သတိမထားနိုင်တော့။
     သူငယ်ချင်းနှစ်ယောက်ထဲက တစ်ယောက်ကို ရွေးလိုက်မည်ဆိုလျှင် အနည်းဆုံးတော့ သူငယ်ချင်းတစ်ယောက် ကျန်သေးသည်။ ကုန်ပစ္စည်း အနေဖြင့် သို့မဟုတ် အရောင်းအ၀ယ် တစ်ခုအနေဖြင့် ကြည့်လိုက်လျှင် ဤရွေးချယ်မှုသည် မမြတ်ပေမယ့် မရှုံးပါ။ သို့ရာတွင် သူတို့တွေသည် မိမိအဖို့တော့ သူငယ်ချင်းများသာ။
  တစ်ခြား ရှုထောင့်ကနေကြည်ရလျှင် သူငယ်ချင်းတစ်ယောက် ကို ရွေးချယ်လိုက်ခြင်းဖြင့် မိမိသည် အဂတိတရား တစ်ပါးပါး ကို ဖောက်ပြားရာကျတော့မည်။ သူငယ်ချင်းနှစ်ယောက်မှ တစ်ယောက် ကို ရွေးချယ်ရမည်မဟုတ်ဘဲနှင့် သူငယ်ချင်းများနှင့် ကိုယ်ကျင့်တရား ကို ရွေးချယ်ရတော့မည်ဟု မောင်မောင်သဘောပေါက်လာသည်။
 သူငယ်ချင်းနှစ်ယောက်လုံး မောင်မောင်နှင့်ဝေးသွားသည်။ ရွေးချယ်ခွင့်ကို ယူခဲ့မည်ဆို လျှင် မောင်မောင့်ရင်ထဲမှာ တစ်ဦးတည်းရှိနေမည်မလွဲ။ အခုတော့ မိမိနှလုံးသား ထဲမှာ နှစ်ယောက်လုံးရှိနေသည်။
          နွေဦးနှင့်အတူ ရော်ရွက်တို့ တစ်ဖျောက်ဖျောက်နဲ့ ကြွေကျ မြေခနေသည်။ ဒါဆိုရင် မကြာခင်မှာ ရွက်သစ်တွေဝေတော့မည်ပဲ။ အချိန်သည် အရာရာကို ပြောင်းလဲနိုင်သည်။ ချစ်ခြင်းတရား ကို မွေးဖွားနိုင်သည်။ အမုန်းတရားကို ပွားများနိုင်သည်။ သူငယ်ချင်းတွေအကြား မုန်းမာန်တရား များ ရော်ရွက်ပမာ လွင့်ပါးစေပြီး မေတ္တာတရားများ ရွက်သစ်များသဖွယ် စိမ်းလန်းစိုပြေနိုင် ပါစေဟုသာ……………..။
                                                                       သူ (သရက်)
                           January 11, 2012

0 comments:

Post a Comment