အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Sunday, September 11, 2011

ဗုဒ္ဓဘာသာ၏ ရှင်သန်နိုးကြား မြတ်တရား (အပိုင်း-၂)

မြတ်ဗုဒ္ဓ
          
 ဗုဒ္ဓဘာသာခေါ် မြင့်မြတ်သည့်ဘာသာကို တည်ထောင် သူ မြတ်ဗုဒ္ဓသည် ခရစ်တော်မပေါ်မီ ဘီစီ(BC-6)ရာစုတွင် အိန္ဒိယနိုင် ငံမြောက်ပိုင်းတွင် ပွင့်ထွန်းခဲ့သည်။ သိဒ္ဓတ္ထ သည် သူ၏ လူနာမည်ဖြစ်သည်။ ဂေါတမသည် အနွယ်တော်၏ နာမည်ဖြစ်သည်။ ဖခင်သုဒ္ဓေါဓနမင်း သည် နီပေါနယ်စပ်တွင်ရှိသော သာကီဝင်မျိုးတို့ ၏တိုင်းပြည် ကပိလ၀တ္ထုမြို့တွင် မင်းလုပ်အုပ်ချုပ် ခဲ့သည်။ ကောလိယမင်းသမီး မဟာမာယာသည် သုဒ္ဓေါဓနမင်း၏ မိဖုရားခေါင်ကြီးဖြစ်သည်။ သူမ၏ တစ်ဦး တည်းသောသား သိဒ္ဓတ္ထမင်းသားကို လုမ္ဗိနီဥယျာဉ် တွင် မွေးဖွားခဲ့သည်။ ယခုအခါ ဒေသအခေါ်ဝေါ်အားဖြင့် ရုမ်မင်ဒိုင်း (Rummindei)ဟု ထင်ရှားသော လုမ္ဗိနီသည် ဗာရာဏသီ (Benares)မြို့၏မြောက်ဖက် မိုင်တစ်ရာ အကွာတွင် တည်ရှိပြီး၊ နှင်းများဖြင့်ဖုံးလွှမ်းနေသော ဟိမ၀န္တာတောင်ထွတ် ၏ မြင်ကွင်းအတွင်းတွင်ရှိသည်။ ဘုရားအလောင်း မင်းသားကို မွေးဖွားရာ အဆို ပါ အောက်မေ့ဖွယ်နေရာ၌ အိန္ဒိယ၏ ဧကရာဇ်ဘုရင်အသောကသည် ဘုရားလောင်းမွေးဖွား ပြီး နှစ်ပေါင်း ၃၁၆-နှစ်အကြာတွင်  ကြီးမားလှသော ကျောက်တိုင်ကြီးကို စိုက်ထူခဲ့သည်။ ယင်းကို ယနေ့တိုင် မြင်တွေ့နိုင်သေးသည်။

          ကျောက်တိုင်ပေါ်၌ ကမ္ဗည်းထိုးထားသော ကျောက်စာငါးကြောင်းတွင် အသောကအက္ခရာခေါ် ဗြဟ္မီ(Brāhmi)အက္ခရာ ၉၃-လုံးပါဝင်သည်။ ယင်းတို့ အထဲမှ အောက်ပါစာကြောင်းကို တွေ့ရသည်။ “ဟိဒ ဗုဒ္ဓေ ဇာတေ သကျမုနိ (Hida Budhe jāte sākyamuni)၊ ဤနေရာတွင် သကျနွယ်ဖွားတို့၏ သူတော်စဉ် မြတ်ဗုဒ္ဓကို မွေးဖွားခဲ့သည်။”
          ထိုခေတ်ကာလ၏ အစဉ်လာအရ သိဒ္ဓတ္ထမင်းသားသည် သက်တော် ၁၆-နှစ်အရွယ်တွင် မိမိနှင့်သက်တူရွယ်တူဖြစ်သော ချောမောလှပသည့် ယသောဓရာမင်းသမီးကို လက်ထပ်ထိမ်းမြား ခဲ့သည်။ မင်းသားသည် လိုတိုင်းရ တတိုင်းဖြစ်ကာ ဒုက္ခဆို ချိုနဲ့လားဖြင့် နေထိုင်ခဲ့ရသည်။ သို့ရာတွင် အသက်အရွယ် ရင့်ကျင့်လာသည်နှင့်အမျှ လောက၏ဒုက္ခသဘောကို တစ်စွန်းတစ်စ သိလာခဲ့သည်။ နန်းတော်တံတိုင်း၏ ပြင်ပကမ္ဘာနှင့် တွေ့ထိပါများလေလေ လောကတွင် စစ်မှန်သော ချမ်းသာသုခ မရှိ ဆိုတာကို အခိုင်အမာ သိလေလေ ဖြစ်လာသည်။
          ထိုနောက် မင်းသားသည် သက်တော် ၂၉-နှစ်အရွယ်၊ လုလင်ဘ၀၏ အတောက်ပဆုံးအချိန်၊ တစ်ဦးတည်းသော သားတော်ရာဟုလာကို ယသော်ဓရာမင်းသမီးက မွေးဖွားပေးခဲ့သော နေ့မှာပင် နန်းတော်မှ ထွက်ခွာခဲ့သည်။ သြဇာအာဏာ၊ ကျော်ကြားမှုတို့ဖြင့် ပြည့်လျံနေသော ထီးနန်းစည်းစိမ်ကို စွန့်လွှတ်ကာ ရသေ့ရဟန်းအသွင်ကိုယူလျှက် ဘ၀၏ဒုက္ခများကို ဖြေရှင်းရန်၊ အနှောင်အဖွဲ့အားလုံးမှ လွတ်မြောက်ရာ နိဗ္ဗာန်ကိုရှာဖွေရန် တစ်ကိုယ်တည်း တောထွက်တော်မူခဲ့သည်။ ဤ ကား မြင့်မြတ်သော တောထွက်ခြင်းပင်ဖြစ်သည်။
    ဘုရားလောင်းသည် ဘ၀၏ဆင်းရဲဒုက္ခတို့မှ လွတ်မြောက်ရာကို ရှာကြံသည့် မြင့်မြတ်သောအလုပ်ဖြင့် မိမိဘ၀ ကို မြုပ်နှံကာ ကျော်ကြားသော သမထကမ္မဌာန်း ဆရာကြီးများ ထံမှ သံသရာ လွတ်မြောက်ရာလမ်းကို ညွှန်ကြားပြ သ ပေးနိုင်လိမ့်မည်ဟု မျှော်လင့်လျက် ဂင်္ဂါမြစ်ဝှန်းတစ်လျှောက် လှည့်လည်ခဲ့သည်။ သို့ရာတွင် အဆိုပါဆရာကြီးတို့၏ အသိနယ် ပယ် အပိုင်းအခြားနှင့် အသမတန်ခိုးတို့သည် ဘုရားလောင်း ၏ မျှော်လင့်တကြီးရှာဖွေနေမှုကို မပေးစွမ်းနိုင်ခဲ့ပေ။ ဘုရားလောင်းသည် သဗ္ဗညုတဥာဏ်ကို ရကြောင်းမဟုတ်သော ကျင့်စဉ်မှတ်သမျှကို စိတ်တိုင်းမကျခဲ့။ ထိုကြောင့် ဘုရားလောင်း သည် မသိအပ်သေးသော သစ္စာတရားကိုရှာဖွေဖို့ရန် ယင်းဆရာကြီးများထံမှ ထွက်ခွါခဲ့ ရာ ပြတ်သားခိုင်မာလှသည့် သူ၏ကြိုးစာအာထုတ်မှုကို ကြည်ညိုသော ပဉ္စ၀ဂ္ဂီငါးဦးနှင့် တွေ့ဆုံခဲ့သည်။
   ထိုအချိန်က အိန္ဒိယတွင် ဘာသာရေးဂိုဏ်းဆရာ အများစုတို့သည် ပြင်းထန်သော အစွန်းရောက် ကျင့်စဉ်ဖြင့်သာလျင် ကိလေသာမှလွတ်ကင်းပြီး ဒုက္ခအားလုံးမှ လွတ်မြောက် ရာ နောက်ဆုံးပန်းတိုင်ကို ရောက်ရှိနိုင်သည်ဟု ယုံကြည်နေကြဆဲဖြစ်ပြီး၊ ဘုရားလောင်းသည်လည်း ထိုကျင့်စဉ်ကို  ကျင့်ကြံအားထုတ်ရန် ဆုံးဖြတ်ခဲ့သည်။ ဘုရားလောင်းသည် အနှောင်ဖွဲ့တို့မှ လွတ်မြောက်ဖို့ရန်နှင့် အမြတ်ဆုံးချမ်းသာသုခကို ရဖို့ရန်ကိုမျှော်လင့်လျှက် ခန္ဓာကိုယ်ကိုညှဉ်းဆဲ သည့် ပြင်းထန်သောအကျင့်တို့ကို ကျင့်တော်မူခဲ့သည်။ ထိုအကျင့်တို့ကို အရိုးပေါ်အရေတင်သည်အထိ ကျင့်ကြံတော်မူခဲ့သည်။ အနည်းငယ်မျှသော အစာအဟာရကိုမှီဝဲလျက် သစ်ရွက်များအပေါ်နှင့် သစ်မြစ်ရင်းတို့တွင် နေထိုင်ခဲ့သည်။ အမှိုက်ပုံမှ အ၀တ်စုတ်များကို ချုပ်စပ်ဝတ်ရုံခဲ့ပြီး၊ သူသေအလောင်း များအကြားနှင့် ဆူးခင်းအိပ်ရာများပေါ်တွင် အိပ်စက်ခဲ့သည်။ အစာရေစာ ခေါင်းပါးစွာ မှီဝဲခြင်းကြောင့် ဘုရားလောင်း၏ ခန္ဓာကိုယ်မှာ ချုံးချုံးကျခဲ့သည်။
          “ငါသည် ရသေ့၊တပသီတို့၏ ခြိုးခြံသော အကျင့်များကို ကျင့်ခဲ့ဖူးပြီ၊ ထိုသူတို့ထက် လွန်ကဲပြင်းထန်အောင်လည်း ကျင့်တော်မူခဲ့ပြီ။ ထိုကဲ့သို့ အချည်းအနှီးကျင့်စဉ်တို့ဖြင့် ငါ၏ ကိုယ်အင်္ဂါ အစိတ်အပိုင်းတို့သည် ကျူဝါးပင်တို့ကဲ့သို့ ညိုးလျော်ခြောက်သွေ့ခဲ့ရဖူးလေပြီ….” (မဇ္ဈိမနိကာယ်၊ သုတ်နံပါတ်-၃၆)။[*] မြတ်ဗုဒ္ဓသည် အထက်ပါ စကားတော်များအတိုင်း သဗ္ဗညုတဥာဏ်တော်ကို ရရှိတော်မူပြီး နောက်ပိုင်းနှစ်များ၌ မိမိကိုယ်တိုင် အစကနဦးတွင် အဆန်းတကြယ်ဖြစ်သော မှားယွင်းသည့်အကျင့်များ ကျင့်ခဲ့ဖူးသည်ကို ဖော်ပြလျှက် တပည့်သာဝကတို့အား လေးလေးနက်နက် သတိပေးတော်မူခဲ့သည်။
 ဘုရားလောင်းသည် ၆-နှစ်တိုင်တိုင် ပြင်းထန်သော အကျင့်များကို ကျင့်တော်မူ လျက် သေမင်းခံတွင်းဝကို ရောက်ခဲ့သော်လည်း မိမိအလိုရှိသော ပန်းတိုင်းကို မူ ဝေးလျှက်ရှိသည်ကိုသာ တွေ့ရလေသည်။ ခန္ဓာကိုယ်ကို ညှဉ်းပမ်းနှိပ်စက်သော အစွန်းရောက် ကျင့်စဉ်ဖြင့် သဗ္ဗညုတဥာဏ်တော်ကို ရရှိရန် မဖြစ်နိုင်ကြောင်းကို ရှင်းရှင်းလင်းလင်းနှင့် ကိုယ်တွေ့ သိလာရသည်။ သို့ဖြင့် သတိတရား လက်ကိုင်ထားကာ ကျင့်စဉ်သစ်များဖြင့် ရည်မှန်းရာပန်းတိုင်ကို ဆက်လက်ရှာဖွေခဲ့သည်။ ခန္ဓာကိုယ်ကို အပြင်းအထန် နှိပ်စက်ညှဉ်းပမ်းသော်လည်း သဗ္ဗညုတဥာဏ် ရရန်လမ်းကို မဖြစ်နိုင်ကြောင်း သိလာခဲ့သည်။ ဤသို့ဖြင့် ခန္ဓကိုယ်ကို ညှဉ်းဆဲသည့် အကျင့်၊ အစွန်းရောက်အစာငတ်ခံ အတ္တကိလမထအကျင့်တို့ကို စွန့်လွှတ်တော်မူကာ သင့်တင့်မျှတရုံ အစာအာဟာရကို ပြန်မှီဝဲတော်မူခဲ့သည်။ ပိန်ချုံးချည့်နဲ့နေသော ဘုရားလောင်း၏ ကိုယ်ရေသည် နဂိုအတိုင်း ပြန်လည်ပြည့်ဖြိုးလာပြီး၊ အားအင်များ ပြန်လည်ပြည့်ဝလာခဲ့သည်။ အလုပ်အကျွေး ပဉ္စ၀ဂ္ဂီ ငါးဦးတို့သည် ထိုအခြင်းအရာကို မြင်ကြသောကြောင့် ၀ိရိယကိုစွန့်ပြီး လာဘ်ပေါများရန်ဖက်ကို စိတ်လည်သွားသည်ဟု ယူဆလျှက် ဘုရားလောင်းကို စွန့်ခွာခဲ့ကြသည်။
          သို့ရာတွင် မိမိ၏ စင်္ကြယ်သောသီလ၊ ထက်သန်သော ၀ိရိယတို့အပေါ်တွင် မြဲမြံသည့်သတိ ခိုင်မာသက်ဝင်သည့် ယုံကြည်ချက်တို့ဖြင့် မည်သူတစ်ဦးတစ်ယောက်၏ လမ်းညွှန်ချက်မျှမ ပါ နောက်လိုက်နောက်ပါ တစ်စုံတစ်ရာမျှမရှိပဲ ဘုရားလောင်းသည် (သဗ္ဗညုတဥာဏ်ကို မရမီ ရှေးမဆွက ထင်ရှားခဲ့သောနာမည်) တစ်ကိုတည်းဖြင့်သာလျှင် သံသရာမှထွက်မြောက်ရာ နိဗ္ဗာန်ကိုမျက်မှောက်ပြုရန် သန္နိဋ္ဌာန်ပြုခဲ့သည်။ (ယခုအခါ ဗုဒ္ဓဂါယာဟုထင်ရှားသော) ဂယာ အရပ်ရှိ နေရဉ္ဇရာ မြစ်ကမ်းပေါ်တွင် ပေါက်ရောက်နေသည့် နောင်တွင် ဗောဓိပင် သို့မဟုတ် သစ္စာတရား ကို ထိုးထွင်းသိမြင်အပ်ရာ သစ်ပင်ဟု ထင်ရှားလာမည့်အပင်အောက် သင့်တော်သောနေရာတွင် တပလ္လင်ခွေထိုင်လျှက် အာရုံတို့ကို ဆင်ခြင်သတိကပ်ကာ နေတော်မူခဲ့သည်။ ထိုနောက် ဘုရားလောင်းသည် အမြင့်ဆုံး လုံ့လ၀ိရိယဖြင့် မတုန်မလှုပ်ခိုင်မာသော သန္နိဋ္ဌာန်ကိုပြုခဲ့သည်။ “ငါ့၏ကိုယ်တွင် အရိုး၊အရေမျှပင် ကြွင်းကျန်ရစ်ပါစေ၊ အသွေးအသားတို့ ခန်းခြောက် ၍ ရော်ရွက်ပမာဖြစ်သွားပါစေ၊ ဘုရားမဖြစ်သမျှ ဤထိုင်နေရာမှ မထတော့”။ ဘုရားလောင်းသည် ထိုကဲ့သို့ မဆုတ်မနစ်သော လုံ့လ၀ိရိယ၊ ပြီးပြည့်စုံသော သတိသမ္ပဇဉ်တို့ဖြင့်၊ သဗ္ဗညုတဥာဏ်ကိုရရန် အဓိဋ္ဌာန်ပြုတော်မူခဲ့သည်။
          ဘုရားလောင်းသည် ၀င်လေထွက်လေ ကမ္မဋ္ဌာန်း (အာနာပါနဿတိ)ကို ရှုမှတ်ပွားများလျက် ဈာန်(ပါဠိလို-ဈာန၊ သက္ကတလို-ဒျာန)လေးပါးတို့ကို အစဉ်အတိုင်း သုံးသပ်ဆင်ခြင်တော်မူခဲ့သည်။
          ဘုရားလောင်းသည် အာနာပါနဿတိ ကမ္မဋ္ဌာန်းကိုပွားများနေစဉ် သစ္စာလေးပါးကို သိမြင်တော်မူခဲ့လေသည်။
          ဤအရာသည် ဆင်းရဲသော ဒုက္ခတရားဖြစ်သည်။
          ဤအရာသည် ဒုက္ခကိုဖြစ်စေကြောင်း တရားဖြစ်သည်။
          ဤအရာသည် ဒုက္ခချုပ်ငြိမ်းကြောင်း တရားဖြစ်သည်။
          ဤအရာသည် ဒုက္ခချုပ်ငြိမ်းရာကို ရောက်စေသော မဂ္ဂင်တရားများဖြစ်သည်။
          ဘုရားလောင်းသည် ဤအရာများကား ယိုစီးခြင်းသဘောရှိသည့် ညစ်နွမ်းသော (အာသ၀) တရားများဖြစ်သည်၊ ဤအရာသည် အာသ၀တရားတို့ ဖြစ်ပေါ်စေသော တရာများဖြစ်သည်၊ ဤအရာ သည် အာသ၀တရားတို့ ချုပ်ငြိမ်းကြောင်း တရားများဖြစ်သည်၊ ဤအရာသည် အာသ၀တို့ ငြိမ်းရာကို ရောက်စေသော တရားများဖြစ်သည်-ဟု အရှိကိုအရှိအတိုင်း သိမြင်နားလည်ခဲ့သည်။
        ဘုရားလောင်းသည် ဘုရားဖြစ်လျင်ဖြစ်ချင်း ဥဒါန်းကျူးရင့်တော်မူခဲ့သည်။ “ငါ၌ ပညာမျက်စိသည် ထင်ရှားဖြစ်ပေါ်ပြီ၊ ဥာဏ်မျက်စိသည် ထင်ရှားဖြစ်ပေါ်ပြီ၊ ငါ၏လွတ်မြောက်မှုသည် မတုန်မလှုပ် ခိုင်မာပြီ၊ ဤဘ၀သည် ငါ၏နောက်ဆုံးဘ၀ဖြစ်သည်၊ ငါ၌ ဘ၀သစ်တစ်ဖန်ဖြစ်စရာ ပဋိသန္ဓေနေစရာ မရှိတော့ပြီ”။ (မဇ္ဈိမနိကာယ်၊ ၂၆)
        ဤသို့ဖြင့် ဂေါတမဘုရားအလောင်းတော်သည် သက်တော် ၃၅-နှစ်အရွယ် ကဆုန်လပြည့်နေ့တွင် မဖောက်မပြန် မှန်ကန်မြဲဖြစ်သော သစ္စာလေးပါး မြတ်တရားကို အပြည့်အ၀သိမြင်နားလည်ပြီး သဗ္ဗညုတ ဥာဏ်တော်ကို ရရှိတော်မူကာ ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့သည်။
       မြတ်ဗုဒ္ဓသည် ဘုရားဖြစ်တော်ပြီး နှစ်လအကြာတွင် ကိုယ်တော်တိုင် ထိုးထွင်းသိမြင်တော်မူခဲ့သော တရားတော်များကို အလုပ်အကျွေးဖြစ်ခဲ့ဖူးသူ ပဉ္စ၀ဂ္ဂီငါးဦးတို့အား ဟောကြားတော်မူရန် ဥာဏ်ဖြင့် ဆင်ခြင်တော်မူခဲ့သည်။ ပဉ္စ၀ဂ္ဂီငါးဦးတို့သည် ဗာရာဏသီပြည်၊ ဣသိပတန (Sarnarth) မိဂဒါဝုန်တော တွင် နေထိုင်သည်ကို သိမြင်တော်မူသောကြောင့် ပြင်းထန်သော အစွန်းရောက်ကျင့်စဉ်များအပေါ်တွင် စွဲစွဲလန်းလန်းဖြစ်နေသေးသော ၄င်းတို့အထံသို့ကြွရန် ဂယာမှထွက်တော်မူပြီး ဝေးကွာလှသော အိန္ဒိယ၏ ဘာသာရေးမြို့တော် ဗာရာဏသီသို့အရောက် မိုင်တစ်ရာ့ငါးဆယ် ခရီးကို ခြေလျင်ကြွတော်မူခဲ့သည်။ မိဂဒါဝုန်တောတွင် ပဉ္စ၀ဂ္ဂီငါးဦးတို့နှင့် တွေ့ဆုံတော်မူခဲ့သည်။
          မြတ်ဗုဒ္ဓသည် ၀ါဆိုလပြည့်နေ့  ညနေစောင်းအချိန်၊ အရှေ့လောကဓာတ်မှ လပြည့်ဝန်းကြီး ထွက်ပြူလာစဉ်တွင် ပဉ္စ၀ဂ္ဂီငါးဦးတို့အား တရားဟောတော်မူခဲ့သည်။
          “ရဟန်းတို့…….၊ အိမ်ရာတည်ထောင် လူတို့ဘောင်မှခွါသော ရဟန်းသည် ဤအစွန်းနှစ်ပါးတို့ကို မမှီဝဲအပ်ကုန်။ အဘယ်နှစ်ပါးတို့နည်းဟူမူ-ကာမဂုဏ်ခံစားခြင်းနှင့် ခန္ဓာကိုယ်ကို နှိပ်စက်ညှဉ်းပမ်းခြင်း အကျင့်တို့ဖြစ်သည်။ ဤနှစ်ပါးလုံးသည် အကျိုးမရှိ၊ လွတ်မြောက်မှုကို မဖြစ်စေနိုင်။ ရဟန်းတို့…….၊ ဤအစွန်းနှစ်ပါးကို စွန့်ပယ်တော်မူပြီးနောက် ငါဘုရားကိုယ်တော်တိုင် သိမြင်နားလည်တော်မူခဲ့သော မဇ္ဈိမဋိပဒါလမ်းစဉ်သည် အသိဥာဏ်ကိုဖြစ်စေ၏၊ လွတ်မြောက်မှုကို ဦးတည်စေ၏၊ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်၏။ ရဟန်းတို့……၊ မဇ္ဈိမဋိပဒါဟူသည်ကား မဂ္ဂင်ရှစ်ပါး မြတ်တရားတို့တည်း။ ယင်းတို့မှာ-
မှန်ကန်သောအမြင် (သမ္မာဒိဋ္ဌိ)
မှန်ကန်သော ကြံစည်မှု (သမ္မာသင်္ကပ္ပ)
မှန်ကန်သောစကား (သမ္မာဝါစာ)
မှန်ကန်သောအလုပ် (သမ္မာကမ္မန္တ)
မှန်ကန်သော အသက်မွေးမှု (သမ္မာအာဇီဝ)
မှန်ကန်သော အားထုတ်မှု (သမ္မာဝါယာမ)
မှန်ကန်သော အောက်မေ့မှု (သမ္မာသတိ)
မှန်ကန်သော တည်ကြည်မှု (သမ္မာသမာဓိ) တို့ဖြစ်သည်။”
          ဤသို့ဖြင့် မြတ်ဗုဒ္ဓသည် တရားဦးဟောတော်မူကာ အတုမရှိမြတ်လှသော ဓမ္မစက်ကို လည်စေတော်မူခဲ့သည် (အနုတ္တရံ ဓမ္မစက္ကံ)။
          မြတ်ဗုဒ္ဓသည် တပည့်သာဝကရဟန်း ခြောက်ဆယ်ပြည့်လာသောအခါ သြ၀ါဒစကားကို မိန့်ကြားတော်မူခဲ့သည်-
          လောကသားတို့အတွက် ကရုဏာတရားကိုဖြစ်စေလျက် များစွာသော သတ္တ၀ါတို့၏ ချမ်းသာခြင်း၊ အစီးအပွားအလို့ငှါ ခရီးထွက်ကြလော့၊ လှည့်လည်ကြလော့။ တစ်ကြောင်းတည်း ခရီးကို နှစ်ပါးမကြွကြကုန်လင့်။ အစ၊အလယ်၊အဆုံး သုံးပါးလုံးတွင် ကောင်းမြတ်သာလွန်ခြင်းရှိသော တရားဓမ္မကို ဟောကြားကြကုန်လော့။ သဒ္ဒါ၊အနက်နှင့်ပြည့်စုံသော အလုံးစုံပြည့်ဝစင်ကြယ်သော တရား ဓမ္မကို ဟောကြားကြကုန်လော့။ (၀ိနယ-၁၊ စာ-၁၀၊ သံယုတ္တနိကာယ်-၅၊ နှာ-၄၂၀)
         ဤသို့ဖြင့် မြတ်ဗုဒ္ဓသည် မြင့်မြတ်သော သာသနာပြုလုပ်ငန်းကို စတင်ခဲ့ပြီး ပရိနိဗ္ဗာန်စံဝင်သည့် တိုင်အောင် လုပ်ဆောင်တော်မူခဲ့သည်။ မြတ်ဗုဒ္ဓသည် တပည့်သာဝတို့နှင့်အတူ သတ္တ၀ါအားလုံးအား အနှိုင်းမဲ့သော ကရုဏာ၊ပညာ အရောင်ဝါတို့အောက်တွင် လွှမ်းခြုံတော်မူလျှက် အိန္ဒိယအလွှာစုံကြား လှမ်းကြွတော်မူခဲ့သည်။
     မြတ်ဗုဒ္ဓသည် တရားဓမ္မကို ဟောကြားတော်မူသောအခါ ဇာတ်စနစ်၊ လူမျိုး၊ အဆင့်အတန်း မခွဲခြားခဲ့ပေ။ ဆင်းရဲသား ဖုန်းတောင်းယာစကာ၊ နိမ့်ပါးအောက်ကျသူ၊ သားသေလင်ဆုံး ကုန်ရှုံးကြွေးတင်သူ၊ ပညာတတ်သူ၊မတတ်သူ၊ မင်းမျိုး၊ပုဏ္ဏားမျိုး၊ ဇာတ်နိမ့်၊ ဘုရင့်သားနှင့်သူဆင်းရဲ၊ သူတော်စင်နှင့်သူယုတ် စသဖြင့် တရားတော်ကိုနာယူသူ လူ့အလွှာအသီးသီးမှ ယောက်ျား၊ မိန်းမ တို့အား ငြိမ်းအေးစေသောလမ်းကို ညွှန်ပြပေးတော်မူခဲ့ပြီး သစ္စာတရားကို ထိုးထွင်းသိစေတော်မူခဲ့သည်။
       မြတ်ဗုဒ္ဓသည် အားလုံးသောသူများသည် မြင့်မြတ်သောဘ၀နှင့် ထိုက်တန်သည်ဟု သိမြင်တော် မူသည့်အတိုင်း လူမျိုးအသီးသီးမှ လူတန်းစားအလွှာစုံတို့ကို ရဟန်းဘောင်အတွင်း လွတ်လွတ်လပ်လပ် ၀င်ရောက်ခွင့်ပြုခဲ့သည်။ နောက်ဆုံးတွင် ယင်းတို့အထဲမှ အချို့သောသူများသည် သာသနာတွင်းဝယ် ကိုယ်စွမ်းကိုယ်စတို့ဖြင့် ထင်ပေါ်ခဲ့ကြသည်။ မြတ်ဗုဒ္ဓသည် အမျိုးဇာတ်နှင့် အလွှာအသီးသီး ကွဲပြားခြင်း တို့ကို အပြန်အလှန်လက်ခံ သဟဇာတဖြစ်စေရန် သင့်မြတ်စေဖို့ ကြိုးပမ်းအားထုတ်ရာနှင့် ကွဲပြားခြားနားမှုများကို ပယ်ရှားခဲ့သူများအကြားတွင် ယခုအချိန်အထိ တစ်ဦးတည်းသော မျက်မှောက်ဆရာတစ်ဆူ ဖြစ်တော်မူသည်။ မြတ်ဗုဒ္ဓသည် အိန္ဒိယတွင်ရှိသော အမျိုးသမီးများ၏ အဆင့်အတန်းကို မြှင့်တင်ပေးခဲ့သူလည်းဖြစ်သည်။ အမျိုးသမီးများအပေါ်တွင် စာနာထောက်ထား၊ ယဉ်ကျေးသိမ်မွေ့ခြင်း တို့ဖြင့် ဆက်ဆံတော်မူခဲ့ပြီး ငြိမ်းအေးခြင်း၊ ဖြူစင်ခြင်းနှင့် မွန်မြတ်သန့်စင်သည့် လမ်းကြောင်းများကိုလည်း ညွှန်ကြားပြသပေးတော်မူခဲ့သည်။
  မြတ်ဗုဒ္ဓသည့် မိမိဟောသည့် တရားတော်နှင့်အညီ ကျင့်သုံးသူဖြစ်သည်နှင့်အညီ သူ၏ပြုမူ ဆောင်ရွက်ချက်များအားလုံးကို ဗြဟ္မ၀ိဟာရ တရားများဖြစ်သော အနှိုင်းမဲ့ချစ်ခြင်း (မေတ္တာ)၊ သနားခြင်း (ကရုဏာ)၊ ၀မ်းမြောက်ခြင်း (မုဒိတာ)နှင့် အသင့်အားဖြင့်ရှုခြင်း (ဥပေက္ခာ)တို့ဖြင့် အမြဲတစေ ကျင့်သုံးတော်မူခဲ့သည်။
          မြတ်ဗုဒ္ဓသည် ငြင်းခုံခြင်း၊ ရန်ငြိုးထားခြင်း၊ ပဋိပက္ခဖြစ်ခြင်းတို့ကို မည်သည့်အခါမျှ အားမပေးခဲ့ပါ။ အခါတစ်ပါးတွင် မြတ်ဗုဒ္ဓသည့် တပည့်သာဝကတို့အား ဤသို့မိန့်ကြားတော်မူခဲ့သည်။ ´ရဟန်းတို့….၊ ငါသည် လောကနှင့်မငြင်းခုန်၊ လောကသည်သာ ငါနှင့်ငြင်းခုန်၏။ ဓမ္မကိုပြောတတ်သူသည် လောက၌ မည်သူနှင့်မျှ မငြင်းခုံပေ။´ (သံယုတ္တနိကာယ်-၃၊ ၁၃၈)
  “မြတ်ဗုဒ္ဓသည် စိတ်ဆိုးဒေါသထွက်သည့်အခါဟူ၍ တစ်ကြိမ်တစ်ခါမျှ မရှိခဲ့၊ မည်သည့် အခါမျှပင် ဒေါသနှင့်ယှဉ်သောစကားကို မိန့်မြွက်တော်မမူဘူးခဲ့”ဟု ရာဓာကရိရှနန် (Radhakrishnan) က ပြောခဲ့ဖူးသည်။ (ဓမ္မပဒ၊ နှာ-၁၂)
        မြတ်ဗုဒ္ဓသည် လေးဆယ့်ငါးဝါတိုင်တိုင် သာသနာပြုလုပ်ငန်းများကို အောင်မြင်စွာပြုလုပ်ပြီးနောက် သက်တော်ရှစ်ဆယ်အရွယ်ရောက်သောအခါ ကုသိနာရုံ(ဗာရဏသီ၏ အရှေ့မြောက်ဖက် မိုင်-၁၂၀- အကွာတွင်ရှိသည့် ယခုဥတ္တရာပရာဒေ့ရှ်ပြည်နယ်)တွင် နောက်ဆုံးသြ၀ါဒတော်ကို မိန့်ကြားတော် မူပြီးနောက် ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့သည်။
      “ပြုပြင်စီရင်အပ်သော တရားတို့သည် မမြဲသောသဘောရှိကုန်၏၊ မမေ့မလျော့သော သတိ တရားဖြင့် ကြိုးစားအားထုတ်ကြကုန်လော့။” (ဒီဃနိကာယ်၊ ပရိနိဗ္ဗာနသုတ်၊ ၁၆)
          မြင့်မြတ်သော သံဃာ့အဖွဲ့အစည်းသည် အပါးခြောက်ဆယ်မျှသော အရေအတွက်ဖြင့် သာသနာပြုလုပ်ငန်းကို စတင်ခဲ့စေကာမူ ထောင်သောင်းများစွာဖြစ်အောင် ချဲ့ထွင်နိုင်ခဲ့သည်။ သံဃာတော်အရေအတွက် တရိပ်ရိပ်တိုးပွား များပြား လာခြင်းကြောင့် နေထိုင်စရာကျောင်းများလည်း ပေါများလာခဲ့သည်။ နောက်ပိုင်းကာလများတွင် အဆိုပါကျောင်းများသည် နာလန္ဒာကဲ့သို့သော အိန္ဒိယတက္ကသိုလ်ကြီးများ ဖြစ်လာပြီး၊ ၀ိကရမသီလာ ကဲ့သို့သော ယဉ်ကျေးမှုအမွေနှစ်ဆိုင်ရာ ဗဟိုလ်ဌာနကြီးများ ဖြစ်လာခဲ့ကြသည်။ အာရှတိုက်ကြီး တစ်ခုလုံးကို တဖြည်းဖြည်းလွှမ်းခြုံသွားပြီး၊ ထိုမှတစ်ဆင့် လူသားတစ်ရပ်လုံး ၏ မြင့်မြတ်သည့်ဘ၀ကိုပါ ဖြစ်လာစေခဲ့သည်။
          ဗုဒ္ဓဘာသာသည် အတိုင်းတိုင်း အပြည်ပြည်သို့ ပြန့်နှံ့ရောက်ရှိခဲ့ပြီး ယနေ့ဗုဒ္ဓဘာသာဝင် ဦးရေမှာ သန်းရှစ်ရာကျော်ရှိသည်။ ယင်းမှာ ကမ္ဘာ့လူဦးရေ၏ ငါးပုံတစ်ပုံမကရှိသည်။[†] ယနေ့ခေတ်တွင် ဗုဒ္ဓဘာသာကို သီရိလင်္ကာ၊ မြန်မာ၊ ထိုင်း၊ ကမ္ဗောဒီယား၊ လာအို၊ ဗိယက်နမ်၊ နီပေါ၊ တိဘက်၊ တရုတ်၊ ဂျပန်၊ မွန်ဂိုလီးယား၊ ကိုးရီးယား၊ ထိုင်ဝမ်၊ အိန္ဒိယနိုင်ငံရှိ အချို့သောပြည်နယ်များ၊ ဘင်္ဂလားဒေ့ရှ်ရှိ စစ်တကောင်းပြည်နယ်၊ မလေးရှားနှင့် အင်ဒိုနီးရှားရှိ ပြည်နယ်အချို့တို့တွင် တွေ့နိုင်သည်။ အနောက်နိုင်ငံ များစွာတို့သည်လည်း သံဃာတော်အရှင်မြတ်တို့၏ အကူအညီကိုရယူကာ ဗုဒ္ဓဘာသာအဖြစ် အသိအမှတ်ပြုခံရအောင် ကျိုးစားလျက်ရှိသည်။
မေတ္တာဖြင့်-
               အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
                     Sunday, September 11, 2011
မှတ်ချက်။     ။ ဆရာတော် Thera Piyadassi-၏ “Buddhism A Living Message”စာအုပ်ပါ “The Buddha”ကို ဆီလျော်အောင်ပြန်ဆိုပါသည်။ (တစ်စုံတစ်ရာ ချွတ်ချော်၊လွဲမှားမှုရှိပါလျင် ဘာသာပြန်သူ၏ အားနည်းချက်သာ ဖြစ်ပါသည်။)


[*] PTS (Pali Text Society, London)-မူ ကျမ်းညွှန်းဖြစ်သည်။ ဤဆောင်းပါး(စာအုပ်)ရှိ ကျမ်းညွှန်းများအားလုံးသည် PTS-မူများသာဖြစ်သည်။ (ဘာသာပြန်သူ)
[†] ဤစာအုပ်ကို စတင်ပုံနှိပ်သည့် ခုနှစ်မှာ ၁၉၈၀-ဖြစ်သည်။  ယနေ့ ကမ္ဘာ့လူဦးရေသည် အဆမတန် တိုးပွားလာသကဲ့သို့ ဗုဒ္ဓဘာသာဦးရေမှာလည်း များပြားလာနိုင်ပါသည်။ (ဘာသာပြန်သူ)

0 comments:

Post a Comment