အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။
Thursday, September 1, 2011
သီရိလင်္ကာ တြိဂံယဉ်ကျေးမှုဇုန်
သီရိလင်္ကာ တြိဂံ ယဉ်ကျေးမှုဇုန်
          (သီဟိုဠ်ခေါ် သီရိလင်္ကာသည် အိန္ဒိသမုဒ္ဒရာ ပတ် လည်ဝိုင်းနေသော ကျွန်းနိုင်ငံ ငယ် လေးဖြစ်သည်။ အကျယ်ဝန်းဧရိယာ ၂၅၃၃၂- စတုရန်းမိုင်မျှသာရှိပြီး၊ အ လျား ၂၇၀-မိုင်နှင့် အနံ ၁၄၀-မိုင် ဖြစ်သည်။ လူဦးရေ သန်း နှစ်ဆယ်ကျော်ရှိပြီး စင်္ဟာလနှင့် တမီလ်ဟူသော လူမျိုးကြီး နှစ်မျိုး ရှိသည်။ စင်္ဟာလလူမျိုးမှာ ၇၀-ရာခိုင်နှုန်း၊ တမီလ်လူမျိုးမှာ ၂၀- ရာခိုင်နှုန်းနှင့် အခြားလူမျိုးအနည်းငယ်ရှိသည်။ ရုံးသုံးဘာသာစကားမှာ စင်္ဟာလနှင့် တမီလ်တို့ဖြစ်သည်။ ဘာသာရေးကိုင်းရှိုင်းသော ထေရ၀ါဒ ဗုဒ္ဓဘာသာနိုင်ငံဖြစ်ပြီး ဗုဒ္ဓဘာသာဝင်ဦးရေ ၇၃-ရာခိုင်နှုန်းကျော် ရှိသည်။ ဒီမိုကရက်တစ် ဆိုရှယ်လစ်သမ္မတစနစ်ကို ကျင့်သုံးသည်။ ၁၉၄၈-ခု၊ ဖေဖော်ဝါရီလ ၄-ရက်နေ့တွင် လွပ်လပ်ရေးရရှိခဲ့သည်။ မြို့ တော်မှာ သိရိ ဇယ၀ဒနပူရ (Sri Jayawardenapura-Kotte)ဖြစ်သည်။ စီးပွားရေးမြို့တော်မှာ ကိုလံဘိုဖြစ်သည်။ စာတတ်မြောသူဦးရေမှာ ၉၂- ရာခိုင်နှုန်းရှိသည်။ နိုင်ငံ၏ အဓိကထွက်ကုန်များမှာ ရော်ဘာ၊ အုန်း၊ လဖက်နှင့် ကျောက်မျက်ရတနာတို့ဖြစ်သည်။)   [*]   [†]
ကမ္ဘာပေါ်ရှိ လူမျိုးတိုင်း၊ နိုင်ငံတိုင်းသည် မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုများနှင့် ယဉ်ကျေးမှု အမွေ အနှစ်များကို ပိုင်ဆိုင်ထားကြသည်။ ထိုသို့ပိုင်ဆိုင်ခွင့် ရရှိခြင်းကပင် သက်ဆိုင်ရာလူမျိုးးများကို ဂုဏ်တက် စေပါသည်။ ကမ္ဘာ့အလည်မှာ ပွဲလယ်တင့်စေပါသည်။
'ယဉ်ကျေးမှု'ဟူသောဝေါဟာရတွင် အစဉ်အလာ ဓလေ့ထုံးစံများနှင့် ရှေးဟောင်း အဆောက်အအုံ များအားလုံး ပါဝင်ပါသည်။ တစ်နည်းအားဖြင့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အမွေအနှစ်များ အားလုံးကို ယဉ်ကျေးမှုဆိုင်ရာနယ်ပယ်တွင် အကျုံးဝင်စေသင့်ပါသည်။ ရှေးခေတ်အခါက နိုင်ငံရေး၊ လူမှု ရေးနှင့် ဘာသာရေးဆိုင်ရာတို့တွင် အသုံးပြုခဲ့သော စေတီပုထိုးများ၊ အဆောက်အအုံ စသည်များမှာ မျိုး ဆက်သစ်တို့အတွက် ဂုဏ်ယူအောက်မေ့ဖွယ်ရာ လေးနက်သောအမွေအနှစ်များဖြစ်သည်။
          သီဟိုဠ်ကျွန်းသည် နိုင်ငံငယ်လေးမျှဖြစ်စေကာမူ ယဉ်ကျေးမှုအမွေအနှစ်များ ပေါကြွယ်လှသည်။ သီဟိုဠ်ကျွန်း၏ သုံးပွင့်ဆိုင်ယဉ်ကျေးမှု (Cultural Triangle) ဒေသသည် နိုင်ငံ၏အလယ်ပိုင်းတွင် တည်ရှိ ပါသည်။ ၁၉၇၈-ခုနှစ်မှစတင်ကာ ကမ္ဘာ့ယဉ်ကျေးမှုအမွေနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ယူနက်စ ကို (UNSCO)မှ (က)အနုရာဓပူရ (Anuradhapura)၊ (ခ)ပေါလောနရုဝ (Polonnawa)နှင့် (ဂ) ကန္ဒီ (Kandy)တို့တွင် ထင်ရှားခဲ့သော အဓိကနေရာကြီးခြောက်ခု (ယခုနောက်ပိုင်း ဖော်ပြချက်များအရ ၇-ခု) တို့ကို ကမ္ဘာ့သမိုင်းဝင် အမွေအနှစ်များအဖြစ် ထိန်းသိမ်းစောင့်ရှောက်ထားပါသည်။ ယင်းဒေသများရှိ အချို့ သော သမိုင်းဝင်အဆောက်အအုံများသည် နှစ်ပေါင်းထောင်ကျော်နေပြီဖြစ်သည်။ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများနှင့် ကမ္ဘာလှည့်ခရီးသည်များ အဓိကထားလည်ပတ်လျက်ရှိသော နေရာများလည်းဖြစ်သည်။ အဆိုပါ ဌာနကြီး(၃)ခုတွင်ပါဝင်သော ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ ရှေးဟောင်းဒေသများအကြောင်းကို ဗဟုသုတဖြစ်ဖွယ် ရေးသားတင်ပြသွားပါမည်။ ယခု တင်ပြမည့် သမိုင်းအချက်အလက်များနှင့်ပတ်သက်၍ သမိုင်းမှတ်တမ်းမူကွဲများစွာရှိပါသည်။ စာရေးသူအနေဖြင့် သမိုင်းဆိုင်ရာအယူအဆကွဲပြားမှုများကို မတင်ပြ တော့ဘဲ လက်လှမ်းမီသမျှ အချက်အလက်များကိုသာ တင်ပြသွားပါမည်။
(၁) အနုရာဓပူရရှေးဟောင်းမြို့တော်
          အနုရာဓပူရသည် သီရိလင်္ကာနိုင်ငံ၏ ရှေးဟောင်းမြို့တ်ာများတွင် တစ်ခုအပါအ၀င်ဖြစ်သည်။ ထိုရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက် ထားသောကြောင့် လည်း ထင်ရှားလှပါသည်။ ယခုအခါတွင် ကမ္ဘာ့ယဉ်ကျေးမှုအမွေနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ယူနက်စကို(UNSCO)၏ စောင့်ရှောက်မှုအောက်တွင် တည်ရှိပြီး မြို့တော်ကိုလံဘို၏ မြောက်ဘက် ၂၀၅- ကီလိုမီတာအကွာ မြောက်ပိုင်းနယ်၏ အလယ်ဗဟို သမိုင်းဝင် မယ်ဝထုအောယမြစ် (Malvathu Oya)  ကမ်းရိုးတန်းပေါ်တွင် တည်ရှိပါသည်။
          ဘီစီ ၄-ရာစုမှစတင်ပြီး အေဒီ ၁၁-ရာစုအစောပိုင်းကာလအထိ နှစ်ပေါင်း ၁၃၀၀-ရာခန့် သီရိလင်္ကာ နိုင်ငံ၏ မြို့တော်အဖြစ် တည်ရှိခဲ့သည်။ ယင်းခေတ်အတွင်း တောင်အာရှတွင် အချုပ်အခြာအာဏာနှင့် မြို့ပြ လူနေမှုဘ၀ တည်ငြိမ်ခိုင်မာမှုအရှိဆုံးသော ဗဟိုအချက်အချာမြို့တော်လေးအဖြစ် ရပ်တည်နိုင်ခဲ့ပါသည်။ ယခုအခါတွင် ဗုဒ္ဓဘာသာတို့၏ အလေးမြတ်ပြုရာဖြစ်သော ဤရှေးဟောင်းမြို့တော်သည် ဘုန်းတော်ကြီး ကျောင်းဟောင်းများ ၀န်းရံလျက်ရှိပြီး ဧရိယာစတုရန်း ၁၆-မိုင်ခန့် (ကီလိုမီတာ-၄၀-ခန့်) ကျယ်ဝန်းပါသည်။ ယခုအခါတွင် အဆိုပါ ရှေးဟောင်းကျောင်းနေရာများ၏ ခိုင်မာသောအထောက်အထားများအဖြစ် အုတ်ရိုး များနှင့် အခြားအမှတ်အသားများကို အထင်အရှားတွေ့မြင်နိုင်ပါသည်။ အနုရာဓမြို့တော်တွင် အသောက မင်းကြီး၏သမီးတော် သင်္ဃမိတ္တာထေရီသယ်ဆောင်ခဲ့သော ဗောဓိပင်အစစ် (ဒက္ခိဏသာခါ)၊ မဟာစေတီ နှင့် အခြားသော ရှေးဟောင်းစေတီပုထိုးစသော သမိုင်းဝင်အဆောက်အအုံတို့ဖြင့် ပြည့်နှက်လျက်ရှိပါသည်။  ထို အဆောက်အအုံများအနက် ထင်ရှားသောရှေးဟောင်းနေရာအချို့အကြောင်းကို ရှာဖွေတင်ပြပါမည်။
(၂) အဘယဂိရိဝိဟာရ (Abhayagiri Monastery)
  အဘယဂိရိဝိဟာရသည် ဘုန်းတော်ကြီးကျောင်းများနှင့် ဘာသာရေးဆိုင်ရာ အဆောက်အအုံ များဖြစ်ရုံမျှမက တိုင်းသူပြည်သားများကို အဓိကပညာဖြန့်ဝေရာ နေရာဌာနကြီးနှင့် ရဟန်းတော်များ ပညာ လက်ဆင့်ကမ်းရာ ဗဟိုအချက်အချာနေရာလည်း ဖြစ်ခဲ့သည်။ အနုရာဓပူရမြို့တော်၏ မြောက်ဘက်တွင် တည်ရှိသောကြောင့် 'မြောက်ပိုင်းကျောင်း (သို့) ဥတ္တရ၀ိဟာရ'ဟုလည်း ခေါ်ပါသည်။ ဘီစီ ၂-ရာစုတွင် တည်ထောင်ခဲ့ပြီး အေဒီ ၁-ရာစုတွင် ကမ္ဘာသိထင်ရှားခဲ့သည်။ လမ်းဟောင်းကို စွန့်ခွာလျက် ဆန်းသစ်သော နည်းစနစ်တို့ဖြင့် ဗုဒ္ဓဘာသာအယူအဆများကို သင်ကြားပေးပြီး ပညာရေးဆိုင်ရာ ဆွေးနွေးပွဲများနှင့် အပြန် အလှန်ငြင်းခုံမှုများကို အထူးပြုလုပ်ပေးသောနေရာလည်း ဖြစ်ခဲ့သည်။
          ထိုအချိန်တွင် အဘယဂိရိဝိဟာရသည် ယခင်က ရှိနှင့်ပြီးသော ရှေးရိုးစွဲ မဟာဝိဟာရနှင့် ဘာသာ ရေးဆိုင်ရာအယူအဆ ကျင့်သုံးမှုပိုင်းဆိုင်ရာတို့တွင် သိသိသာသာ မကွဲပြားခဲ့သော်လည်း အဘယဂိရိသို့ ဓမ္မရုစိအမည်ရသော ရဟန်းတော်ရောက်ပြီးနောက်ပိုင်း ဘီစီ ၇၇-ရာစုတွင်မူ လုံးဝကွဲပြားသွားတော့သည်။
          တရရတ်ရဟန်းတော်ဖာရှီယန် (Fahsien) ရောက်ရှိချိန် အေဒီ ၅-ရာစုတွင် ဗုဒ္ဓစာပေ လေ့လာ သင်ကြားမှုတွင် ထိပ်တန်းရောက်ပြီးဖြစ်ကြောင်း တွေ့ရှိရသည်။ ထို့နောက် နှစ်ပေါင်းရှစ်ရာခန့် တောတောင် အတွင်း ပျောက်ကွယ်နေခဲ့ပြီး ၂၀-ရာစုအစောပိုင်းကာလတွင် ရှေးဟောင်းသုတေသနဌာနမှ ပြန်လည် ရှာဖွေတွေ့ရှိခဲ့သည်။ အဘယဂိရိဝိဟာရသည် ခန့်မှန်းခြေအားဖြင့် ဟက်တာ ၂၀၀-ခန့်ကျယ်ဝန်းပြီး ဘုန်း တော်ကြီးကျောင်းတွင် ရှိသင့်ရှိထိုက်သော စေတီ၊ တန်ဆောင်း၊ ဗောဓိပင်၊ ဇရပ်နှင့် ဆွမ်းစားကျောင်း စသည်တို့ အပြည့်အစုံရှိသည်။
          ဂဇဗာဟု-၁ (Gajabahu-I)၊ ကနိဋ္ဌတိဿ (Kanitthatissa, ၁၆၄-၁၉၂ AC)၊ သေန-၃ (Sena-III, ၉၃၈-၉၄၆ AC)နှင့် ပရက္ကမဗာဟု-၁ (Parakramabahu-I, ၁၁၅၃-၁၁၈၆ AC) လက်ထက်တို့တွင် အဘယ ဂိရိဝိဟာရကို  အကြီးအကျယ်ထောက်ပံ့ခဲ့သည်။ အေဒီ ၅-ရာစုခန့်က အဘယဂိရိဝိဟာရတွင် ဗုဒ္ဓ မြတ်စွယ် တော်ကို ပင့်ဆောင်ခဲ့သေးကြောင်းကိုလည်း သိရသည်။ 
စိတ်ဝင်စားဖွယ်ကောင်းသော ရှေးသုံးအယူအဆတစ်ခုအဖြစ် ဘာသာရေးဆိုင်ရာ အဆောက်အအုံ များ၏ လှေကားခုံရှေ့တွင် စက်ဝိုင်းခြမ်းတစ်ခုဖြစ်သော လကျောက်ပြား (Moon Stone)ကို တွေ့ရလေ့ ရှိသည်။ ကျောက်ပြားပေါ်တွင် အရုပ်များထွင်းထုထားပြီး ပညာရှင်များက အမျိုးမျိုး အဓိပ္ပာယ်ဖွင့် ဆိုကြပါ သည်။ သိရီမဟာဗောဓိပင် ၀င်ပေါက်တွင်လည်း အထင်အရှားတွေ့နိုင်ပါသည်။
(၃) ဇေတ၀န်ကျောင်းတော် (Jetavana Monastery)
          ဇေတ၀န်ကျောင်းတော်ကို မဟာသေနမင်း (၂၇၆-၃၀၃ AC)က တည်ထောင်ခဲ့သည်။ ကျောင်းဝင်း အလယ်ဗဟိုတည့်တည့် ၈-ဧကကျယ်ဝန်းသော လေးထောင့်ရင်ပြင်ပေါ်ဝယ် ကြီးမားလှသော စေတီတော် ကြီးတစ်ဆူ တည်ရှိသည်။ ကနဦးတည်စဉ်ကပင် မီတာ ၁၂၀-ကျော်ကျော်ရှိ၍ အုတ်နှင့်ပြုလုပ်သော ကမ္ဘာ့ သမိုင်းဝင် အဆောက်အအုံများတွင် စေတီတော်အနေဖြင့် အကြီးဆုံးနှင့် အမြင့်မားဆုံးဖြစ်သည်။  အေဒီ ၄- ရာစု ရောမအင်ပါယာကျဆုံးချိန်တွင် တတိယမြောက်အမြင့်ဆုံး ကမ္ဘာ့သမိုင်းဝင်အထိမ်းအမှတ် အဆောက် အအုံဖြစ်ပါသည်။ အခြားအဆောက်အအုံများမှာ Gizeh-နှင့် Egypt-တွင်ရှိသော ပိရမစ် (Pyramids)များ ဖြစ်သည်။
          နှစ်ပေါင်း ၁၆၀၀-ကျော်ခန့် သဘာဝဘေးအန္တရာယ်ကို ကြံ့ကြံ့ခံရပ်တည်ခဲ့ပြီး ရှေး သီဟိုဠ်ဗိသုကာ ပညာရှင်တို့၏ ကျွမ်းကျင်မှုကိုပြသသော ခိုင်မာသည့် ပြယုဂ်တစ်ခုလည်းဖြစ်သည်။ အပျက်အစီးများအဖြစ် လက်ရှိမြင်တွေ့နေရသော ကျောင်းဝင်းနေရာသည် ကျောင်းတော်ကြီးကို တည်ထောင်စဉ်ကစ၍ အနည်း ဆုံးနှစ်ပေါင်း ၆၀၀-ရာအတွင်း တဖြည်းဖြည်းနှင့် ချဲ့ထွင်လာခဲ့ခြင်းဖြစ်သည်။ ယခုအခါ ကျောင်းဝင်း အကျယ်မှာ ဟက်တာ ၈၀-ခန့်ရှိသည်။ မဟာသေနမင်းသည် မဟာဝိဟာရကျောင်းတိုက်ကို သဘောမကျ သောကြောင့် ဖျက်ဆီးစေပြီး အဘယဂိရိကျောင်းတိုက်တွင် ဇေတ၀န်ကျောင်းတော်ရာအဖြစ် ပြန်လည် ဆောက်လုပ်စေခဲ့သည်။ မဟာဝံသကျမ်းများအဆိုအရ သူငယ်ချင်းဖြစ်သူ အရှင်တိဿ ကျေနပ်စေရန် အလို့ငှါ မဟာဝိဟာရနယ်နိမိတ်ဖြစ်သော ဇောတိဥယျာဉ်အတွင်း ဇေတ၀န်ကျောင်းတော်ကို တည်ဆောက် ခဲ့သည်။
          ဇေတ၀န်ကျောင်းတော်ရာနေရာကို အစောပိုင်းကာလတွင် နန္ဒ၀န်တောအုပ်ဟုခေါ်ဝေါ်ခဲ့ပြီး ဘီစီ ၃- ရာစုတွင် အသောကမင်းကြီး၏သားတော် မဟိန္ဒမထေရ် ရောက်ရှိလာပြီး မြတ်ဗုဒ္ဓ၏တရားတော်ကို ၇- ရက် တိုင်တိုင် ဤတောအုပ်တွင် ဟောကြားခဲ့သည်။ ထိုလေးနက်လှသော အကြောင်းဖြစ်ပေါ်ပြီးနောက် ဤ တောအုပ်ကို 'ဇောတိဝန'ဟု အမည်တွင်စေခဲ့သည်။ ''သစ္စာတရားကို ထွန်းလင်းစေခဲ့သော သူတော်စင်၏ နေရာ''ဟု အဓိပ္ပါယ်ရသည်။ သမိုင်းဆရာများက မဟိန္ဒမထေရ်ကိုပင် 'လင်္ကာကျွန်း၏မီးရှူးတန်ဆောင် (Dipajotaka)'အဖြစ် တင်စားကြသည်။ မဟိန္ဒမထေရ်အပါဝင် သူ၏အဆက်အနွယ် အခြားသော ရဟန်းတော်များကို မြုပ်နှံခဲ့သောနေရာအဖြစ်လည်း ပြောဆိုကြပါသေးသည်။ မည်သို့ဆိုစေ မဟိန္ဒ မထေရ်ကို မည်သည့်နေရာတွင် မြုပ်နှံခဲ့သည်ကို မဟာဝံသကျမ်းများက အတိအကျ မညွှန်ပြနိုင်ခဲ့ချေ။ သို့ရာတွင် ပို၍ရှေးကျသော ဒီပ၀ံသကျမ်းတွင် ဖော်ပြထားသောအချက်များနှင့် ရှေးဟောင်း သုတေသန ဆိုင်ရာ ရှာဖွေတွေ့ရှိချက်များအရ မဟိန္ဒမထေရ်ကို  မြုပ်နှံခဲ့သည့်နေရာကို အတည်ပြုနိုင်ခဲ့သည်ဟု ဆိုပါ သည်။ မဟိန္ဒမထေရ်၏ ပြာနှင့်မီးသွေးဟု ယူဆရသည်များကို တွေ့ရှိရသည်ဟုလည်း ဆိုပါသည်။
          ကျောင်းတော်အရွယ်အစားမှာ သေးငယ်သော်လည်း အဘယဂိရိနှင့် ပုံစံတူပင်ဖြစ်သည်။ ဆွမ်းစား ကျောင်းတော်အောက်ခြေကို တိုင်းထွာကြည့်ရာတွင် ရဟန်းတော်ပေါင်း ၃၀၀၀-ခန့် သီတင်းသုံးခဲ့ကြောင်း ခန့်မှန်းရသည်ဟု ဆိုပါသည်။ ကျောင်းဝိုင်းနေရာသည် ၄၈-ဟက်တာ (၁၁၈-ဧက)ခန့် ကျယ်ဝန်းပါသည်။ နေရာအတော်များများတွင် မည့်သည့်အဆောက်အအုံများဖြစ်သည်ကို အတည်ပြုနိုင်သော်လည်း ယခု အချိန်ထိ အတည်မပြုနိုင်သေးသော အဆောက်အအုံနေရာဟောင်းများလည်း များစွာကျန်ရှိနေပါသည်။ ယခုမြင်တွေ့ရသော အဆောက်အအုံအပျက်အစီးများမှာမူ အေဒီ ၉-ရာစုနှင့် ၁၀-ရာစုအတွင်းက ဖြစ် ပါသည်။ အခြားအထောက်အထားများကို ဇေတ၀န၀ိဟာရပြတိုက်တွင် လေ့လာနိုင်ပါသည်။
(၄) အနုရာဓပူရရှိ အခြားအထိမ်းမှတ်အဆောက်အအုံများ
          ဖော်ပြလတံ့သော အဆောက်အအုံများသည် သုံးပွင့်ဆိုင်ယဉ်ကျေးမှုဇုန်စီမံကိန်းတွင် မပါဝင်သော် လည်း အရေးကြီးသော သမိုင်းဝင်အဆောက်အအုံများ ဖြစ်သည်။ သမိုင်းမတင်မီ ကာလများ၏ အမှတ် အသားများလည်း တွေ့ရှိထားကြောင်း သုတေသနစာတမ်းများအရ သိရပါသည်။
          ပထမဆုံးလေ့လာသင့်သည့်နေရာမှာ ပထမ၀ိဇယဗာဟုမင်း (အေဒီ-၁၁) ခဏတာစံမြန်းသော နန်း တော်နေရာဟောင်းဖြစ်သည်။ ဒုတိယလေ့လာရမည့်နေရာမှာ မဟာပလိဆွမ်းစားကျောင်း (အေဒီ-၁၁) ဖြစ် ပါသည်။ ဤဆွမ်းစားကျောင်းနှင့်ကပ်လျက် အခြားအဆောက်အအုံမှာ ဗုဒ္ဓမြတ်စွယ်တော်ကိန်းဝပ်ခဲ့ရာ ဓာတ်တော်တိုက်ဟောင်းနေရာ (အေဒီ-၅) ဖြစ်သည်။ နောက်တစ်ခုမှာ မဟာဝိဟာရဧရိယာဖြစ်သည်။ မဟာမေဃ၀န်ဥယျာဉ်အဖြစ် ထင်ရှားသည်။ နောက်ပိုင်းတွင် မဟိန္ဒမထေရ်အမှူးရှိသော ရဟန်းတော်များ ကို ဒေ၀ါနံပိယတိဿမင်း လှူဒါန်းခဲ့သောနေရာလည်း ဖြစ်သည်။
          သိရီမဟာဗောဓိပင် (ဘီစီ-၃)သည် အနုရာဓပူရရှိ အထွက်အမြတ်ထားရာရှစ်ခုတွင် ပထမဆုံး နေရာဖြစ်သည်။ ဒေ၀ါနံပိယတိဿမင်း၏ နန်းတော်ဝင်ပေါက်အနီး မဟာမေဃ၀န်ဥယျာဉ်တော်အတွင်း မဟိန္ဒမထေရ်၏ ညွှန်ကြားချက်ဖြင့် စိုက်ပျိုးခဲ့သည်။ သင်္ဃမိတ္တာထေရ်ရီမ ပင့်ဆောင်ခဲ့သော အိန္ဒိယနိုင်ငံ ဘုရားပွင့်တော်မူရာ မူရင်းဗောဓိပင်၏ တောင်ဘက်ကိုင်းဖြစ်သည်။ တရုတ်ရဟန်းတော် ဖာရှီယန် ရောက်ခဲ့သော အေဒီ ၅-ရာစုတွင် ဗောဓိပင်သည် အရှေ့တောင်အရပ်ကို ကိုင်းညွှတ်နေခဲ့သည်။ ပြိုလဲမည် ကို စိုးရိမ်သောမင်းကြီးသည် ကျားထောက်များဖြင့် ထောက်ကန်စေခဲ့သည်။ ယခုအချိန်ထိ ဒေါက်တိုင်များ ထောက်ထားသည်ကိုလည်း တွေ့မြင်ရပါသည်။ သိရီမဟာဗောဓိပင်၏ မြောက်ဘက်တွင် 'လောဟပါသာဒ' ခေါ် ကြေးဝါဖြင့်တည်ဆောက်ခဲ့သော နန်းတော်နေရာဟောင်းတစ်ခုလည်း ရှိသည်။ ထိုနောက် ဒုဋ္ဌဂါမဏိ မင်းကြီး (ဘီစီ-၂) တည်ထားခဲ့သော မဟာထူပါဟုထင်ရှားသော ရတနမာလိစေတီတော် (Ratnamali Stupa)ကို ဖူးတွေ့ရမည်ဖြစ်သည်။
          ထို့နောက် ဒေ၀ါနံပိယတိဿမင်း တည်ဆောက်ခဲ့သော ထူပါရုံစေတီ (Thuparama Stupa) အ ပါဝင် တိဿမင်းနှင့် မဟိန္ဒမထေရ်တို့ စတင်တွေ့ဆုံရာ မဟိန္တလေတောင်(Mahintale)နှင့် အခြား စေတီ တော်၊ ဆင်းတုတော်နှင့် အဆောက်အအုံမြောက်များစွာလည်း ရှိပါသေးသည်။
(၅) ပေါလောနရုဝ (Polonnaruva)
          ပေါလောနရုဝသည် အေဒီ ၁၁-ရာစုမှ အေဒီ ၁၃-ရာစု အစောပိုင်းအထိ အလယ်ခေတ်မြို့တော် ဖြစ်ခဲ့သည်။ ရှေးဟောင်းသုတေသန အထောက်အထားများအရ ဘီစီ ၂-ရာစုထက် နောက်မကျသော ကာလများကတည်းက ဤနေရာတွင် လူများအခြေချနေထိုင်ခဲ့ကြောင်း သိရပါသည်။ အစောပိုင်း ကာလများတွင် အိန္ဒိယတောင်ပိုင်းသား စောဠ(Colas)များ ကျူးကျော်ဝင်ရောက်လာခဲ့ပြီး စောဠဘုရင်ခံ ရာဂျရာဂျ (Rajaraja)သည် အနုရာဓပူရကို သိမ်းပိုက်ခဲ့သည်။ ထို့နောက် စောဠတို့သည် ပေါလောနရုဝတွင် ဘုရင်ခံဖြင့် အုပ်ချုပ်ခဲ့ပြီး မြို့တော်ကိုလည်း ဇနနာထ မန်ဂလန် (Janantha Mangalam)ဟု နာမည်သစ် တပ်ခဲ့သည်။ နှစ်ပေါင်းရှစ်ဆယ်နီးပါး အုပ်ချုပ်ခဲ့ပြီး ဟိန္ဒူယဉ်ကျေးမှုများလည်း ပြန့်ပွားခဲ့သည်။ အထောက် အထားအဖြစ် ဟိန္ဒယဉ်ကျေးမှုဆိုင်ရာ အသုံးအဆောင်များ၊ အဆောက်အအုံပျက်များကို ယခုအချိန်ထိ တွေ့မြင်နိုင်သည်။
          ပထမ၀ိဇယဗာဟုမင်း (၁၀၅၅-၁၁၁၀ AD)သည် ဆင်ဟာလနိုင်ငံတော်ကို ပြန်လည်တည်ထောင်ခဲ့ သည်။ အမှန်အားဖြင့် ဤမင်းသည် ပေါလောနရုဝကို မြို့တော်အဖြစ် ပထမဆုံး တည်ထောင်ခဲ့ သူဖြစ်သည်။ ဆင်ဟာလယဉ်ကျေးမှုနှင့် ဗုဒ္ဓဘာသာကို ပြန်လည်အသက်သွင်းခဲ့သောမင်းဖြစ်ပြီး မြန်မာနိုင်ငံမှ ရဟန်းတော်များကို ပင့်ဆောင်ပြီး ဗုဒ္ဓဘာသာကို မြှင့်တင်ပေးခဲ့သော မင်းတစ်ပါး လည်းဖြစ်သည်။ စွယ်တော်နှင့်သပိတ်တော်များထားရန် အဆောက်အအုံများကိုလည်း လှူဒါန်းခဲ့သည်။ ၀ိဇယဗာဟုမင်းနောက်ပိုင်း နှစ်ပေါင်းလေးဆယ်ကျော် မငြိမ်မသက်ဖြစ်ခဲ့ပြီးနောက် ပထမပရက္ကမဗာဟုမင်း (Parakramabahu-I, ၁၁၅၃-၁၁၄၆)သည် ဆင်ဟာလမင်းဆက်ကို ပြန်လည်တည်ထောင်ခဲ့သည်။ မဟာ ဆည်ကြီးကို တည်ဆောက်ခဲ့ပြီး စိုက်ပျိုးရေးကို အစွမ်းကုန်မြှင့်တင်ပေးခဲ့သည်။ အလဟနစာသင်တိုက် (Alahana Parivena)ကဲ့သို့သော စာပေသင်ကြားရာဌာနများစွာကို စတင်သတ်မှတ်ပေးခဲ့သူလည်း ဖြစ် သည်။
          ပေါလောနရုဝမြို့တော်သည် ဟက်တာပေါင်း ၁၂၂-ကျယ်ဝန်းသည်။ သမိုင်းအားဖြင့် အနုရာဓပူရ လောက် မကြီးကျယ်သော်လည်း တိဝင်္ကဂန္ဓကုဋိတိုက် (Tivamka Image Hose)နှင့် တိဝင်္ကရုပ်တု၊ ဂယ်ကျောင်းတော် (Galvihara)အတွင်းရှိ ကျောက်ဆစ်ရုပ်တုများ၊ အလွန်ကြီးမားသော စေတီတော်များမှာ မျက်ကွယ်ပြုမရသော သမိုင်းအထောက်အထားများဖြစ်ပါသည်။ ပရက္ကမဗာဟုမင်းနောက် ဆက်ခံသူ နိဿင်္ကမလ္လာမင်း (Nissankamlla, ၁၁၈၇-၁၁၉၆ AD)သည် ရှေ့ကပြုလုပ်ခဲ့သော စေတီ၊ တန်ဆောင်း၊ ဇရပ်ကျောင်းအပါအ၀င် ဆေးရုံ၊ စာသင်ကျောင်းများကို ဆက်လက်ဆောက်လုပ်ခဲ့သည်။ ဤ မင်းဆက် နှစ်ဆက် အုပ်စိုးသောခေတ်ကို ပေါလောနရုဝကောင်စားချိန်ဟု တင်စားကြသည်။
          ပရက္ကမဗာဟုမင်း-၂ (Parakramabahu-II, ၁၂၃၆-၁၂၇၀)နှင့်          ပရက္ကမဗာဟုမင်း-၆ (Parakramabahu-VI, ၁၄၁၂-၁၄၆၇) တို့လက်ထက်တွင် ပေါလောနရုဝကို ပြန်လည်ပြုပြင်မှုများ လုပ်ခဲ့ သော်လည်း လောကဓမ္မတာအရ အချိန်ကြာညောင်းလာသည်နှင့်အမျှ တောတောင်တို့၏ ၀ါးမျိုခြင်းကို ခံခဲ့ရသည်။ နှစ်ပေါင်း ၇၀၀-ကျော် တောတောင်ထဲပျောက်ကွယ်နေခဲ့ပြီးနောက် ၁၉-ရာစု အစောပိုင်း ကာလများတွင် ပြန်လည်တွေ့ရှိခဲ့သည်။ ပရက္ကမဗာဟုမင်း၏ နန်းတော်ဟောင်း၊ စက်ဝိုင်းပုံဓာတ်တော်တိုက် (Vatadage)၊ ကျောက်သားအတိ ကျောင်းတော်စသည်တို့ကဲ့သို့သော လေ့လာမှတ်သားစရာ သမိုင်းဝင် အထောက်အထား မြောက်များစွာတို့ကိုလည်း ယနေ့တိုင် တွေ့ရှိနိုင်ပါသေးသည်။
(၆) စိဂီရိယမြို့တော် (Sigiriya)
          စိဂီရိယ (သို့) ကျောက်ခြင်္သေ့တောင် (Lion’s Rock)သည် ရှေးဟောင်းကျောက်ခံတပ်နှင့် နန်းတော် ဟောင်းဖြစ်ပြီး မာတလေ့ (Matale)ခရိုင်၏ အလယ်ဗဟိုတွင် တည်ရှိပါသည်။ ကျယ်ပြန့်ကြီးမားသော ဥယျာဉ်များ၊ ရေလှောင်ကန်များနှင့် အခြားအဆောက်အအုံများဖြင့် ၀န်းရံလျက်ရှိသည်။ ကျောက်နံရံများ ပေါ်တွင် ရေးဆွဲထားသော အေဒီ ၅-ရာစု ရှေးဟောင်းနံရံဆေးရေးပန်းချီ (Fresco)များကြောင့်လည်း ကမ္ဘာ့လှည့်ခရီးသည်များကြားတွင် ထင်ရှားသည်။ ယင်းပန်းချီများသည် အိန္ဒိယနိုင်ငံ အဂျန္တာဂူ(Ajanta Caves) များတွင်ရှိသော ပန်းချီများနှင့် ဆင်တူသည်။ ဘီစီ ၃-ရာစုမှ အေဒီ ၁-ရာစုအတွင်းမှာပင် ကျောက် တောင်အောက်ခြေပိုင်းတွင် လိုဏ်ဂူများတူးကာ ရဟန်းတော်များ တရားအားထုတ်ပြီး နေထိုင်ခဲ့ကြောင်း အ ထောက်ထားများအရ သိရသည်။
          အပေါ်သို့တက်ရာတွင် လက်ရန်းသံပန်းများပါသော လှေကားကို နံရံကပ်ပြုလုပ်ထားပြီး ဒုတိယ အဆင့်ကို ရောက်သောအခါတွင်မူ ခံ့ညားထည်ဝါသော ကျောက်လှေကားထစ် လှေကားအုံကြီးကို  ခြင်္သေ့ အလက်နှစ်ခုကြားကနေ ပြုလုပ်ထားသည်ကို အံ့သြဖွယ်ရာ တွေ့မြင်ရသည်။ မူရင်းမှာ ခြင်္သေ့ကြီး လဲလျောင်းနေသည့် သဏ္ဌာန်ဖြစ်သည်။ လက်နှစ်ခုကြား လှေကားတွင် ရှေးအခါက တံခါးတစ်ခုရှိခဲ့ပြီး လှေ ကားရှိ အခြားသောဖွဲ့စည်းပုံတို့မှာ သစ်သားများဖြင့် တည်ဆောက်ခဲ့ပုံရသည်။ အဆိုပါတောင်သည် လွင်ပြင် တွင် ထီးထီးမားကြီးတည်ရှိနေသော တောင်တစ်လုံးဖြစ်ပြီး အရပ်လေးမျက်နှာမှ ထင်ရှားစွာ တွေ့မြင်နိုင် ပါသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၁၂၁၄-ပေမြင့်သည်။ တောင်ထိပ်အကျယ်မှာ ၁.၂-ဟက်တာ ကျော်ခန့်ရှိသည်။ မတ်စောက်လွန်းသောကြောင့် ရင်တလှိုက်လှိုက် အသဲတဖိုဖိုနှင့် တက်ရသော တောင် လည်း ဖြစ်ပါသည်။ စိဂီရိယမြို့တော်ကို ကဿပဘုရင်-၁ (Kasyapa-I) လက်ထက် ( ၄၇၇-၄၉၅ AD)တွင် တည်ဆောက်ခဲ့ပါသည်။ စိဂီရိယတောင်တွင် သမိုင်းမတင်မီ ရှေးကာလကတည်းကပင် လူများနေထိုင်ခဲ့ကြ သည်ဟု ယူဆရပြီး ဘီစီ ၅-ရာစုခန့်တွင် ဒေသခံများက ကျောက်လိုဏ်ဂူများပြုလုပ်ကာ ဗုဒ္ဓဘာသာ ရဟန်းတော်များကို လှူဒါန်းခဲ့ကြသည်ဟု သိရပါသည်။
          ပဿပဘုရင်-၁ လက်ထက်တွင် တက်ရောက်ဖို့ရန် အတော်ပင်ခဲယဉ်းလှသော စိဂီရိယ တောင်ထိပ်တွင် နန်းတော်ကြီးကို တည်ဆောက်ခဲ့သည်။ အဆိုပါနေရာသည် ညီတော်မောဂ္ဂလာန် (Mogllana)၏ ဆန့်ကျင်တိုက်ခိုက်မှုဘေးရန်မှ တိမ်းရှောင်ရန်အလို့ငှါ အဓိကအားဖြင့် ဘုရင်၏ နောက်ဆုံး ခံတပ်အနေနှင့် အသုံးပြုခဲ့သောနေရာလည်း ဖြစ်သည်။ ယခုအချိန်အထိ ထင်ရှားသော အထောက်အထား များကို တွေ့မြင်ရသည်။ ကောင်းကင်ခံတပ်ဟုလည်း တင်စားကြသည်။ ကဿပဘုရင်၏ နန်းတော်နှင့် ခံတပ်ဖြစ်လာသည့်အခါ အဆိုပါတောင်တွင် ရှေးယခင်ကပင် တောရဆောက်တည်နေသော ရဟန်းတော် များကို ပထုတ်ခဲ့သည်။ ကဿပဘုရင်နန်းကျပြီးနောက် ညီတော်မောဂ္ဂလာန်လက်ထက်တွင် အဆိုပါနေရာ ကို ရဟန်းတော်များအား ပြန်လည်လှူဒါန်းခဲ့ပြီး ၁၄-ရာစုအထိ သီတင်သုံးခဲ့ကြသည်။ ယင်းနောက်ပိုင်း ကာလများတွင်ကား လူသူကင်းမဲ့သောနေရာတစ်ခုအဖြစ် နှစ်ပေါင်းများစွာ တည်ရှိခဲ့သည်။
(၇) ဒမ္ဘူလမြို့တော် (Dambulla)
          ဒမ္ဘူလမြို့တော်သည် နိုင်ငံ၏အလယ်ဗဟိုပြည်နယ်တွင် တည်ရှိပြီး မြို့တော်ကိုလံဘို၏ အရှေ့ မြောက်ဘက် ၁၄၈-ကီလိုမီတာနှင့် ကန္ဒီမြို့၏မြောက်ဘက် ၇၂-ကီလိုမီတာအကွာတွင် တည်ရှိပါသည်။ မြို့တော်၏အဓိကဆွဲဆောင်မှုအရှိဆုံးသော နေရာများမှာ သီရိလင်္ကာနိုင်ငံတွင် အကြီးဆုံးသော ကောင်း မွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားသည့် ကျောက်လိုဏ်ဂူကျောင်းတော်၊ ၁၆၇-ရက်မျှနှင့် အပြီး တည်ဆောက်နိုင်ခဲ့သော ရမ်ဂီရိ ဒမ္ဘူလ နိုင်ငံတကာအားကစားကွင်း (Rangiri International Stadium)၊ တောင်အာရှတွင် အကြီးမားဆုံးသော ကျောက်သလင်းနှင်းဆီတောင်တန်းနှင့် မွှေးရနံ့ရှိသော မြင့်မားသည့် နှစ်ရှည်သစ်ပင်များ (သို့) နမယ်ဥယျာဉ် (Namal Uyana)တို့ ဖြစ်သည်။ ဤဒေသတွင် ဘီစီ ၇-ရာစုမှ ၃- ရာစုကာလအတွင်း လူများနေထိုင်ခဲ့ကြသော်လည်း ဂူတွင်းရှိ ရုပ်ပွားတော်များနှင့် ပန်းချီများမှာ ဘီစီ ၁-ရာစု ထက် နောက်မကျကြောင်း သိရသည်။ သို့ရာတွင် ယင်းရုပ်တုတော်များနှင့် ပန်းချီများကို အေဒီ ၁၁၊ ၁၂နှင့် ၁၈-ရာစုများတွင် ပြန်လည်ပြုပြင်မွမ်းမံ ရေးဆွဲခဲ့ကြသည်။
          ၁၄-နှစ်ကြာ အနုရာဓပူရနိုင်ငံတော်မှ တိမ်းရှောင်နေရသော ဘုရင်ဝဋ္ဋဂါမဏိမင်းကို ဒမ္ဘူလတောင် ကျောက်လိုဏ်ဂူများတွင် တရားကျင့်ကြံနေကြသော တောနေရဟန်းတော်များက ကာကွယ်စောင့်ရှောက် ပေးခဲ့သည်။ ဘီစီ ၁-ရာစုတွင် အနုရာဓပူရထီးနန်းကို ပြန်လည်သိမ်းပိုက်ပြီးနောက် အဆိုပါတောင်တွင် ထင်ရှားကြီးမားသော ကျောက်လိုဏ်ဂူကျောင်းတော်ကို ကျေးဇူးဆပ်သည့်အနေဖြင့် ရဟန်းတော်များအား ဆောက်လုပ်လှူဒါန်းခဲ့သည်။ တောင်ပေါ်သို့တက်ပြီး ရှေ့မျက်နှာစာမှ ကြည့်လိုက်လျှင် လိုဏ်ဂူငါးခုကို တစ်ခုတည်းအဖြစ် တွေ့မြင်ရလိမ့်မည်။ အသေအချာ လေ့လာကြည့်သောအခါတွင်မူ တစ်သီးတစ်ခြား ဖြစ်သည်ကို တွေ့မြင်ရပါမည်။ အတွင်းပိုင်းတွင် ရုပ်ပွားတော်များ၊ နံရံဆေးရေးပန်းချီများ၊ မျက်နှာကြက် ပေါ်တွင် ရေးဆွဲထားသော ပန်းချီများကို တွေ့ညမင်ရပါမည်။ မဟာဗျူဟာကျသော တည်နေရာနှင့် သဘာဝပသာဒရှုခင်းများကြောင့် ဒမ္ဘူလသည် သီရိလင်္ကာသမိုင်းတစ်လျှောက်လုံးတွင် အရေးကြီးသော အစိတ်အပိုင်းတစ်ခုအနေဖြင့် ပါဝင်ခဲ့သည်။ လှပသိမ်မွေ့သော လိုဏ်ဂူအတွင်းပိုင်း နံရံဆေးရေးပန်းချီနှင့် ကျောက်ဆစ်ရုပ်တုများကို စုံဂနိုင်ရှုခင်းများဖြင့် ကာဆီးထားပါသည်။
          အေဒီ-၁၇နှင့် ၁၈-ရာစုများတွင် ဒမ္ဘူလသည် ကန္ဒီမင်းများ၏ အထူးတလည် စောင့်ရှောက်မှုကို ခံခဲ့ ရသည်။ ယခုအခါ တောင်ခြေတွင် ပြတိုက်ကြီးကို ထုထည်ကြီးမားလှသော ရုပ်ပွားတော်ကြီးနှင့်တွဲလျက် တည်ဆောက်ထားပါသည်။ ရုပ်ပွားတော်ကြီး၏ ၀မ်းဗိုက်အတွင်းမှာ ပြခန်းများရှိပါသည်။
(၈) ကန္ဒီမြို့တော် (Kandy)
          ကန္ဒီမြို့သည် သီရိလင်္ကာနိုင်ငံ၏ အလယ်ဗဟိုတွင်တည်ရှိပြီး တောင်များပတ်လည်ဝန်းရံထားသော တောင်ပေါ်မြို့လေးဖြစ်သည်။ အုပ်ချုပ်ရေးနှင့် ဘာသာရေးအရ အဓိကကျသောမြို့တော်လည်း ဖြစ်ပါသည်။ သဘာဝအလှအပတို့ ၀န်းရံလျက်ရှိပြီး ရာသီဥတုသာယာမျှတသည်။ သမိုင်းမှတ်တမ်းများအရ ၀ိကရမဗာဟု မင်း (Vickaramabahu)က အေဒီ(၁၃၅၇-၁၃၇၄)တွင် တည်ထောင်ခဲ့ပြီး သီရိလင်္ကာနိုင်ငံ၏ နောက်ဆုံး နန်းစိုက်ရာမြို့လည်း ဖြစ်သည်။ ၁၅၉၄-ခုနှစ်တွင် ပေါ်တူဂီကျူးကျော်သူများ ကမ်းရိုးတန်းဒေသများကို သိမ်းပိုက်ပြီးနောက် လွတ်လပ်ကျန်ရှိသောနေရာများ၏ မြို့တော်ဖြစ်ခဲ့သည်။ အေဒီ ၁၆၊ ၁၇နှင့် ၁၈-ရာစု များတွင် ကျူးကျော်သူ ပေါ်တူဂီ၊ ဒတ်ခ်ျနှင့် အင်္ဂလိပ်တို့ကို ခုခံတိုက်ခိုက်ခဲ့သော ထင်ရှားသည့်နေရာလည်း ဖြစ်သည်။
          ဗုဒ္ဓမြတ်စွယ်တော် လက်ရှိသီတင်းသုံးရာဖြစ်သော ကန္ဒီမြို့သည် နိုင်ငံ၏ လက်ရှိ ဒုတိယမြို့တော်လည်း ဖြစ်သည်။ မြို့တော်ကိုလံဘိုမှ ကီလိုမီတာ-၁၁၆ အကွာတွင် တည်ရှိပြီး ကား၊ ရထား တို့ဖြင့် အချိန်မရွေး လွယ်လင့်တကူ သွားရောက်နိုင်သော ရေတံခွန်စိမ့်စမ်းတောတောင်များ ၀န်းရံလျက် ရှိသည့် လှပသောမြို့လေးဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း စွယ်တော်လှည့်လည်ပူဇော်ပွဲကို တခမ်းတနား ပြုလုပ် ကျင်းပသည်။ ဗြိတိသျှအုပ်စိုးမှုအောက်တွင် နှစ်ပေါင်း ၁၃၀-ကျော်နေခဲ့ရသော်လည်း ယဉ်ကျေးမှု အမွေအနှစ်များ ယနေ့တိုင် မပျောက်မပျက် တည်ရှိလျက်ရှိသည်။
          မဟာဝံသကျမ်းများအဆိုရ ဗုဒ္ဓ၏လက်ဝဲစွယ်တော်ကို အိန္ဒိယဘုရင် ဂုဟသီဝ (Guhasiva)၏ သမီး တော်ဟေမမာလာ(Hemamala)နှင့် သမက်တော်န္တမင်းသား(Danta)တို့က ဖခင်စစ်ရှုံးဘုရင်ကြီး၏ မိန့်မှာ ချက်အတိုင်း ပင့်ဆောင်လာပြီး သီဟိုဠ်ဘုရင် ကိတ္တိသိရီမေ၀ံ (Kitsirimevan, 4th AC)ထံ ဆက်သခဲ့သည်။ ထိုအချိန်မှစ၍ သီဟိုဠ်မင်းအဆက်ဆက်တို့သည် စွယ်တော်မြတ်ကို အသက်နှင့်ထပ်တူ ကာကွယ်စောင့် ရှောက်ခဲ့၊ အလေးအမြတ်ပြုခဲ့ကြသည်။ မင်းအဆက်ဆက် အလေးထားစောင့်ရှောက်ခဲ့သည့်အထဲတွင် စွယ်တော်နှင့်အတူ သိရီမဟာဗောဓိပင်လည်း အပါဝင်ဖြစ်သည်။ ယနေ့တွေ့မြင်နေရသော စွယ်တော် တိုက်မှာ ဘုရင်နရိန္ဒြသီဟ (Narendrasimha)၏ လက်ရာဖြစ်သည်။ ၁၈-ရာစုအစောပိုင်းက သူ၏ဖခင် ဒုတိယ၀ိမလဓမ္မသူရိယမင်း (Vimaladharmasuriya-II) တည်ဆောက်ခဲ့သော စွယ်တော်တိုက်ဟောင်း နေရာတွင် နှစ်ထပ်အဆောက်အအုံကို ပြန်လည်တည်ဆောက်ခဲ့သည်။ ကန္ဒီနောက်ဆုံးမင်းဆက် သိရီဝိက္ကမ ရာဇသင်္ဂီ (Sri Vikarama Rajasinghe) မင်းလက်ထက်တွင် အပြောင်းအလဲများစွာကို ပြုလုပ်ခဲ့ပြီး အဋ္ဌဂံ အဆောက်အအုံကို ဆောက်လုပ်ခဲ့သည်။ ယခုအခါတွင် စွယ်တော်တိုက်နှင့်တစ်ဆက်တည်း ရှေးဟောင်း ပြခန်းများတွင် သမိုင်းမှတ်တမ်းများနှင့် အခြားအဖိုးတန်သမိုင်းဝင်ပစ္စည်းများကိုပါ ခရီးသွားဟန်လွှဲဆိုသလို တစ်ပြိုင်နက် လေ့လာနိုင်သည်။
          သီရိလင်္ကာနိုင်ငံတွင် ''တြိဂံယဉ်ကျေးမှုဇုန်''ဟုဆိုလျှင် တစ်နိုင်ငံလုံး၏ယဉ်ကျေးမှုအမွေအနှစ်များ စုဝေးတည်ရှိရာ အဓိကနေရာများကို ရည်ညွှန်းပြီး ဖြစ်တော့သည်။ သို့ဖြစ်၍ တြိဂံယဉ်ကျေးမှုဇုန်ကို လေ့လာလိုက်လျှင် သီရိလင်္ကာနိုင်ငံ၏ သမိုင်းအမွေအနှစ်များအားလုံးကို လေ့လာပြီးသလောက် ဖြစ်သွား တော့သည်ဟု ဆိုနိုင်ပါသည်။   
                                                                                                          သူ (သရက်)
မှတ်ချက်။     ။ ဤဆောင်းပါးကို (ဒုတိယအကြိမ်) လင်္ကာတမန်မဂ္ဂဇင်း ၂၀၁၀-ခုနှစ်ထုတ်တွင် ဖော်ပြခဲ့သည်။
Ref;
1.    A Guide to the Cultural Triangle of Sri Lanka by Edmund Jayasuriya, Published by Central Cultural Fund (FCC), 1st Publication, 2004
2.    Buddhism Culture & Sri Lanka Pilgrimage’s Guide by Ven. Narada, G.P. Malalasekera and Ven. Wimalajothi, Published by Buddhist Cultural Centre, 2002
3.    Scared Island by Ven. K. Dhammika, Printed by Buddhist Publication Society, 1st Edition, 2008
4.    Sri Lanka Pilgrimage’s Guide by Ven. Wimalajothi, Published by Buddhist Cultural Centre, 3rd Edition, 2007
5.    The Cultural Triangle of Sri Lanka, UNESCO Publishing, CCF, 5th Print, 2004
[*] Sri Lanka-Wikipedia-ကို ရည်ညွှန်းကိုးကားပါသည်။
[†] လင်္ကာတမန်မဂ္ဂဇင်း (၂၀၁၀)တွင် ဖော်ပြရာတွင် ဤစာပိုဒ်မပါဝင်ပါ။
0 comments:
Post a Comment