အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Sunday, August 14, 2011

သိ၊ကျင့်ထပ်တူ နှစ်ဖက်လှသူ


သိ၊ကျင့်ထပ်တူ နှစ်ဖက်လှသူ
တနင်္ဂနွေနေ့ နံက်ခင်း….
          မိမိနေထိုင်ရာ ၀ယတ္တရဂါမ (Wethara-gama)မှ ကို လမ်ဘို မကုဋာရာမ မြန်မာကျောင်းတိုက်တွင် ကျင်းပမည့် လ င်္ကာတမန်မဂ္ဂဇင်း အယ်ဒီတာအစည်းဝေးကို တက်ရောက်ရန် အတွက် ထွက်လာခဲ့သည်။ လိုင်းကားစီး ခရီးသည်ပါးချိန်ကို စောင့်ရင်း နံက်ပိုင်းလုပ်ဆောင်စရာ ရှိသည်များကို အဆုံး သတ်ပြီးကာမှ ထွက်လာခဲ့ခြင်းဖြစ်သည်။ နံက် ၉-နာရီခန့်သည် လိုင်းကားစီးဖို့ အသင့်တော်ဆုံးအချိန်ဟု မိမိဘာသာ သတ်မှတ် ထားမိသည်။
          (Wetharagama-ကို ဝေထရဂါမ-ဟု ရေးရမည်ဖြစ်သော်လည်း ဒေသခံတို့က ၀ယတ္ထရဂါမ -ဟုသာ အသံထွက်လေ့ရှိ၊ ပြောဆိုလေ့ရှိသည်။ ဘာသာဗေဒ(Philology)နည်းအရ ပြောရလျှင် လည်း ဒေသခံတို့ ပြောဆိုသုံးစွဲသည်မှာ မှန်သည်ဟု ယူဆမိသည်။ ၄င်းနည်းအရ We-တွင်ပါသော e>ayatha-က th>tth-သို့ ပြောင်းသည်။ ဒေသခံအချို့ကမူ ၀ယဿရဂါမ-ဟု ခေါ်သည် ကိုလည်း ကြားရပြန်သည်။ ဤတွင် ဘာသာဗေဒပညာနှင့် အင်္ဂလိပ်စာတို့တွင် th-ကို ဿ်-သံဖြင့် ထွက်လေ့ရှိသောကြောင့် ဝေထရဂါမ ထက်စာလျှင် ၀ယတ္ထရဂါမ သို့မဟုတ် ၀ယဿရဂါမ အခေါ် ဝေါ်က မှန်နိုင်သည်ဟု မိမိဆင်းရမည့် ဘတ်စကားမှတ်တိုင်ကို ပြောမိသည့်အခါတိုင်းလို တွေးနေမိ တတ်သည်။)
          ယနေ့မူ အခါတိုင်း တနင်္ဂနွေနံက်ခင်းများနှင့်မတူ လိုင်းကားကို အတော်လေးကြာအောင် စောင့်နေရ သည်။ လာသည့်ကားကလည်း လူကြပ်နေသဖြင့် နောက်ကားကို စောင့်နေလိုက်သည်။ နောက်ကားက လည်း ထိုနည်းအတူဖြစ်သည်။ သို့နှင့် မီးနစ်နှစ်ဆယ်ခန့် ဘတ်စကားမှတ်တိုင်တွင် ကြာသွားသည်။ ထိုအချိန် တွင် မတ်တူးကား အဖြူလေးတစ်စီး မိမိရှေ့တွင် လာရပ်ပြီး၊ ကားမောင်းလာသည့် လူရွယ်က ဘယ်သွား မလဲလို့မေးသည်။ မိမိသွားမည့်နေရာကို ပြောလိုက်သည်။ တစ်ဝက်လောက်တော့ လမ်းကြုံတယ်၊ လိုက်ခဲ့ပါ လားဟု ဖော်ဖော်ရွေရွေ ဖိတ်ခေါ်သောကြောင့် ကျေးဇူးပဲဟုဆိုပြီး တက်လိုက်ခဲ့သည်။ (မကြာခဏဆိုသလို ဤသို့ပင် ကားကြုံစီးလိုက်ရလေ့ရှိသည်။)
          ကားပေါ်ရောက်တော့ အပြန်အလှန်မိတ်ဆက်၊ အလ္လာသလ္လာပ စကားအချို့ပြောပြီးနောက် ဒီနိုင်ငံ ကို ဘာကိစ္စနဲ့လာပါသလဲဟုမေးလာသောကြောင့် ကျောင်းတက်အောင်လာကြောင်း၊ ဗုဒ္ဓဘာသာ ဒဿနိ က  ဘာသာရပ်ဖြင့် သုတေသနစာတမ်းရေးဖို့ ပြင်ဆင်နေပါကြောင်း ပြန်ပြောဖြစ်သည်။
          အဆိုပါ လူရွယ်က သူလည်း ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ကြောင်းနှင့် ဗုဒ္ဓအဆုံးမအတိုင်း အတတ်နိုင် ဆုံး လိုက်နာကျင့်သုံးနေပါကြောင်းပြောသည်။ ငါးပါးသီလကိုပင် ရွတ်ပြပြီးနောက် သူနားလည်သလို ရှင်းပြ နေသေးသည်။
          လမ်းခုလတ်တွင် မနက်စာ ဘာသုံးဆောင်ခဲ့ပါသလဲလို့မေးတော့ ကော်ဖီတစ်ခွက် သောက်ခဲ့ပါ ကြောင်း ပြန်ဖြေလိုက်သည်။ ဟာ…..…ဒါဆို ဗိုက်ဆာနေမှာပေါ့၊ တစ်ခုခု ၀ယ်ကပ်ပါဦးမယ်၊ ကျေးဇူးပြုပြီး ဘုဉ်းပေးပါဦး၊ ဘာကြိုက်ပါသလဲဆိုကာ လမ်းဘေးရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ကားရပ်မည်ပြင်သော ကြောင့် နေပါစေ ရပါပြီ၊ ကျေးဇူးပဲလို့ ပြန်ပြောကာ ကားကိုဆက်မောင်းခိုင်းရသည်။  
          ထိုနောက် “ဗုဒ္ဓဟာ သတ္တ၀ါတွေကို ကူညီဖို့အတွက် ပွင့်လာတာဖြစ်ကြောင်း၊ သူ့တရားများမှာလည်း သူတစ်ပါးကို ဘယ်လိုကူညီရမယ်ဆိုတာကို ညွှန်ပြထားကြောင်း၊ ထိုကြောင့် မိမိသည် နံက်တိုင်း အလုပ်သွား သည့် အခါတိုင်းတွင် လမ်းခရီးတစ်လျှောက်တွေ့ရသည့် ဆရာတော်သံဃာတော်များ သို့မဟုတ် အသက် ကြီးရွယ်အိုများကို လမ်းကြုံတင်လေ့ရှိကြောင်း” စသဖြင့် ပြောဆိုလေသည်။
          သူနားလည်သည်မှာ ဗုဒ္ဓအတွေးခေါ်များသည် လိုက်နာမှု့ မရှိသေးသရွေ့ အချည်းနှီးသာ ဖြစ် ကြောင်း၊ ဘုရားဂုဏ်တော်တွေထဲတွင် တစ်ပါးအပါဝင်ဖြစ်သည့် ၀ိဇ္ဇာစရဏ သမ္ပန္န ဂုဏ်တော်သည် အသိ နှင့်အကျင့် ထပ်တူကျရမည်၊ သိသည့်အတိုင်း ကျင့်ရမည်ဟု မိမိသဘောပေါက်၍ ထိုအတိုင်း စွမ်းနိုင်သမျှ ကြိုးစားလုပ်နေပါကြောင်း လမ်းခရီးတစ်လျှောက် ဆက်ပြောနေခဲ့သည်။ ဤသို့ဖြင့် စာရေးသူ လိုင်း ကားစီးဖို့ အဆင်ပြေသည့်နေရာသို့ အရောက်တွင် “အခုလို လိုက်ပို့ပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်၊ အသိနဲ့ အကျင့်ကို ဟန်ချက်ညီညီ ဆောင်ရွက်နိုင်ပြီး လက်တွေ့ဘ၀တွင် အမှန်တကယ်နေနိုင်သည့် ဒကာတော်ကို တွေ့ဆုံရသည့်အတွက် ဂုဏ်ယူမိပါကြောင်း” ပြောဆိုကာ နှုတ်ဆက်ခွဲခွာခဲ့ကြသည်။
          ထိုနောက် စာရေးသူလည်း အဆင်သင့်တွေ့ရသည့် လိုင်းကားပေါ်သို့တက်လိုက်သည်။ ထိုင်ခုံတွင် ထိုင်ရုံသာရှိသေး၊ လမ်းမပေါ်မှ ၀ုန်းကနဲ အသံကြား၍ ဖြတ်ကနဲလှည့်ကြည့်မိသည်။ သားအဖနှစ်ယောက် စီးလာသည့် မော်တော်ဆိုင်ကယ် ကုန်တင်ကားတစ်စီးက ပွတ်ဆွဲမိသွားခြင်းဖြစ်သည်။ အရှိန်နဲ့ဆိုတော့ ဟန် ချက်မထိန်းနိုင်။ လဲသွားရခြင်းဖြစ်သည်။ လမ်းလေးခွဆုံနေရာကြီးဖြစ်တာမို့ ယာဉ်ထိန်းရဲက အသင့် ရှိနေသည်။ ချက်ချင်းဆိုသလို ရောက်လာသည်။ အနီးနား ဖြတ်သွားဖြတ်လာတွေကလည်း ရှောင်ထွက် မသွားပဲ ၀ိုင်းထူကြ၊ မေးမြန်းကြ၊ ကူညီပေးကြသည်။ တိုက်သွားသည့်ကားသမားကလည်း ကားကိုလမ်းဘေး ထိုးရပ်ပြီး ပြန်ရောက်လာသည်။
          တစ်နေ့…. တက္ကသိုလ်ကနေ ထုံးစံအတိုင်း လိုင်းကားစီးပြန်လာသည်။ သံဃာတော်များခုံက ကား၏ ရှေ့တန်းနေရာတွင်ရှိရာ ရှေ့မြင်ကွင်းများ အားလုံးကို အတိုင်းသားမြင်နေရသည်။ နေ့လည်ခင်းမို့ ကား ပေါ်တွင် ခရီးသည်သိပ်မရှိ။ ထိုင်ခုံပြည့်ရုံလောက်သာ။ အ၀ိုင်းပတ်တစ်ခု အရောက်တွင် ရှေ့ကသွား နေသော ဒိုင်နာကားတစ်စီးမှာ အချက်မပြပဲ တိကနဲရပ်ချလိုက်သည်။ စာရေးသူတို့စီးလာသော လိုင်းကားက ဒိုင်နာနောက်ပိုင်းကို ၀င်စောင့်သည်။ ကံကောင်းသည် မည်သူမျှ ဒဏ်ရာမရကြ။ အ၀ိုင်းပတ်အကျော်တွင် ကားအသီးသီးရပ်ကြပြီး အေးအေးဆေးဆေးပင် ဖြေရှင်းကြသည်။ လိုင်းကားခရီးသည်များလည်း ၀င်ရောက် ပြောဆိုနေကြသည်ကိုတွေ့ရသည်။ မည်သူမျှ အစောတလျင် ရှောင်ထွက်မသွားကြ။
          သီဟိုဠ်ကျွန်းနိုင်ငံလေးတွင် ယာဉ်တွေကများပြီး လမ်းတွေကတော့ အတော်ကျဉ်းသည်။ အမြဲလိုလို လမ်းမပေါ်တွင် ယာဉ်ကြောများပိတ်ဆို့နေတတ်သည်။ ယာဉ်ချင်းတိုက်သည်ကိုလည်း မကြာခဏဆိုသလို တွေ့နေရသည်။ သို့ရာတွင် အော်ကြီးဟစ်ကျယ် ဆဲဆိုခြင်း၊ ဒုတ်စွဲ၊ ဓားစွဲခြင်း အတော်ကိုတွေ့ရခဲသည်။ အဆင်ပြေသလို ရှောင်ကွင်းကြ မောင်းနှင်ကြသည်။
          ခုဒ္ဒကနိကာယ်၊ ဣတိဝုတ္တကပါဠိတွင် “ဒုဋ္ဌော အတ္ထံ န ဇာနာတိး ဒေါသထွက်(ဖြစ်)သူသည် ကောင်း ကျိုး-ဆိုးပြစ်ကို မမြင်နိုင်”ဟု တွေ့ရပြီး၊ မဟာနိဒ္ဒသပါဠိတွင်မူ ကုဒ္ဓေါ အတ္ထံ န ဇာနာတိး အမျက်ထွက်ခြင်း ဖြင့် အကောင်း-အဆိုးကို ခွဲခြားမသိနိုင်ဟု ဆိုလေသည်။ ဒီဃနိကာယ်၊ ပါထိက၀ဂ်တွင်လည်း “ဒေါသော အကုသလ မူလံး ဒေါသည် မကောင်းမှု့တို့ ဖြစ်ပွားရာ အဓိကအကြောင်းဖြစ်သည်”ဟု မိန့်ဆိုထားပြန်သည်။
အမှန်မှာ ဗုဒ္ဓ၏တရားတော်များသည် သံသရာခရီးသည်များအတွက် တိကျသော လမ်းညွှန် ဆိုင်းဘုတ်များ သဖွယ်ဖြစ်သည်။ ဖတ်ရုံသက်သက်မျှဖြင့် လိုရာခရီးမရောက်နိုင်။ ဖတ်ပြီးနောက် ညွှန်ပြသည့်အတိုင်းသွားပါမှ ရည်မှန်းရာခရီးပန်းတိုင်ကို ရောက်နိုင်ပေလိမ့်မည်။ လမ်းညွှန်ကို ဖတ်ခြင်းသည် သိအောင်လုပ်ခြင်းတစ်မျိုးဖြစ်၍ ထိုအတိုင်းလျှောက်လှမ်းခြင်းသည် ကျင့်ခြင်း တစ်မျိုးပင် ဖြစ်လေတော့သည်။ အသိသည် ၀ိဇ္ဇာဖြစ်ပြီး၊ အကျင့်သည် စရဏဖြစ်သည်။ တစ်နည်း အားဖြင့် အသိနှင့်အကျင့်သည် ပိုက်ဆံ၏ ခေါင်းနှင့်ပန်းလိုဖြစ်သည်။
ယင်းနှစ်မျိုးမှ တစ်ခုခု ချို့ယွင်းနေလျှင် ခြေတစ်ချောင်း လပ်သည့်လူ၊ အတောင်တစ်ချောင်း ပြတ် သည့် ငှက်ပမာသာ ဖြစ်တော့သည်။ ထို့ပြင် သိခြင်းကျင့်ခြင်းကို လှေကားတက်သည့်ပမာ တစ်ဆင့်ခြင်း လုပ် ဆောင်ရပေမည်။ သို့ရာတွင် လှေခါးထစ်ကို အောက်ဆုံးမှ ထိပ်ဆုံးသို့ ခုန်တက်လျှင် ရောက်ကောင်းရောက်မည် ဖြစ်သော်လမ်း အသိနှင့်အကျင့်တို့ကမူ တစ်ခါတည်းနှင့် မပြည့်စုံနိုင်၊ ထပ်တူ မကျနိုင်ပေ။ တစ်ပါးသီလ စောင့်သူထုံး နှလုံးမူကာ ကျင့်သုံးက သင့်ပေမည်ဟု…။
ဓမ္မအသိများ နေ့စဉ်ဘ၀အတွင်းသို့ စွမ်းနိုင်သမျှ သယ်ဆောင်သွားနိုင်ကြပါစေဟုသာ…………။
မေတ္တာဖြင့်-
             အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
                   Monday, August 15, 2011

0 comments:

Post a Comment