အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Saturday, August 6, 2011

ဗုဒ္ဓဘာသာ၏ ရှင်သန်နိုးကြား မြတ်တရား (အပိုင်း-၁)


စာဖတ်သူသို့ ပန်ကြားလွှာ
ယနေ့ လူသားတွေသည် သိပ္ပံခေတ်တွင် ရှင်သန်နေထိုင်ကြသည်။ သိပ္ပံခေတ်တွင် နေထိုင်သော လူသားတစ်ယောက်အဖို့ ယုံကြည်ရုံသက်သက်မျှထက်၊ စူစမ်းလေ့လာ အတွေ့အကြုံတို့ဖြင့်သာ အမှန်တရား အားလုံးကို လက်ခံဖို့ရန် တိမ်းညွတ်လာသည်။ မကြာသေးမှီက သိပ္ပံပညာ၏ ရှာဖွေတွေ့ရှိချက်များအရ လူသားတို့သည် သဘောထားအမြင်နှင့် ပတ်သက်ပြီး ပို၍ပို၍ ဆင်ခြင်တုံတရားရှိလာကာ မျက်ကန်းယုံ ကြည်မှုသည် လျင်လျင်မြန်မြန်ပင် ပျောက်ကွယ်သွားသည်။
သိပ္ပံပညာသည် ယေဘုယျအားဖြင့် ဘာသာတရားကို ထိထိမိမိ ခြိမ်းခြောက်လာသည်။ ဤ ခြိမ်းခြောက်မှုသည် လူသား တစ်ယောက်၏ ဘာသာရေးဆိုင်ရာ ခံယူချက်များကို ဆန့်ကျင် တိုက်ခိုက် လာသည်။ ၁၇-ရာစုခေတ် စကြာဝဠာနှင့် ပတ်သက် သည့် မှားယွင်းသောအယူဆများကို ပြောင်းလဲခဲ့ရာတွင် အရေးပါ သူများဖြစ်ခဲ့ကြသည့် ကိုပါနီးကပ်၊ ဂလီလီယိုနှင့် ဘရူနောတို့ အချိန် ကတည်းကပင် ဆန့်ကျင် တိုက်ခိုက်ကြခြင်းဖြစ်သည်။ ပြောင်းလဲ မှု့သီဝရီနှင့် ခေတ်သစ်စိတ်ပညာတို့ကလည်း လူသား၏ ဘာသာ တရား ဆိုင်ရာ ခံယူချက်နှင့် ၄င်းအထွက်အမြတ်ထားသော ကျမ်း စာများကို ဆန့်ကျင်လာခဲ့သည်။
ဗုဒ္ဓဘာသာသည် ထိုကဲ့သို့သော ဆန့်ကျင်တိုက်ခိုက်မှုမျိုးကို ကြုံကြိုက်ခဲ့ပါသလား။ ခေတ်သစ် သိပ္ပံပညာသည် ဗုဒ္ဓ ဘာသာအပေါ် သူစိမ်းသွင်သွင် ရှု့မြင်ခဲ့ပါသလား။ ဗုဒ္ဓဘာသာကို မည်သို့ပင် ဝေဖန်သည်ဖြစ်စေ အစွဲကင်း သော စာဖတ်သူသည် ကနဦးကာလ ဗုဒ္ဓဘာသာအပေါ်နှင့် ယင်း၏ အခြေခံမူဝါဒများသည် သိပ္ပံပညာ၏ ရှာဖွေတွေ့ရှိချက်များနှင့် ကိုက်ညီပြီး၊ မည်သည့်နည်းနှင့်မျှ ဆန့်ကျင်မှု မရှိသည်ကို သဘောပေါက် လာပေလိမ့်မည်။
ခေတ်ဦးဗုဒ္ဓဘာသာသည် ကိုယ်ကျင့်တရား၊ ဘာသာတရားဆိုင်ရာတို့နှင့် ပတ်သက်ပြီး အရေးကြီး သော သိပ္ပံပညာဆိုင်ရာ သဘောထားအမြင်ကို အလေးပေးသည်။ ၄င်း၏ တိကျပြတ်သားသည့် တရားသေ လက်ခံထားသည့် ၀ါဒများကို စိစစ်နိုင်စွမ်းရှိသည်ဟု ဆိုကြသည်။ လူ့သဘာဝ၊ စကြ၀ဠာဆိုင်ရာ သဘော တရားတို့နှင့် ပတ်သက်ပြီး ဗုဒ္ဓဘာသာ၏ ယေဘုယျသဘောတရားသည် တစ်သားတည်းကျပြီး သိပ္ပံရှာဖွေ တွေ့ရှိချက်များနှင့် ကွဲလွဲချက်မရှိ ကိုက်ညီလေသည်………..။
“မှန်ပါသည်။ ဗုဒ္ဓစာပေတွင် ဇီဝဗေဒဆိုင်ရာ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဖော်ပြချက်များ မရှိစေကာမူ လူနှင့်လူ့ပတ်ဝန်းကျင် ကမ္ဘာတို့ကို နိယာမသဘောတရားများအရ ပြောင်းလဲခြင်းနှင့် အဆင့်ဆင့်ဖြစ်ပေါ် ခြင်းများအဖြစ် ရှု့မြင်သုံးသပ်ထားသည်။
ထိုပြင်လည်း ရုပ်-နာမ်နှစ်ပါးကို လူအဖြစ်သတ်မှတ်ပြီး ၄င်း၏စိတ်ကို မပြောင်းလဲသော ၀ိညာဉ် ကောင်အဖြစ်မဟုတ်ပဲ၊ ကလေးဘ၀နှင့် အတိတ်ဘ၀များကို ပြန်လည်အောက်မေ့တတ်သော မှတ်ဥာဏ် ဟောင်းများကို သိုမှီးသိမ်းဆည်းထားပြီး စွမ်းအားကြီးသည့် အဆက်မပြတ်ဖြစ်စဉ်ကို ဖွဲ့စည်းထားသော သိစိတ်နှင့် မသိစိတ်များအဖြစ် အစောပိုင်းဗုဒ္ဓဘာသာသာဆိုင်ရာ စိတ်ပညာတွင် တွေ့ရသည်။ ထို ကဲ့သို့သောစိတ်ကို အာရုံတို့၌တပ်မက်မှု (ကာမတဏှာ)၊ ဘ၀တည်မြဲခြင်းကိုတပ်မက်မှု (ဘ၀တဏှာ)နှင့် ဘ၀ပြတ်ခြင်းကိုတပ်မက်မှု (၀ိဘ၀တဏှာ)-ဟူသော တဏှာသုံးမျိုး၏ လွှမ်းမိုးချုပ်ကိုင်မှု့အောက်တွင် ပြုမူ လုပ်ဆောင်ရန် စေ့ဆော်ပေးသောစိတ်ဟု ဆိုကြသည်။ ပြန်လည်မွေးဖွားခြင်းကို ယုံကြည်ရန်မှတပါး စိတ်နှင့် ဆိုင်သော သဘောထားသည် အတော်ကိုခေတ်မှီသည်ဟု ထင်ရသည်။ ဗုဒ္ဓဘာသာတွင်တွေ့ရသော တဏှာသုံးမျိုးနှင့် စိပညာရှင်ဖရွိုက် ထုတ်ဖော်ခဲ့သည့် ဂရိဒဏ္ဍာရီလာ နတ်ဘုရားအယ်ရို့စ်၊ လီဘီဒိုနှင့် သနတိုစ်တို့နှင့် ပတ်သက်သည့် သီအိုရီများကြားတွင် မျဉ်းပြိုင်ဖြစ်နေမှုကို အားလုံးသတိပြုမိကြသည်။[1]
ဗုဒ္ဓဘာသာနှင့်ပတ်သက်သည့် ဘ၀နေနည်း၊ အမြင့်မြတ်ဆုံး သစ္စာတရားကို မိမိရရဆွဲကိုင်နည်း၊ မသိမှုအ၀ိဇ္ဇာမှ အပြည့်အ၀သိခြင်းဝိဇ္ဇာကို ဖြစ်စေခြင်းသည် သဘောတရား အသိဥာဏ်သက်သက်ဖြင့် သို့တည်းမဟုတ် သိပ္ပံပညာမျှဖြင့် အမှီသဟဲပြုထားခြင်းမဟုတ်ပဲ လိုက်နာကျင့်သုံးသူအား ဥာဏ်အလင်းနှင့် အန္တိမလွတ်မြောက်မှု့ကို ဦးတည်စေသည့် လက်တွေ့ကျသော တရားတော်ကို လက်ခံကျင့်သုံးမှု အပေါ်တွင်သာ မူတည်ကြောင်း ပြောဆိုထားသည်။ ဗုဒ္ဓသည် သက်ရှိသတ္တ၀ါများကို သက်မဲ့အရာ ၀တ္ထုများထက် ပို၍အလေးထားတော်မူသည်။ ဗုဒ္ဓ၏ တစ်ခုတည်းသော ရည်မှန်းချက်သည် သတ္တ၀ါတို့၏ ဘ၀ဖြစ်တည်မှုနှင့်သက်ဆိုင်သည် အသိခက်မှု့ကို ဖြေရှင်းဖို့ရန်ဖြစ်ပြီး၊ ဤနည်းဖြင့် ဘ၀ဖြစ်ပေါ်မှု့ကို ဖြေရှင်းရန်ဖြစ်သည်။ ဤအချက်ကို မြတ်ဗုဒ္ဓသည် အခြေခံလူကျင့်ဝတ်တရား ဘ၀အမှန်တရားများဖြစ်သော သစ္စာလေးပါးတို့အား အပြည့်အ၀ နားလည်သဘောပေါက်စေခြင်းဖြင့် ဆောင်ရွက်တော်မူခဲ့သည်။ ဗုဒ္ဓသည် ဤသစ္စာတရားများကို နားလည်သိမြင်ခြင်းအား အမှန်တရားကို ရှာဖွေနေသူများအတွက် လမ်းကြောင်းသာ ခင်းပေးခဲ့ပြီး၊ မည်သည့်အခါမျှ အတင်းအဓမ္မ စေခိုင်းခြင်း မရှိခဲ့ပေ။ ဗုဒ္ဓသည် လူတို့အား သူ့လမ်းကြောင်းကို လိုက်ရန် မည့်သည့်အခါမျှ အတင်းအကျပ်မစေခိုင်းခဲ့။ အကြောင်းမှာ မဖြစ်မနေလုပ်ရခြင်း၊ အတင်းအကြပ် နိုင်ထက်စီးနင်းပြုခြင်းသည် ဗုဒ္ဓ၏ တရားတော်ကို ညွှန်ကြားပြသည့်နည်းလမ်းနှင့် တစ်သီးတစ်ခြား တစ်ပါးစီ ဖြစ်နေသောကြောင့်ပင်။ ကိုယ်တိုင်ကိုယ်ကျ စစ်ဆေးဆုံးဖြတ်ရန် ဖိတ်ခေါ်သံကိုကြားခြင်းဖြင့် အစက တည်းက ဘာသာတရားအပေါ် ယုံကြည်မှု့ကင်းမဲ့သူများကို ကျေနပ်နှစ်သက်စေပါလိမ့်မည်။ အစကနေ အဆုံးတိုင် ဗုဒ္ဓဘာသာသည် ကြည့်ရှု့ရန်မျက်လုံးပါသူအားလုံးနှင့် သဘောပေါက်ရန် ဥာဏ်ရှိသူအားလုံးကို ဟင်းလင်းဖွင့်ထားသည်။ ဗုဒ္ဓသည် တပည့်သာဝကတို့အား သူ့အပေါ်တွင် မျက်ကန်းယုံကြည်မှု့ကို တွန်းအား မပေးပဲ သစ္စာတရားကို ရှာဖွေနေသူများကို လာပါကြည့်ပါ (ဧဟိပဿိက)ဟု ဖိတ်မန္တကပြုထားပြီး၊ သူ၏ တရားတော်များကိုသာ စူးစမ်းလေ့လာစေလိုသော ဆန္ဒရှိတော်မူခဲ့သည်။ ယင်းအချက်သည် ဗုဒ္ဓ ကိုယ်တော်တိုင် ထောက်ခံထားသော သိမြင်-နားလည်ခြင်းမျိုးဖြစ်ပြီး၊ မျက်စိမှိတ်ယုံကြည်ခြင်းမျိုး မဟုတ်ပါ။
မျက်မှောက်ကာလတွင် ကမ္ဘာကြီးတိုးတက်စည်ပင်ဖို့ ကမ္ဘာနှင့်အ၀ှန်း မနေမနား အလုပ်တွေ လုပ်နေကြသည်။ သိပ္ပံပညာရှင်များက နည်းလမ်းအဖုံဖုံနောက် တကောက်ကောက်လိုက်ရင်း မလျှော့သော ဇွဲ၊ ကြံ့ခိုင်သော စိတ်ဓာတ်တိုဖြင့် စမ်းသပ်လေ့လာနေကြသည်။ ထိတွေ့ဆက်ဆံခြင်းနှင့် ဆက်သွယ်ရေး နည်းစနစ်တို့၏ ခေတ်မှီရှာဖွေတွေ့ရှိချက်များ၊ နည်းလမ်းများသည် ချောက်ချားစရာကောင်းလောက်အောင် အကျိုးသက်ရောက်မှု့တွေကို ဖြစ်ပေါ်စေခဲ့သည်။ ဤတိုးတက်မှု့များ အားလုံးသည် အကျိုးသက်ရောက်မှု့ နှင့် ကောင်းကျိုးတရားများ ရှိစေကာမူ သဘာဝတရားတွင်ရှိသော ရုပ်ပိုင်းဆိုင်ရာနှင့် အပေါ်ယံ သက်သက် မျှသာ ဖြစ်သည်။ သိပ္ပံပညာရှင်သည် ပြင်ပကမ္ဘာကြီးကို သူ၏ချယ်လှယ်မှု့အောက်သို့ သယ်ဆောင်လာ ခဲ့သည်။ ကမ္ဘာလောကကြီးကို ကောင်းကင်ဘုံတစ်မျှ ဖြစ်အောင် ဖန်ဆင်းပေးမည်ဟု ကတိပြုနေသယောင် ထင်ရသည်။ သို့တစေ လူသားတို့သည် သိပ္ပံ၏ အကျိုးသက်ရောက်မှု့အားလုံးကို ရရှိနေသော်ငြားလည်း မိမိစိတ်ကိုမူ မထိန်းချုပ်နိုင်သေး။ လူ၏ စိတ်နှင့်ရုပ်တရားများ ပေါင်းဆည်းမှု့အတွင်း မြောက်များလှစွာ သော အံ့ဖွယ်များမှာ သိပ္ပံပညာရှင်တို့အတွက် နှစ်ပေါင်းများစွာကြာအောင် ရှာဖွေမတွေ့နိုင်ပဲ အလုပ်များ နေလျက်ပင် ရှိနေသေးသည်။
သိပ္ပံပညာရှင်တစ်ယောက်အဖို့ အသိပညာသည် သူ့အား သက်ရှိကမ္ဘာကြီးနှင့် တစ်စတစ်စ ချည်နှောင်ထားသည့် အရာဖြစ်သည်။ သို့အတွက်ကြောင့် ထိုကဲ့သို့သော အသိပညာမျိုးသည် အဖတ်ဆယ် လို့ရသည့် အသိပညာမျိုးမဟုတ်ပေ။ ကမ္ဘာလောကဓာတ်ကြီးနှင့် အရာအားလုံးအပေါ်တွင် သင့်တော်သော အမြင်ဖြင့်ရှု့ထောင့်ကနေ မြင်တတ်သူအတွက် ဘ၀၏ အဓိကအကြောင်းခြင်းရာသည် ထင်မြင်ချက် သက်သက်မျှမဟုတ်၊ စိတ်ကူယဉ်နယ်ပယ်အတွင်းသို့ အချည်းအနှီး စီဆင်းခြင်းမျှ မဟုတ်၊ ဒုက္ခအားလုံးမှ လွတ်မြောက်ပြီး ချမ်းသာစစ် ချမ်းသာမှန်ကို ရရှိရေးသာဖြစ်သည်။ ထိုသူ့အတွက် စစ်မှန်သော အသိ ပညာသည် ပရမတ္ထတရားနှင့် ညီညွတ်သလား?၊ ၄င်းအသိပညာသည် လူသားတွေအား စိတ်ငြိမ်းအေး တည်ငြိမ်မှု့နှင့် စစ်မှန်သော ချမ်းသာကို ရရှိစေရာတွင် အသုံးဝင်သလား?ဆိုသည့် ပဓာနကျသော မေးခွန်း ပေါ်တွင် မူတည်နေပေသည်။
မည်သို့ဆိုစေ သိပ္ပံပညာရှင်တစ်ယောက်ပဲဖြစ်ဖြစ် သို့တည်းမဟုတ် သာမန်လူပဲဖြစ်ဖြစ် ကိုယ်ကျင့် တရား၏ အရေးပါမှု့ကို နားမလည်ပါလျှင်၊ ကိုယ်ကျင့်သိက္ခာပါရှိသော ကျိုးစားအာထုတ်မှု့၏ အရေးပါမှု့ကို နားမလည်ပါလျှင်၊ ဘ၀အသိပညာကို အသုံးချဖို့ လိုအပ်ခြင်းအား နားမလည်သေးပါလျှင် ဗုဒ္ဓတရားတော် အလိုအရ မရင့်ကျက်သေးသူသာဖြစ်သည်။ ဘ၀တိုက်ပွဲကို မအောင်မြင်ခင် မြောက်များလှစွာသော အခက်ခဲအဟန့်တားတို့ကို ကျော်လွှားနေရဆဲသူသာဖြစ်ပြီး၊ အနှောင်ဖွဲ့အားလုံးမှ လွတ်မြောက်ရာ နိဗ္ဗာန် ဟူသော အမတဆုအတွက် ရုန်းကန်နေရဆဲသူသာဖြစ်သည်။
ဗုဒ္ဓနှင့် ဗုဒ္ဓ၏ တရားတော်များ အကြောင်းကို စာအုပ်ထူကြီးများတွင် ဖတ်ရှု့ရန် ငြီးငွေ့သော  ဗုဒ္ဓဘာသာကို လေ့လာလိုက်စားနေသူများ အနေဖြင့် ဤစာအုပ်ငယ်လေးသည် နှစ်ခြိုက်ဖွယ် အသုံးဝင်ဖွယ် ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ သို့ရာတွင် ဗုဒ္ဓဘာသာနှင့် ပတ်သက်ပြီး အသေးစိပ် လေ့လာလိုသူများနှင့် ပြည့်ပြည့်စုံစုံ သိရှိလိုသူများအတွက် ယခုစာရေးဆရာကိုယ်တိုင် ရေးသားထားသော “ဗုဒ္ဓ၏ ရှေးဟောင်း လမ်းစဉ် {The Buddha’s Ancient Path}”[2] စာအုပ်တွင် ဖတ်ရှု့နိုင်ပါသည်။
မေတ္တာဖြင့်-
              အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
  Saturday, August 06, 2011
မှတ်ချက်။     ။ ဆရာတော် Thera Piyadassi-၏ “Buddhism A Living Message”စာအုပ်ပါ “A Word To the Reader”ကို ဘာသာပြန်ဆိုပါသည်။ (ဆီလျော်မှု့မရှိပါလျှင် ဘာသာပြန်သူ၏ အားနည်းချက်သာ ဖြစ်ပါသည်။)


[1] ဒေါက်တာ ကေ၊အန်၊ ဇယတိလကေ၏ “ဘာသာတရားနှင့်သိပ္ပံပညာ {Religion and Science}”၊ ၀ှီးစာစဉ်-၃၊ ဗုဒ္ဓဘာသာ ဆိုင်ရာ စာပေထုတ်ဝေရေး အသင်း၊ ကန္ဒီ။
[2] ဗုဒ္ဓဘာသာဆိုင်ရာ စာပေထုတ်ဝေရေး အသင်း၊ ကန္ဒီ၊ ၁၉၈၇။

1 comments:

Ratanartheingi said...

မူရင်းအင်္ဂလိပ်ဆောင်းပါးလေးပါတင်ပေးရင်သိပ်ကောင်းမှာပဲ။
အခုဘာသာပြန်ဖတ်ရတာတော့တော်တော်ကောင်းတယ်ဘုရား။
ဆက်လက်ပြီးဘာသာပြန်ဆောင်းပါးတွေကိုမူရင်းနဲ့တွဲပြီးရေးပေး
တော်မူပါဘုရား။

Post a Comment