အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။
Tuesday, July 12, 2011
လမြတ်ဝါဆို (အပိုင်း-၁)
လမြတ်ဝါဆို
          လူငယ်မောင်မယ်များသည် အပေါင်းအသင်းများစုကာ ၀ါဆိုလတွင် ၀ါဆိုပန်းခူးထွက်ကြသည်။ ၀ါဆိုပန်းများကို ဘုရားများ၊ ကျောင်းများသို့ သွားရောက်လှူဒါန်းကြသည်။ အချို့ဒေသများတွင်မူ အိုစည်၊ဗုံ၊မောင်းများတီးကာ ၀ါဆိုပန်းခူးရန် အနီးအနားရှိတောများသို့ ထွက်ကြသည်။ မိုးဦးကာလဖြစ်၍ ပန်းအမျိုးစားလည်းစုံလင်သည်။ သို့ရာတွင် ၀ါဆိုလ၏ သင်္ကေတပန်းမှာ ယင်းမာပန်းဖြစ်သည်။ ပင်လုံးပျောက်၊ ရွက်ပျောက်အောင်ပွင့်သည့် ပန်းမျိုးဖြစ်ပြီး၊ တစ်တောလုံး ကြိုင်နေအောင်မွှေးသည်။ အရောင်သွေးစုံ လှလည်းလှသည့်ပန်းဖြစ်သည်။ ပုန်းညက်ပန်း၊ မုလေးပန်း၊ မိကျောင်းပန်းတို့လည်း ပွင့်ကြသည်။
          မြန်မာလူမျိုးတို့သည် ၀ါဆိုကာလမှစတင်ကာ သီတင်းကျွတ်လအထိ ၀ါတွင်းသုံးလအခါတွင် အခြား ကာလများထက် ဘုရားသွား၊ကျောင်းတက်ပြုလုပ်ရန် အားထုတ်ကြသည်။ ဥပုသ်သီလကို အထူးတလည် စောင့်ကြသည်။ သက်သတ်လွတ်စားကြသည်။ အဓိဋ္ဌာန်ဝင်ကြသည်။ အလှူတန်းအမျိုးမျိုး လုပ်ကြသည်။ အထူးအားဖြင့် ရဟန်းတော်များကို ၀ါဆိုသင်္ကန်းဆက်ကပ်ကြသည်။ ရဟန်းတော်များ ၀ါဆိုသည့် ၀ါဆိုလပြည့်ကျော်တစ်ရက်နေ့ညတွင် ကျောင်းသို့သွားပြီး ၀ါဆိုပန်း၊ ၀ါဆိုဖယောင်းတိုင်များ ဆက်ကပ် လှူဒါန်းကြသည်။ ၀ါတွင်းသုံးလပတ်လုံး အဘိဓမ္မာတရားပွဲများ ဆင်ယင်ကျင်းပပြီး တရာတော်များကို ဟောပြောကြ၊ နာယူကြသည်။ တရားဘာဝနာများ ပွားများကြသည်။
          အဆိုပါဝါတွင်းသုံးလတွင် ရဟန်းတော်များသည် မိမိဝါဆိုသည့်ကျောင်းမှ ခရီးအဝေးသို့ သွားခဲသည်။ အရေးအကြောင်းရှိ၍ သွားရာတွင်မူလည်း ၇-ရက်အတွင်း ၀ါဆိုသည့်ကျောင်းကို ပြန်ရောက်အောင်လာရသည်။ ၇-ရက်ကျော်သွားပါက ၀ိနည်းစည်းကမ်းအရ အပြစ်ရှိပြီး ဒုက္ကဋ်အာပတ်သင့်သည်။ ကုစားလို့ရသော အပြစ်ငယ်တစ်မျိုးဖြစ်သည်။ ၀ါဆိုလပြည့်ကျော် တစ်ရက်နေ့မှ သီတင်းကျွတ်လပြည့်ကျော် တစ်ရက်နေ့အထိ ၀ါတွင်းသုံးလဖြစ်သော်လည်း အကြောင်းကြီးငယ်ရှိသော် သီတွင်းကျွတ်လဆန်း ၉-ရက်တွင်ပင် ၀ါကျွတ်ခွင့်ရှိပါသည်။
ထိုအတူ ၀ါဆိုလပြည့်ကျော် တစ်ရက်နေ့ကို စတင်ဝါဆိုရက်အဖြစ် သတ်မှတ်ထားစေကာမူ ထိုရက်အတွင်း ၀ါဆိုရန်ကျောင်းသို့ ပြန်မရောက်သည့်ရဟန်းတော်များမှာ ၀ါခေါင်လပြည့်ကျော် တစ်ရက်နေ့မှစတင်ကာ ၀ါဆိုနိုင်ပါသည်။ ယင်းကို ပစ္ဆိမ၀ါ-နောက်ဝါကပ်သည်၊ ဒုတိယ ၀ါဆိုသည်ဟု ခေါ်ပါသည်။ ဒုတိယ၀ါကပ်သော ရဟန်းတော်များသည် ပုရိမ၀ါခေါ် ပထမ၀ါ ကပ်သည့်ရဟန်းများကဲ့သို့ ကထိန်ခံခွင့်မရှိပါ။ အကြောင်းမှာ ဒုတိယ၀ါကပ်သည်ဖြစ်၍ ကထိန် ခင်းချိန် သတ်မှတ်ကာလ၏ ကုန်ဆုံးပြီဖြစ်သော တန်ဆောင်မုန်းလပြည့်ကျော် တစ်ရက်နေ့မှ ၀ါထွက်သောကြောင့်ဖြစ်သည်။
*****
ဝါဆိုလပြည့်နေ့သည် “သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တစ်ချက်ပြာဋိဟာ” ဆိုသည့်အတိုင်း ဘုရားလောင်း ပဋိသန္ဓေ နေတော်မူခြင်း၊ တောထွက်တော်မူခြင်း၊ မြတ်စွာဘုရား တရားဦးဓမ္မစကြာကို ဟောကြားတော်မူခြင်းနှင့် တိတ္ထိတို့ကို နှိမ်နှင်းရန်အလို့ငှါ ရေ၊မီးအစုံ တန်ခိုးပြာဋိဟာကို ပြသတော်မူခြင်းဟူသော ထူးခြားသည့် ဘာသာရေးမှတ်တိုင်ကြီးများကို စိုက်ထူခဲ့ရာ နေ့တစ်နေ့ လည်းဖြစ်သည်။
ထို့ပြင် ၀ါဆိုလပြည့်နေ့သည် ဘုရားအဖြစ်ကို ၀န်ခံတော်မူသောနေ့၊ တရားရတနာ စတင်ပေါ်ပေါက်ရာနေ့နှင့် သံဃာရတနာ စတင်ပေါ်ထွန်းသော နေ့လည်းဖြစ်သည် ။ ပုထုဇဉ်နယ်ပယ်မှ အရိယာစခန်းသို့ စတင်ကူးပြောင်းခွင့် ကြုံသောနေ့လည်းဖြစ်ပြီး၊ ဧဟိ ဘိက္ခု ဟူသော စကားကို စတင်ကြားရသော နေ့တစ်နေ့လည်းဖြစ်သည်။
*****
ဆက်ပါဦးမည်............................။
မေတ္တာဖြင့်-
             အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
0 comments:
Post a Comment