အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။
Saturday, July 9, 2011
သီတင်းသီလ စောင့်ကြသောခါ (အပိုင်း-၃)
   သီတင်းသီလ
               စောင့်ကြသောခါ
        ရန်ကုန်ကဲ့သို့သော မြို့ကြီးပြကြီးများတွင် တစ်လလေးသီတင်းလုံးရှိသော ဥပုသ်ရက်များ၌ နေ့လည်နေ့ခင်းတွင် တရားထိုင်လေ့ရှိကြသည်။ ကျောင်းတိုင်းတော့မဟုတ်ပါ။ အများစုမှာ ရိပ်သာများသာ ပြုလုပ်လေ့ရှိသည်။
          တစ်မူထူးခြားချက်အနေဖြင့် ပြောရပါမူ မြန်မာနိုင်ငံတွင် ၀ါတွင်း ကာလတွင် အလှူအတန်းများ၊ ဘုရားသွားကျောင်းတက်ကိစ္စများကို ၀ါပကာလ ထက် ပို၍လုပ်ဆောင်ကြသည်ကိုတွေ့ရသည်။ သီရိလင်္ကာသားတို့ကမူ တစ်ပုံစံ တည်းသာဖြစ်သည်။ မြန်မာတို့သည် ၀ါတွင်းကာလတွင် သံဃဒါန ဆွမ်းလောင်းအသင်းများ ဖွဲ့စည်းကာ အရုဏ်ဆွမ်းလောင်းလှူကြသည်။ သီးသန့် အလှူရှင်များကလည်း လောင်းလှူကြသည်။ အချို့များတွင်မူ အရုဏ်ဆွမ်း အတွက် သီးသန့်အလှူရှင် ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အရုဏ် ဆွမ်းလောင်း အသင်းများက တစ်နှစ်ပတ်လုံး လောင်းလှူကြပါသည်။
          မြတ်စွာဘုရားရှင်သည် မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတ နတ်သားကို အကြီးမှူးထားကာ တစ်သောင်း သော စကြာဝဠာတိုက်မှ ဆိုက်ရောက်လာကြသည့် နတ်၊ဗြဟ္ဗာများကို ၀ါတွင်းကာလတွင် အလွန်တရာထူးကဲ မွန်မြတ်လှသည့် အဘိဓမ္မာတရာတော်ကြီးကို လူတို့ အရေတွက်အားဖြင့် ၀ါတွင်းသုံးလ ကာလပတ်လုံး ဟောကြားတော်မူကာ ကျွေးဟောင်းကို ဆပ်တော်မူ ခဲ့သည်။ ဤသည်ကိုရည်၍ မြန်မာနိုင်ရှိ တောရောမြို့တွင်ပါ ၀ါတွင်းကာလ အဘိဓမ္မာတရားပွဲများကို ဥပုသ်နေ့တိုင်းတွင် ချိမ့်ချိမ့်သဲကျင်းပကြသည်။ အချို့အရပ်များတွင်မူ ၀ါတွင်းသုံးလ ရက်ပေါင်း ကိုးဆယ်လုံးလုံး ရက်မပျက် အဘိဓမ္မာတရားပွဲများကို ကျင့်ပကြသည်။ ထိုထိုတရားပွဲများတွင် ရဟန်းတော် များ တရားဟောသကဲ့သို့ လူပုဂ္ဂိုလ်အချို့လည်း ဟောပြောကြပါသည်။
          ဥပုသ်နေ့ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ရဟန်းသာမဏေများနှင့် မြန်မာလူမျိုးအများစုမှာ ပုတီးစိပ်လေ့ရှိသည်။ သီရိလင်္ကာတွင်မူ ပုတီးစိပ်သည့်အလေ့ကို ရဟန်းတော်များသာမက လူပုဂ္ဂိုလ်များ တွင်လည်း မတွေ့ရပါ။ ၀ါတွင်း အဘိဓမ္မာတရားပွဲဟူ၍လည်း တသီးတသန့်မရှိပါ။
          သီရိလင်္ကာတွင် တစ်လလျှင် ဥပုသ်နေ့တစ်သာရက်ရှိပြီး၊ မြန်မာတို့တွင်မူ တစ်လလျှင် လေးရက်ရှိသည်။ မည်သို့ပင်ဖြစ်စေ ဥပုသ်ရက်သည် သီရိလင်္ကာရှိ ဗုဒ္ဓဘာသာလူမျိုးတို့အတွက် အရေးပါ သလို ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့၏ နေ့စဉ်ဘ၀မှာလည်း အရေးပါဆဲ နေ့တစ်နေ့ဖြစ်သည်။
*****
          ဥပုသ်သီလဆောက်တည်ကြရာတွင် နှလုံးသွင်းမှု သို့တည်းမဟုတ် မိမိအာရုံပြုမှုအပေါ် မူတည်ကာ ဥပုသ်အမျိုးမျိုးရှိကြောင်း ကျမ်းတတ်ဆရာတော်ကြီးများ မိန့်တော်မူကြသည်။ ဥပုသ်နေ့တွင် သီလ ယူပြီးနောက် ဘုရားဂုဏ်တော်များကို ပွားများနေလျှင် ဗြဟ္မဥပုသ်၊ တရားဂုဏ်တော်များကို အာရုံပြု ပွားများနေလျှင် ဓမ္မဥပုသ်၊ သံဃာတော်အရှင်သူမြတ်များ၏ ဂုဏ်တော်များကို ပွားများနေလျှင်မူ သံဃ ဥပုသ်ဟု မှတ်သားရဖူးသည်။
          ဆောက်တည်ထားသော မိမိသီလ၏ စင်ကြယ်နေမှုကို ပြန်လည်ဆင်ခြင်ကာ နေထိုင်ခြင်းကိုမူ သီလဥပုသ်ဟုခေါ်သည်။ နတ်ပြည်ခြောက်ထပ်နေ နတ်သား-နတ်သမီးများ၏သီလနှင့် မိမိစောင့်ထိမ်း နေသည့် သီလများသည် သူတော်ကောင်းတရားခြင်းတူညီသည်ဟု ဆင်ခြင်ပွားများနေလျှင် ဒေ၀တာ ဥပုသ်ခေါ်သည်။
          နွားကျောင်းသားသည် မိမိနွားတွေကို ဒီနေ့မည်သည့်စားကျက်တွင်စားပြီး နောက်တစ်နေ့တွင် မည်သည့်နေရာတွင် စာစေမည်စသဖြင့် တွေးတောနေသကဲ့သို၊ ဥပုသ်စောင့်ခြင်းကြောင့် အလှူရှင်များ လှူဒါန်းသည့် ဟင်းကောင်းထမင်းကောင်းများကို စားသောက်ရလိမ့်မည်ဟု တွေးတောကြံစီကာခြင်းကိုမူ ဂေါပါလဥပုသ် သို့မဟုတ် နွားကျောင်းသားဥပုသ်ဟုခေါ်သည်။
          မြန်မာတို့သည် ဥပုသ်နေ့များအပါဝင် အလှူတန်းလုပ်သည့်အခါတိုင်းနှင့် အခါကြီး ရက်ကြီးများတွင် ရှေးဦးစွာ ထိခြင်းငါးပါး(ခြေ၊လက်၊နဖူး၊တစ်တောင်၊ဒူး)နှင့် ရှိခိုးကြပြီး သြကာသ ကန်တော့ကျိုးဖြင့် ကန်တော့၍၊ သီရိလင်္ကာသားတို့ကမူ နမောတဿ-ဘုရားရှိခိုးဖြင့်သာ စတင် လေ့ရှိသည်။ မြန်မာတို့က အဟံဘန္တေ-စသည်ဖြင့် သီလကို ရဟန်းတော်များအထံမှ တောင်းခံ၍ သရဏဂုံသုံးပါး ရှစ်ပါးသီလ၊ သို့မဟုတ် ကိုးပါးသီလကို ဆောက်တည်ကြသည်။ သီရိလင်္ကာရဟန်းတို့ကမူ သီလတောင်းမပါတော့ဘဲ နမောတဿဖြင့် ကန်တော့ပြီးလျှင် သရဏသုံးပါးကို တိုက်ရိုက်ချပေးသည်။ ပြီးလျှင် ရှစ်ပါးသီလပေးသည်။
          ဥပုသ်အမျိုးစားသုံးမျိုးနှင့် ဥပုသ်စောင့်ခြင်းကြောင့် ရရှိအပ်သော အကျိုးတရားပမာဏကို အင်္ဂုတ္တရ နိကာယ်၊ တိကနိပါတ်၊ ဒုတိယပဏ္ဏာသ၊ မဟာဝဂ်၊ ဥပေါသထသုတ်တွင် အောက်ပါအတိုင်း ဖော်ပြထား ပါသည်။
၁။ နိဂဏ္ဌဥပုသ်= ငါသည် ယနေ့တွင် ယူဇနာတစ်ရာအတွင်းရှိသည့် သတ္တ၀ါတို့ကိုသာ သတ်ဖြတ် ၊ ညှင်းဆဲခြင်း၊ ခိုးခြင်းစသည်တို့ကို ရှောင်ကြဉ်ပြီး ထိုမှကျော်လျှင် မရှောင်ကြဉ်တော့ဟု ဆောက်တည်သည့် ဥပုသ်မျိုးမှာ တိတ္ထိဥပုသ်မျိုးဖြစ်၍၊ အကျိုးမများပေ။ (အကျိုးမရှိဟု မဆိုလိုပါ)။
၂။ ဂေါပါလဥပုသ်= နွားကျောင်းသားသည် နွားတွေကို စားကျက်တွင်းမှ အပြင်ကိုမထွက်ရုံသာ စောင့်ရှောက်သကဲ့သို့ အစားကောင်းစားရန်၊ လူစည်တုန်းစကားပြောရန်သာကြံစည်ပြီး၊ ရတနာသုံးပါး စသော ဂုဏ်ကျေးဇူးတို့ကို အာရုံမပြုပဲ နေထိုင်သောကြောင့် အကျိုးမများလှပေ။
၃။ အရိယာဥပုသ်= ဥပုသ်သီလယူပြီးနောက် တရားနာခြင်း၊ ရတနာသုံးပါးစသော ဂုဏ်တော်များကို အောက်မေ့နေခြင်း၊ မေတ္တာပွားများခြင်း၊ လှူဒါန်းခြင်း၊ သမထဖြစ်ရန်အားထုတ်ခြင်း၊ တရားဘာဝနာ ပွားများခြင်း၊ တရားစကားများကို ဆွေးနွေးဟောပြောခြင်းတို့ဖြင့် နေထိုင်ခြင်းသည် ကုသိုလ်အာရုံတို့ဖြင့် စိတ်မှာထုံ၍နေထိုင်ခြင်းကြောင့် အကျိုးကျေးဇူးအများဆုံးဖြစ်သည်။
          ထိုကြောင့် ဥပုသ်စောင့်သုံးသူတို့သည် နံပါတ်တစ်နှင့်နှစ်တို့သည် သိပ်အကျိုးမများလှ၍ နောက်ဆုံး နံပါတ်သုံးဖြင့်သာ ကျင့်သုံးနေထိုင်သင့်ပေသည်။ သို့မှသာ ထိုက်သင့်သော အကျိုးကျေးဇူးများကို ရရှိပေမည်။
*****
          ဥပုသ်စောင့်ခြင်းနှင့်ပတ်သက်ပြီး ကျေးလက်ဒေသတွင် ပြောလေ့ရှိသည့် ပုံပြင်တစ်ပုဒ်ရှိပါသည်။ ၄င်းမှာ ကျောင်းကိုဥပုသ်စောင့်အောင်ရောက်လာပြီး အလုပ်ကိုလက်ဆမပြတ်ခဲ့သည့်လူများ၊ နောက်ပိုင်း မအေးသူများကို အကြောင်းပြုကာ ပေါ်လာဟန်တူပါသည်။
          ရွာတစ်ရွာတွင် သူငယ်ချင်းနှစ်ယောက်ရှိသည်။ တစ်ယောက်ကချမ်းသာပြီး တစ်ယောက်မှာမူ တစ်နေ့လုပ်မှ တစ်နေ့စားသမား၊ လက်လှုပ်မှ ပါးစပ်လှုပ်ရသူမျိုးဖြစ်သည်။ ဥပုသ်နေ့တစ်နေ့တွင် ချမ်းသာသော သူငယ်ချင်းက မိဘများနှင့်အတူ ကျောင်းကိုလိုက်၍ ဥပုသ်စောင့်သည်။ ဆင်းရဲသားကမူ ဒီနေ့ဆန်ဖိုးရအောင် ငါမျှားထွက်ရမည်ဟုပြောကာ သူငယ်ချင်းနှင့် ဥပုသ်စောင့်မလိုက်ဖြစ်။
          ဥပုသ်စောင့်လိုက်သော သူငယ်ချင်းက ဥပုသ်စောင့်နေယင်း ငါ့သူငယ်ချင်းတော့ ငါးတွေအများကြီး ရရော့မယ်ဟု စိတ်တွင်မကြာခဏ ငါးမျှားသည့်သူငယ်ချင်းထံကိုသာ ရောက်နေသည်။ ငါးမျှားနေသည့် ဆင်းရဲသားသူငယ်ချင်းကမူ ငါကတော့ အခုလို နေ့ကောင်းရက်မြတ်ကြီးမှာ အကုသိုလ်တွေလုပ်နေရပြီး၊ သူငယ်ချင်းကတော့မူ ကျောင်းသွားကာ ဥပုသ်စောင့်သောကြောင့် ကုသိုလ်တွေရတော့မည်ဟု စိတ်တွင် တွေးနေသည်။
          ထိုသူငယ်ချင်းနှစ်ယောက် သေဆုံးကြသောအခါ ကျောင်းသွားဥပုသ်စောင့်သည့် သူငယ်ချင်းမှာ ကုသိုလ်ကိုလုပ်နေပါလျှက် အာရုံမပြုပဲ၊ မကောင်းမှုကိုသာ အားရုံပြုနေသောကြောင့် ငရဲကိုကျလေသည်။ ဆင်းရဲသည့်သူငယ်ချင်းမှာမူ အကုသိုလ်ကို ဘ၀ပေးအခြေနေရ လုပ်နေရသော်လည်း စိတ်ကမူ ကုသိုလ်ကို ရောက်နေသည်။ ထိုကြောင့် နတ်ပြည်ကိုရောက်ရသည်-ဟူ၏။
          မိလိန္ဒပဥှာတွင် မိလိန္ဒမင်းကြီးက အရှင်နာဂသိန်ကို ကုသိုလ်နှင့် အကုသိုလ်တွင် မည်သည့်အရာက စွမ်းအားပိုကြီးကြောင်း မေးလျှောက်ဖူးသည်။ အကုသိုလ်သည် လုပ်ပြီးနောက် စိတ်ပူပန်နေရ သည့်အတွက်ကြောင့် စွမ်းအားနည်းသည်။ ကုသိုလ်မှာ လုပ်ပြီးလျှင် နောင်တပူပန်စရာမရှိ စိတ်မှာတွေးတိုင်း အာရုံပြုတိုင်း ၀မ်းမြောက်ဝမ်းသာ ဖြစ်နေရသည့်အတွက် ပွားများလာသည်။ စွမ်းအားပိုထက်လာသည်။ ထိုကြောင့် အကုသိုလ်ထက် ကုသိုလ်ကပို၍ စွမ်းအားကြီးကြောင်း ဖြေတော်မူခဲ့သည်။ အဘိဓမ္မာတွင်လည်း ထိုသို့ပင်ဆိုလေသည်။
          ဥပုသ်သီလသာမက မိမိတို့စွမ်းနိုင်သလောက် သီလကိုစောင့်ထိမ်းခြင်းသည်လည်း ကျမ်းဂန်များအလိုရ အကျိုးရှိသည်သာ။ တစ်ပါးတတ်နိုင်လျှင် တစ်ပါးစောင့်ပြီး နှစ်ပါးတတ်နိုင်လျှင် နှစ်ပါး စသဖြင့် တစ်နိုင်တစ်ပိုင်သီလများကို စောင့်နိုင်ကြပါသည်။ စောင့်နိုင်သ၍ အကျိုးရှိမည်သာ။
ဓမ္မအသိများကို မိမိတို့နေ့စဉ်ဘ၀ထဲသို့ ယူဆောင်သွားနိုင်ပါစေဟု ဆန္ဒပြုလိုက်ပါသည်။
မေတ္တာဖြင့်-
            အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
                    Thursday, July 07, 2011
0 comments:
Post a Comment