အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Friday, July 8, 2011

သီတင်းသီလ စောင့်ကြသောခါ (အပိုင်း-၂)


သီတင်းသီလ စောင့်ကြသောခါ
             မြန်မာနိုင်ငံတွင် ဥပုသ်ယူခြင်း သို့မဟုတ် သီလဆောက်တည်ခြင်းကို တောနှင့်မြို့အရပ်များမတူ အနည်းငယ်ကွဲပြားသည်ကိုတွေ့ရသည်။ တစ်လလျှင် လေးသီတင်း၊ လဆန်း ၈-ရက်၊ လပြည့်နေ့၊ လဆုပ် ၈-ရက်နှင့် လကွယ်နေ့များတွင် ဥပုသ်စောင့်သည့် ရက်များကတော့ တစ်နိုင်ငံလုံးတူသည်။
          ဥပုသ်နေ့မတိုင်ခင် တစ်ရက်အလိုနေ့ကို အဖိတ်နေ့ဟု ခေါ်သည်။ အချို့သောမြို့နေလူများက ထိုအဖိတ်နေ့မတိုင်ခင် တစ်ရက် ကိုပင် တောအဖိတ်ဟုသုံးပြီး၊ ဥပုသ်နေ့မတိုင်ခင် တစ်ရက်ကိုမူ မြို့ဖိတ် ဟုခေါ်ကြသည်။ စာရေးသူသိရသလောက်မူ တောအရပ်များတွင်လည်း ဥပုသ်နေ့မတိုင်ခင် တစ်ရက်ကိုသာ အဖိတ်ဟုသုံးပြီး၊ ထိုမတိုင်ခင် တစ်ရက်ကို အဖိတ်လို့သုံးသည်ကို မတွေ့ဘူး၊ မကြားဘူးပါ။
          မြန်မာနိုင်ငံရှိ အချို့သော တောအရပ်ဒေသများတွင် ဥပုသ်နေ့ မရောက်ခင် အကြိုနေ့ခေါ် အဖိတ်နေ့တွင် ရွာဦးဘုန်းတော်ကြီး ကျောင်းမှ ကျောင်းသားနှစ်ယောက်တို့သည် မနက်ဖန်သည် ဥပုသ်နေ့ ဖြစ်ကြောင်း ရွာသူရွာသားများ သိစေရန် တစ်ဇွန်းဆန်ခံ ထွက်လေ့ရှိသည်။ တစ်ဇွန်းဆန်ဆိုသည်မှာ တစ်အိမ်လျှင် ဇွန်းနှင့်တစ်ဇွန်း ဆန်ကိုလောင်းလှူ ကြသည့်အတွက် တစ်ဇွန်းဆန်ခံထွက်သည်ဟု ဆိုပါသည်။ အချို့လည်း နို့ဆီဘူးဖြင့် လောင်းလှူကြသည်။ ကျောင်းသားတစ်ယောက်က တောင်းတစ်လုံးကိုထမ်းကာ ကျန်တစ်ယောက်က ကြေးစည်ကိုတီးလျှက် ရွာတွင်းတွင် လှည့်လည်ခြင်းဖြစ်သည်။
          တောနေလူအများစုသည် တစ်နေကုန်တစ်နေခမ်း မိမိတို့၏ လယ်၊ယာထဲတွင်သာ အချိန် ကုန်သောကြောင့် ယနေ့ဘာနေ့ဆိုတာကို သိပ်မသိကြ။ နံက်ဆယ်နာရီခန့်တွင် ရွာဦးကျောင်းမှ နေ့ဆွမ်းခံ ထွက်ရန် တုန်းခေါက်သောအခါဖြင့်သာ နေ့များကိုမှတ်သားကြလေသည်။ တုန်းခေါက်ရာတွင် အစဦးတွင် တစ်နာရီလျှင် တစ်ချက်နှုန်းဖြင့် ဆယ်ချက်ခေါက်ပြီးနောက်၊ ခပ်မြန်မြန်ခေါက်သည်။ ထိုနောက်မှ ဖြေးဖြးချင်း နေ့အလိုက် အချက်အရေတွက်ကို ခေါက်ရသည်။ ဥပမာ တနင်္ဂနွေနေ့ဆိုလျှင် တစ်ချက်၊ တနင်္လာဆိုလျှင် နှစ်ချက်-စသည်ဖြစ်သည်။
          မကြာသေးခင်ကာလများအထိ တောအရပ်ဒေသသည် ကိုယ်ပိုင်နာရီရှိခဲသည်။ အိမ်မှာလည်း နာရီမရှိ။ တစ်မိသားစုလုံးပေါင်းမှ လက်ပတ်နာရီတစ်လုံးတစ်လေတောင် မရှိတတ်ပါ။ ပြက္ခဒိန်မှာလည်း ရှားရှားပါးပါး။ ကျောင်းမှ နာရီထိုးသံတို့ဖြင့်သာ အချိန်ကိုသိရှိကြသည်။ အများစုမှာ တစ်ဇွန်းဆန် ထွက်ခြင်းဖြင့် မနက်ဖန်သည် ဥပုသ်နေ့ဖြစ်ကြောင်းသိကြသည်။
နေကိုကြည့်ခြင်းဖြင့်လည်း ဘယ်အချိန်ရှိပြီဆိုတာကိုလည်း ခန့်မှန်းသိကြသည်။ ဘုန်းကြီးကျောင်းမှ လည်း နံက်ခြောက်နာရီမှစတင်ကာ ညနေခြောက်နာရီအထိ မပျက်မကွက် တစ်နာရီထိုးတိုင်း တုန်းခေါက် ချိန်ဆို တုန်းခေါက်၍ ထိုးစည်ထိုးချိန်ဆို ထိုးစည်တီးခြင်းဖြင့် တောနေလူထုအား အချိန်ကိုသိစေသည်။ အဆိုပါ ထိုးစည်သံနှင့် တုန်းခေါက်သံတို့သည် အတော်ဝေးဝေးအရပ်ထိ ကြားနိုင်သည်။ အတော်လှမ်းသည့် တောတောင်ထဲတွင် ယာလုပ်သူများအဖို့လည်း မိမိရွာမှ နာရီထိုးသံကိုမကြားရစေကာမူ အခြားတစ်ရွာမှ နာရီထိုးသံကို ကြားရသည့်အတွက် နေ့အချိန်နဲ့ပတ်သက်ပြီး သိပ်ပြဿနာမရှိလှ။
          မြန်မာ့အသံကနေ ဥပုသ်နေ့မတိုင်ခင်တစ်ရက်တွင် ယနေ့အဖိတ်နေ့ဖြစ်ကြောင်း နောက်တစ်နေ့ တွင် ဥပုသ်သီတင်းသီလ ဆောက်တည်လိုသူများအတွက် ဥပုသ်နေ့ဖြစ်ကြောင်း ကြိုတင်ကြေငြာလေ့ ရှိသည်။ သို့ရာတွင် နာရီတောင်မှ တစ်ရွာလုံးမှ ဘုန်းကြီးကျောင်းတွင်သာရှိသော တောအရပ်များအဖို့ ရေဒီယို ရုပ်မြင်သံကြားတို့မှ ထုတ်လွှင့်ချက်သည် ဘယ်သို့သိနိုင်ပါမည်နည်း။ ထိုကြောင့် တောနေ လူတို့ဘ၀တွင် ဘုန်းတော်ကြီးကျောင်းသည် ရင်သွေးငယ်တို့ပညာရေး၊ ကုသိုလ်ရေးတို့အတွက်သာမက နေ့စဉ်ဘ၀အတွက်ပါ အရေးပါလှသည်။
          တောနေလူများသည် တစ်ဇွန်းဆန်ခံထွက်သည်ကို ကြားသိပြီး နောတစ်နေ့တွင် ကျောင်းသွားကာ အေးအေးဆေးဆေး ဥပုသ်စောင့်လိုသောကြောင့် နွားစာမှစ၍ ဥပုသ်နေ့အတွက် လုပ်ဆောင်ဖို့ လိုအပ်သည်များကို ကြိုတင်လုပ်ဆောင်သည်။ နံက် ၇-နာရီခန့်တွင် လူကြီးသူမများမှစ၍ အရွယ်စုံ ကျောင်းသို့ရောက်လာကြသည်။ အချို့တောအရပ်ဒေသများတွင် လူငယ်လူရွယ်များသည် အခါကြီး ရက်ကြီးများမှလွဲလျှင် ဘုရားသွားကျောင်းတက် လုပ်ခဲသည်ကိုတွေ့ရသည်။ ဥပုသ်စောင့်အောင် ကျောင်းသို့လာခဲ့သည်။ မိဘများ ကျောင်းကိုအေးအေးဆေးဆေး သွားနိုင်အောင် လူငယ်များက လုပ်ငန်းခွင် ကို သွားကြခြင်းလည်းဖြစ်သည်။
          ကျောင်းသို့သီလယူလာသောအခါ ဆွမ်းဆန်၊မုန့်ပဲသွားရည်စာ၊ လယ်ယာထွက်သီးနှံ စသည်များကို လှူဖွယ်ပစ္စည်းများအဖြစ် ယူဆောင်လာလေ့ရှိသည်။ ၀တ္ထုငွေများလည်း လှူဒါန်းလေ့ရှိသည်။ အခါအား လျော်စွာ ဥပုသ်သည်အများကို စားစရာနေ့လည်စာ စသဖြင့် လှူဒါန်းသည့် အလှူရှင်များလည်းရှိသည်။
          နံက် ၈-နာရီခန့်တွင် ဆရာတော်မှ သီလပေးပါသည်။ သီလယူပြီးနောက် အချို့လည်း အိမ်ပြန် ကြသည်။ အချို့မှာမူ ကျောင်းမှာပင်ကျန်ရစ်ပြီး တစ်နေကုန်အောင် ကျောင်းတွင်နေကြသည်။ အိမ်ပြန်သူတို့ ကမူ ကျောင်းတွင်းဥပုသ်ယူသည်ဆိုပြီး အိမ်ပြန်ရောက်လျှင် လယ်ခင်ယာခင်းကို သွားသူလည်းသွားသည်။ ယင်းကို တစ်ထိုင်ဥပုသ်ဟုလည်း ခေါ်ကြသေးသည်။ ထိုသူတွေကတော့ ညစာကိုလည်းစားကြသည်။ ကျောင်းမှာကျန်ရစ်သူများအတွက်မူ မိမိတို့အိမ်အသီးသီးမှ နေ့ဆွမ်းလာပို့ပေးသည်။ ကျောင်းကလည်း ကျွေးပါသည်။ ထိုသူတို့သည် တစ်နေကုန်အောင် မိမိဘာသာ ပုတီးစိပ်နေလေ့ရှိပြီး ညနေစောင်းမှ အိမ်ကိုပြန်ကြသည်။ ယခုအခါတွင်မူ နေ့လယ်ပိုင်းတွင် တရားထိုင်ခြင်းများကိုလည်း လုပ်လာသည်ကို တွေ့ရသည်။
          မြို့အရပ်များတွင်မူ နံက် ၈-နာရီခန့်တွင်မှ ကျောင်းသို့ရောက်လာကြသည်။ လှူဒါန်းဖွယ်ရာ အဖြာဖြာတို့ကိုလည်း ကိုယ်နှင့်တစ်ပါတည်း ယူဆောင်လာကြသည်။ အချို့မှာမူ မိမိအိမ်ကို ဆွမ်းခံကြွသည့် ဦးဇင်း၊ ကိုရင်တစ်ပါးပါးထံမှာပင် သီလယူလိုက်ကြသည်။ အများစုမှာ ပုတီးစိပ်ပြီး ကိုယ့်တရားကိုယ် နှလုံးသွင်းနေလေ့ရှိသည်။ သီရိလင်္ကာတွင်မူ ဆွမ်းခံကြွသည့်အလေ့ မရှိတော့သောကြောင့် ဥပုသ်သီလ ဆောက်တည်လိုသူများ ကျောင်းသို့သာလာရောက်ကြရသည်။
          မြို့အရပ်ဒေသများတွင် တောအရပ်မှာကဲ့သို့ အဖိတ်နေ့တွင် တစ်စုံတစ်ရာနှိုးစော်သည့် အစဉ်လာမရှိပါ။ ဥပုသ်နေ့ကိုလည်း အကြောင်းအမျိုးမျိုးဖြင့်သိနိုင်လေသည်။ အချို့မြို့များတွင် လပြည့်၊လကွယ်နေ့များနှင့် အခါကြီး ရက်ကြီးများတွင် ဈေးများကို ပိတ်ပေးလေ့ရှိသည်။ သီရိလင်္ကာတွင်မူ ဥပုသ်(ပေါယ)ရက်တိုင်းနှင့် ဘာသာရေး ပွဲတော်ရက်တိုင်းတွင် တစ်နိုင်ငံလုံးရှိ ရုံးများ၊ကျောင်းများကို ပိတ်ပေးလေ့ရှိပြီး၊ မြန်မာနိုင်ငံတွင် သင်္ကြန်ကာလ တစ်ခုတည်းတွင်သာ ထိုကဲ့သို့ပြုလုပ်သည်။ ကျန်သည့် ရက်မြတ်များတွင် ကိုယ့်ဒေသနှင့်ကိုယ် ပိတ်သည်လည်းရှိ၍ ဖွင့်သည်လည်းရှိသည်။ 
ဆက်ပါဦးမည်............။
မေတ္တာဖြင့်-
              အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
 

0 comments:

Post a Comment