အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Thursday, July 7, 2011

သီတင်းသီလ စောင့်ကြသောခါ (အပိုင်း-၁)



သီတင်းသီလ စောင့်ကြသောခါ

          **********
မြန်မာတို့သည် ဥပုသ်စောင့်-ဟူသော စကားလုံးကို ငယ်စဉ်ကပင် အကျွမ်းတ၀င်ရှိပြီးဖြစ်သည်။ ဥပုသ်သည် ဥပေါသထဟူသော ပါဠိစကားလုံးမှ ဆင်းသက်လာသည့် ပါဠိသက်မြန်မာစကားလုံးဖြစ်သည်။ ဥပနှင့်ဝသထ နှစ်လုံးကို ပေါင်းစပ်ထားခြင်းဖြစ်ပြီး၊ ဥပ=အကျင့်ကောင်းများဖြင့်ပြည့်စုံ၍ ၀သထ= နေထိုင်ခြင်း-ဟု အဓိပ္ပါယ်ရပါသည်။
ဥပုသ်စောင့်သုံးခြင်း သို့မဟုတ် သီလဆောက်တည်ခြင်း ကို ဘုရားမပွင့်မှီကတည်းကပင် ကျင့်သုံးခဲ့ကြကြောင်း ဇာတ်တော်များအလိုရ သိရသည်။ ဘုရားလောင်း ဖြစ်စဉ် ဘ၀များတွင် ဥပုသ်သီလစောင့်သုံးခြင်းကို ပါရမီတစ်ပါး အနေဖြင့် ဖြည့်ဆည်းတော်မူခဲ့ကြောင်း ဇာတ်တော်အများပြား တွင် တွေ့နိုင်သည်။
          ဇာတ်တော်ကြီးဆယ်ဘွဲ့တွင် ဘူရိဒါတ်ဇာတ်တော်မှာ ဘုရားလောင်း သီလပါရမီကို ဖြည့်ကျင့် တော်မူသည့်အထဲတွင် ထင်ရှားလှသည့်ဇာတ်တော်ဖြစ်သည်။ နတ်နဂါးဇာတ်ဖြစ်သော ဘူရိဒါတ္တ နဂါးမင်းသည် ဥပုသ်သီတင်းကို စောင့်ထိမ်းလိုသော်လည်း ကာမဂုဏ်အာရုံးများ ထွေပြားလွန်းသည့် နဂါးတို့ပြည်ဝယ် စောင့်ထိမ်းလိုက်နာရန် ခက်ခဲသောကြောင့် လူ့ပြည်ကိုရောက်လာခဲ့သည်။ လူ့အသွင်ကို ယူကာ ဥပုသ်စောင့်ခဲ့ဖူးသည်။
          ယုန်မင်းဇာတ်တော်မှာဆိုလျှင်လည်း ဘုရားလောင်းယုန်မင်းနှင့် အပေါင်းပါတစ်စုဖြစ်သည့် မျောက်၊ မြေခွေးနှင့် ဖျံတို့လည်း ဥပုသ်သီလများ စောင့်သုံးခဲ့ကြောင်း အထင်ရှားပင် တွေ့ရှိရသည်။ ထိုအတူ ဘုရားရှင်လက်ထက်တောအခါမစ၍ ယနေ့တိုင်အောင် ကျင့်သုံးလိုက်နာနေဆဲပင်ဖြစ်သည်။ အထူအားဖြင့် ထေရ၀ါဒဗုဒ္ဓဘာသာနိုင်ငံများတွင် တွေ့နိုင်ပါသည်။ ထိုအထဲတွင်မှ မြန်မာနှင့် သီရိလင်္ကာတို့တွင် လိုက်နာ ကျင့်သုံးနေသည့် ယနေ့မြင်တွေ့နေရသော အခြေနေများကို တင်ပြလိုပါသည်။
          သီရိလင်္ကာနှင့် မြန်မာတို့သည် ထေရ၀ါဒဗုဒ္ဓဘာသာခြင်းပင် တူစေကာမူ ဗုဒ္ဓဘာသာဆိုင်ရာ အလေ့ထများနှင့် ဘာသာရေးပွဲတော်များ၊ ဘုရားသွားကျောင်းတက်များမှာ သိသိသာသာပင် ခြားနား လှသည်။ ထိုကွဲပြားခြားနားမှုများထဲတွင် ဥပုသ်စောင့်သုံးခြင်းမှာလည်း တစ်ခုအပါဝင်ဖြစ်သည်။ ထိုသို့ မတူကွဲပြား ခြားနားနေခြင်းကပင် ကိုယ့်အစဉ်လာနဲ့ကိုယ် ကိုယ့်ယဉ်ကျေးမှုနဲ့ကိုယ်၊ ထိုအတူ ကိုယ်ပိုင် ဂုဏ်လည်းဖြစ်သည်။
          သီရိလင်္ကာသားတို့သည် သာရေးနာရေးစသော အခမ်းနားများတွင် ငါးပါးသီလကိုသာ စောင့်ထိမ်း လေ့ရှိပြီး၊ ဥပုသ်သီလကိုမူ တစ်လလျှင်တစ်ကြိမ် လပြည့်နေ့တစ်ရက်တည်းတွင်သာ စောင့်ထိမ်းလေ့ရှိသည်။ ထိုနေ့တွင် နံက်စောစော ငါးနာရီခွဲခန့်မှစတင်ကာ ကျောင်းကိုရောက်လာကြသည်။ လက်ထဲတွင်မူ ဘုရားရှင်ကို ပူဇော်ဖို့ရာ (ဗုဒ္ဓပူဇာ) ပန်း၊အမွှေးတိုင်နှင့် ဆီများကိုသယ်ဆောင်လာလေ့ရှိသည်။
          ၆-နာရီတွင် ဆရာတော်တစ်ပါးမှ ဥပုသ်ပေးပြီး တရားအနည်းငယ်ဟောကြားသည်။ ပြီးလျှင် ဗုဒ္ဓပူဇာကို ဆွမ်း၊ပန်း၊ရေချမ်း၊အမွေးနံ့သာတို့ဖြင့် တစ်ဦးနှင့်တစ်ဦး လက်ဆင့်ကမ်းကာ လှူဒါန်းကြသည်။ ရဟန်းတော်တစ်ပါးမှ ဘုရားရှိခိုးစသည်တို့ကို ရှေ့ကနေတိုင်ပေးပြီး လူများက နောက်ကနေ လိုက်ဆိုကြသည်။ အထူးအားဖြင့် ဆီမီးထွန်းခြင်း၊ ဗုဒ္ဓမြတ်စွယ်တော်ကိုပူဇော်ခြင်းနှင့် ဗောဓိပင်ကိုပူဇော်ခြင်း (ဗောဓိပူဇာ)တို့ကို ဘာသာရေးနှင့်ဆိုင်သည့် အခမ်းနားတိုင်းနီးပါးတွင် တွေ့ရလေ့ရှိသည်။
          ရှစ်နာရီခန့်တွက် ဥပုသ်စောင့်သူများကို အလှူရှင်များက လာရောက်လှူဒါန်းသည်။ မနက်စာစားပြီး ခေတ္တခဏနားကာ တရားဟော-တရားနားခြင်းများကို နေ့လည်စာစားချိန်အထိ ဆက်လုပ်ကြသည်။ တစ်နာရီ တစ်ကြိမ်ဆိုသလို ဆယ်မီးနစ်ခန့်နားပါသည်။ ဥပုသ်သည်များ တရားထိုင်သည်ကိုတော့ တစ်ခါမှ မတွေ့ရပါ။
          နေ့လည် ၁၂-နာရီမတ်တင်းခန့်တွင် နေ့ဆွမ်းအတွက်အလှူရှင်များက လာရောက် လှူဒါန်း ကြပြန်သည်။ ဘုရားဆွမ်းတော်တင်ခြင်း စသည်တို့ကို နံက်ကအတိုင်း လူစုလူဝေးနှင့် လုပ်ကြသည်။ နေ့လည် ၁၂-နာရီစွန်းပြီးမှပင် နေ့လည်စာကို စားကြသည်။ ထိုအတူ ရဟန်းတော်များကို နေ့ဆွမ်း ကပ်ရာတွင် ၁၂-နာရီနီးမှ ကပ်ရလေ့ရှိပြီး နေ့ဆွမ်းစား၊အချိုပွဲဘုဉ်းပေးခြင်းကို ၁၂-နာရီခွဲခန့်မှပင် ပြီးကြတော့သည်။ ဆွမ်းစားကွမ်းစားတိုင်းတွင် တွေ့ရလေ့ရှိသည့် မြင်ကွင်းဖြစ်သည်။ မြန်မာနိုင်ငံတွင်မူ ၀ိကာလာဘောဇနသိက္ခာပုဒ်အရ နေ့လည် ၁၂-နာကျောလျှင် ရဟန်းသာမဏေများသာမက ဥပုသ်သည်များလည်း မစားကြတော့ပါ။ နောက်တစ်နေ့ အရုဏ်တက်သည်အထိ စောင့်ထိမ်းကြခြင်း ဖြစ်သည်။
          နေ့လည်စာစားပြီး ခေတ္တနားကာ တစ်နာရီအချိန်တွင် နေ့လည်တရားကို ညနေ ၆-ရီအချိန်ခန့်ထိ တစ်နာရီလျှင် မီးနစ်အနည်းငယ်စီအနားယူကာ တရားနာခြင်းကို တွေ့ရသည်။ တရားဟောသည့် ဆရာတော်များမှာ တစ်ကြိမ်လျှင် တစ်ပါးစီပြောင်းဟောကြသည်။ ရဟန်း-ကိုရင်မခွဲခြားပဲ တရားဟောကြခြင်းဖြစ်သည်။
          ညနေ ၆-နာရီအချိန်ခန့်တွင်မူ ရေစက်ချအမျှဝေပြီး ငါးပါးသီလကိုထပ်မံယူကာ အိမ်ကိုပြန်ကြပါတော့သည်။ ယင်းကို သီလချသည်ဟု မြန်မာတို့က ခေါ်ကြသည်။ မြန်မာနိုင်ငံတွင်မူ နောက်တစ်နေ့ အရုဏ်တ်မှသာလျှင် ဥပုသ်ထွက်ကြပြီး ငါးပါးသီလကို အိမ်ရှိဘုရား၌ပင်ယူကာ သီလချသည်။ ဤသို့ဖြင့် တစ်နေတာဥပုသ်စောင့်ခြင်းလည်း ပြီးဆုံးတော့သည်။ မြန်မာနိုငံမှာကဲ့သို့ အထူးတရားပွဲများ၊ ညတရားပွဲများကိုတော့ အတော်ပင်တွေ့ရခဲသည်။ ရှိသည်ဟုတောင် မကြားမိ သလောက်ပင်။  
*****
ဆက်ပါဦးမည်..............။
မေတ္တာဖြင့်-
             အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)

0 comments:

Post a Comment