အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Tuesday, July 5, 2011

ဝန်နှင့်ဂုဏ် အပိုင်း (၂)


ဝန်နှင့်ဂုဏ်
**********
အထက်ပါရှုထောင့်မျိုးသည် သဒ္ဓါတရားဘက်ကနေ ရှုမြင်ရမည့်အမြင်ဖြစ်သည်။ ပညာဖြင့် ဝေဖန်ရမည့်အရာမဟုတ်။ ထိုကဲ့သို့သော ဖြစ်ရပ်ဆန်းကို ကြားသိရသည့် စာပေကိုမတတ်ကျွမ်းသည့် ဗုဒ္ဓဘာသာဝင်များအတွက် သဒ္ဓါတရားကိုတိုးပွားစေနိုင်သည်။ ဖြစ်နိုင်ချေရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ထိုဖြစ်ရပ်ကြောင့် မည်သူမျှ အကျိုးမဲ့မဖြစ်ပါ။ ထို့အတူ ဗုဒ္ဓ၀င်တို့လိုကျမ်းမျိုးတို့ကိုလည်း ထိုသို့ပင် သဒ္ဓါတရားရှုထောင့် သာမန်လူတို့ရှုထောင့်ဖြင့်သာ ရှုမြင်သင့်ပြီး သာသနာတော်ကို အကြည်ညိုတိုးဖို့ရာ ကျမ်းမျိုးဖြစ်၍ မည်သူမဆိုရေးနိုင်၍ အပြစ်မမြင်သင့်ကြောင်း ပြောပြလေသည်။
ထိုပြင် ၀ိသုဒ္ဓိမဂ်စသော ကျမ်းစာများကို ပညာရှင်ရှုထောင့်ကနေ ကြည့်လိုက်ပြန်လျှင်လည်း ဘာမျှအပြစ်ပြောစရာမမြင်။ အကြောင်းရာခိုင်လုံသည်။ အမြင်စူးစူးရှရှဖြင့်ရေးသားထားသည်။ အထောက်ထားခိုင်လုံသည်။ ယနေ့ခေတ်တွင် အရှေ့အနောက်နိုင်ငံများတွင် ခေတ်စားနေသည့် သုတေသနကျမ်းရေးနည်းများ မပေါ်ခင်က ၄င်းဝိသုဒ္ဓိမဂ်ကျမ်းတွင် သုတေသနသဘောတရားများ နည်းစနစ်များ အပြည့်အစုံပါဝင်နေသည်။ အစအဆုံး ကွင်းဆက်မိမိနှင့် ထိထိမိမိရှိလှသည့် အရေးသားမျိုးကို တွေ့ရမည်ဖြစ်ကြောင်း၊ ဤသည်မှာ ပညာရှုထောင့်ကနေ ရှုမြင်ရမည့်အချက်ဖြစ်ကြောင်း ဆက်လက်ပြောဆိုသွားသည်။ သမိုင်းကြောင်းတစ်ခုသည်သာ အံ့သြဘနန်းဖြစ်ရပ်အဖြစ် မှတ်တမ်းတွင်ရှိနေခြင်းဖြစ်သည်။ မဖြစ်နိုင်ပါဟုလည်း မည်သူမျှ အတိကျမပြောနိုင်ပါ။
မြန်မာနိုင်ငံတွင်လည်း ဗုဒ္ဓဘာသာသည် သက်တန်းရှည်ကြာသည့်အလျှောက် ဗုဒ္ဓစာပေဆိုင်ရာတွင် ပညာအများအပြားထွန်းကားခဲ့သည်။ ယနေ့တိုင်အောင် ထွန်းကားနေဆဲဖြစ်သည်။ သို့တစေ ထိုကဲ့သို့ ပါဠိတော်ဆိုင်ရာ အဖွင့်ကျမ်းများကို ရေးသားရာတွင်မူ ငယ်ငယ်ရွယ်ရွယ်ရေးသားနိုင်သူများ သမိုင်းတစ်လျှောက်တွင် အမြောက်အမြားပေါ်ထွက်ခဲ့စေကာမူ အသက်ရွယ်နုနယ်သေးသည့်အတွက် ရေးသားလေ့မရှိကြောင်းတွေ့ရသည်။ ရေးသားသည့်တိုင် မိမိနာမည်ကို မသုံးပဲရေးသားလေ့ရှိကြောင်း ကြားသိဖူးသည်။
ထိုအကြောင်းနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံမှ ပါဠိစာပေသာမက အင်္ဂလိပ်စာပေအပါဝင် အခြားဘာသန္တရစာပေများကိုပါ တတ်ကျွမ်းသည်ဟု အများကလက်ခံထားသည့် ဆရာတော်တစ်ပါးမိန့်ဆိုချက်မှာ မှတ်သားဖွယ်ရာလည်းဖြစ်သည့်အပြင်၊ ရှင်းလင်းအောင်သိမြင်စေသည့် အချက်လည်းဖြစ်သည်။
အနောက်တိုင်းသားနှင့် ရှေ့တိုင်းသား (အထူးအားဖြင့် မြန်မာနိုင်ငံသား)တို့သည့် စာပေရေးသားရာတွင် ခံယူချက်ကွာခြားသည်။ အနောက်တိုင်းသားက စာပေရေးသားခြင်းကို ဂုဏ်တစ်ရပ်အနေဖြင့်ခံယူကာ ရေးသားပြီး၊ ငယ်ငယ်ရွယ်ရွယ်နှင့် ရေးသားနိုင်ကြောင်း ဂုဏ်ယူလို၍ ရေးသားကြသည်။ သို့ရာတွင် မြန်မာတို့ကမူ ၀န်တစ်ရပ်အနေဖြင့် ရေးသားလေ့ရှိသည်။ ဆရာသမား သို့မဟုတ် ပညာရှိတစ်ဦးဦးက တာဝန်ပေးအပ်လာ၊ လိုအပ်ချက်နှင့်အညီရေးသားရန် တာဝန်ပေးအပ်လာသည့်အခါမှသာ ရေးသားလေ့ရှိသည်။
တာဝန်အရ ရေးသားခြင်းဆိုသည်မှာလည်း ဘာသာရေးဆိုင်ရာ အဖွင့်ကျမ်းများကိုသာ ဆိုလိုခြင်းဖြစ်ပါသည်။ ဘာသာရေးအရသာမက အတိုင်းတာတစ်ခုသော လူ့အသိုင်းဝိုင်းကနေ အလေးမြတ်ထားသော ကျမ်းစာများဖြစ်သည့်အားလျှော်စွာ ထိုရေးသားသောကျမ်းကို ခိုင်မာစေရာတွင် ရေးသားသူ၏ အသက်အရွယ်ကလည်း တစ်ဖက်တစ်လမ်းကနေ အကျိုးသက်ရောက်မှုရှိကြောင်း ဆိုလေသည်။
ထို့ပြင် မြန်မာတို့သည် မလိုအပ်ပဲနှင့် ကျမ်တစ်စောင်တည်းကို နှစ်ဦးပြိုင်ရေးလေ့မရှိပေ။ မသိလို့ရေးမိကြပြီး အကြောင်းတိုက်ဆိုင်၍ သိလာသောအခါတွင်မူ တစ်မူသာကျန်စေပြီး၊ အခြားတစ်မူကို ဖျက်စီးလေ့ရှိကြောင်း သမိုင်းများတွင်ဆိုသည်။ အကြောင်းမှာ တစ်ဦးအရည်ခြင်းကို တစ်ဦးကယုံကြည်သည့်အပြင် နောင်လာနောက်သားတို့လည်း အဆိုပါကျမ်းနှစ်မျိုးကြောင့် အငြင်းမပွားစေလိုသောကြောင့်ဖြစ်သည်။ ဤအချက်ကလည်း စာရေးသားခြင်းကို ဂုဏ်တက်လို၍ ရေးသားခြင်းမျိုးမဟုတ်ပဲ လောကလိုအပ်ချက်ကြောင့် ရေးသားခြင်းဖြစ်ကြောင်း ထင်ပေါ်စေသည်။
အင်းဝခေတ် ထင်ရှားသောဖြစ်ရပ်တစ်ခုကိုကြည့်ပါ။ ဓားမကူးဆရာတော်ခေါ် တောင်ဖီလာဆရာတော်သည် ရွှေဥမင်ဆရာတော်နှင့် တွေ့ဆုံပြီးနောက် မိမိရေးသားပြီးနေသည့် ၀ိနည်းငါးကျမ်းနိဿယကိုပင် ရွှေဥမင်ဆရာတော်ကလည်း ရေးသားပြီးဖြစ်ကြောင်း ကြားသိလိုက်ရသည်။ ကျမ်းပြီးရက်ကို စစ်ကြည့်လိုက်သောအခါ မိမိက အတန်ငယ်နောက်ကျနေကြာင်းကိုပါ သိလိုက်ရသည်။ ထိုကြောင့် မိမိကျမ်းကြောင့် နောင်လူများအငြင်းပွား အချင်းပွားကာ အကျိုးမဲ့မည်စိုးသောကြောင့် စေတီရင်ပြင်တွင် မီးပူဇော်လိုက်သည်ဆို၏။ အချိုကလည်း စေတီတစ်ဆူတွင် ဋ္ဌာပနာလိုက်သည်ဟု ဆိုကြသည်။ မည်သို့ဆိုစေ မိမိကိုယ်တိုင်ဖြစ်စေ အခြားသူများ၏ တိုက်တွန်းချက်ကြောင့်ဖြစ်စေ ကျမ်းစာများကို ရေးသားရာတွင် လိုအပ်ချက်ကို တာဝန်ယူဖြည့်ဆည်းလိုသောကြောင့်သာ ရေးသားခြင်းဖြစ်ကြောင်း တွေ့ရသည်။
ပါဠိစာပေသမိုင်းတွင် နိဿယမူကွဲတို့လိုကျမ်းများစွာတို့ကို ဖော်ပြထားတာရှိပါသည်။ ၄င်းတို့မှာလည်း အချို့ကျမ်းများမှာ ခေတ်တစ်ခေတ်တည်းမှာပင် ရေးသားခဲ့ကြစေကာမူ ပတ်ဝန်းကျင်နှင့် လိုအပ်ချက်တို့ကွာခြားမှုကြောင့် မူကွဲများရှိခြင်းဖြစ်သည်။ သို့တစေ ထိုထိုကျမ်းတို့သည်လည်း ၀န်တစ်ခုအနေဖြင့် ရေးသားခြင်းဖြစ်ကြောင်း သက်ဆိုင်ရာကျမ်းနိဂုံးတို့ကို ဖတ်ရှုလိုက်ပါက အထင်ရှားတွေ့မြင်ရမည်ဖြစ်ပါသည်။             ။
အကြောင်းညီညွတ်ခဲ့ပါက သုတေသနစာတမ်းအဖြစ် ပြန်လည်ရေးသားပါဦးမည်။
မေတ္တာဖြင့်-
အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
Thursday, June 30, 2011

2 comments:

ရွှေဘုန်း(စေတနာပန်းခင်း) said...

လေ့လာဖတ်ရှုသွားပါတယ် ဆရာတော်၊ ဗဟုသုတတွေ တိုးပွါးရပါတယ်။

Ideal Idea said...

Excellent!! You r really doing well, friend.

Post a Comment