အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Monday, July 4, 2011

ဝန်နှင့်ဂုဏ် အပိုင်း (၁)


ဝန်နှင့်ဂုဏ်
          ယနေ့ကမ္ဘာတွင် နယ်ပယ်အသီးသီးမှ လူတန်းစားအလွှာစုံတို့သည် ဗုဒ္ဓဘာသာကို ရှုထောင့်အမျိုးမျိုးဖြင့် လေ့လာနေကြသည်၊ လိုက်စားနေကြသည်။ ထိုသူတို့၏ လိုအပ်ချက်အဖုံဖုံကို ဖြည့်ဆည်းပေးမည့် ဗုဒ္ဓဘာသာဆိုင်ရာ စာပေများလည်း တဖြေးဖြေးနှင့် ကျယ်ပြန့်လာသည်။ အရောင်သွေးစုံလာသည်။
          ခရစ်ယာန်သာသနာပြုများက ကမ္ဘာတစ်လွှားရှိ ဒေသခံများကို သာသနာပြုရာမှစတင်ကာ အနောက်တိုင်းသားတို့သည် ဗုဒ္ဓဘာသာကို စိတ်ဝင်စားခဲ့သည်။ ၁၉-ရာစုအလယ်ခေတ်လောက်တွင် အနောက်တိုင်း ပညာရှင်တစ်စုတို့သည် ဗုဒ္ဓဘာသာဂိုဏ်းအသီးသီးတို့၏ မြုပ်ကွယ်နေသည့် ရှေးဟောင်းကျမ်းစာများကို ရှာဖွေတွေ့ရှိခဲ့ကြသည်။
          အဆိုပါရှာဖွေတွေ့ရှိချက်ကြောင့် သူတို့၏မူရင်းယုံကြည်ချက်နဲ့ ပတ်သက်ပြီး နူတ်ဆိတ်နေခဲ့ကြသည်။ သို့ရာတွင် တွေ့ရှိထားသောကျမ်းများအပြင်၊ အရှေ့တိုင်းသားတို့၏ လက်ရေးမူများကို စုစည်းကာ ပညာရှင်များဖြစ်သည့်အလျှောက် ဘာသာပြန်ဆိုခြင်း၊ လေ့လာခြင်း၊ တည်းဖြတ်ခြင်းစသည်တို့ကို ပြုလုပ်ခဲ့ကြသည်။  အကျိုးဆက်တစ်ခုအနေဖြင့် အနောက်တိုင်းတက္ကသိုလ်များတွင် ဗုဒ္ဓဘာသာဆိုင်ရာလေ့လာရေးဋ္ဌာနများ ပေါ်ပေါက်လာခဲ့ပြီး အနောက်တိုင်းသားများရေးသည့် ဗုဒ္ဓဘာသာဆိုင်ရာစာပေများလည်း ပလူပျံလာ၊ အရောက်အသွေးစုံလာတော့သည်။
*****
          ရှေးအခါက ဗုဒ္ဓစာပေ(အဋ္ဌကထာ၊ ဋီကာစသောကျမ်းစာများ)ကို ရေးသားသူတို့မှာ အများအားဖြင့် ရဟန်းတော်များသာဖြစ်သည်။ ထိုသို့ရေးသားရာတွင်လည်း လူတို့အတွက်၊ လောကအတွက်လိုအပ်ချက်တို့ကြောင့်သာ ရေးသားခြင်းဖြစ်ပြီး ထင်ပေါ်ကျော်ကြားလိုသော အာသာဆန္ဒတို့ဖြင့် ရေးသားခြင်းမဟုတ်ကြ။ တစ်နည်းအားဖြင့်ဆိုသော် တစ်စုံတစ်ဦး၏ တောင်းပန်ချက် မေတ္တာရပ်ခံချက်တို့ဖြင့်သာ ဗုဒ္ဓဘာသာဆိုင်ရာ စာပေများကို ရေးသားရိုးထုံးစံရှိကြသည်။ သိသာထင်ရှားသည့်အချက်အနေဖြင့် ရှေးဗုဒ္ဓဘာသာဆိုင်ရာ စာပေကျမ်းဂန်များ၏နိဒါန်း သို့မဟုတ် ကျမ်းပြီးနိဂုံးတို့တွင် မည်သူကတောင်းပန်၍ ရေးသားရကြောင်း ပါရှိလေသည်။
          ဗုဒ္ဓဘာသာသည် အရှေ့တိုင်းတွင် စတင်ပေါ်ထွန်းခဲ့သည်။ ယခုဆိုလျှင် နှစ်ပေါင်းနှစ်ထောင့်ငါးရာ ကျော်လာပြီဖြစ်သည်။ ဗုဒ္ဓဘာသာစတင်ပေါ်ထွန်းခဲ့ပြီးနောက် နှစ်ပေါင်းလေးရာခန့်တွင် ဗုဒ္ဓစာပေကို ပေစာအရေးသားဖြင့် စတင်မှတ်တမ်းတင်ခဲ့ကြောင်းသိရသည်။ ထို့ထက်စောပြီး စာပေးရေးသားခြင်းအတတ်အများ စတင်ပေါ်ထွန်းခဲ့ပြီးဖြစ်သော်လည်း ဗုဒ္ဓဘာသာကိုမူ နှုတ်အားဖြင့်သာ ဆရာစဉ်တပည့်ဆက် လက်ဆင့်ကမ်းသယ်ဆောင်လာကြသည်။
          နှောင်းပိုင်းကာလများတွင် အကြောင်းအမျိုးမျိုးကြောင့် နှုတ်ဖြင့်လက်ဆင့်ကမ်းသော အစဉ်လာမှာ ရေရှည်တည်တန့်ရန် ခက်ခဲလာသည်ဟု ရှု့မြင်သုံးသပ်မိရာကနေ စာပေဖြင့် ပြောင်းလည်းမှတ်သားခြင်းကို စတင်ခဲ့သည်။ သို့တစ်စေ နှုတ်တက်ဆောင်ခြင်းအလေ့ကိုမူ ဆက်လက်လုပ်ဆောင်ခဲ့သည်။ မြန်မာနိုင်ငံတွင်မူ ယနေ့တိုင်နှုတ်တက်ဆောင်အစဉ်လာကို တွေ့နေရဆဲဖြစ်သည်။ ဥပမာအားဖြင့် သာသနာရေးဝန်ကြီးဋ္ဌာနမှ နှစ်စဉ်ကျင်းပလေ့ရှိသော တိပိဋရွေးချယ်ရေးစာပြန်ပွဲလိုမျိုးဖြစ်သည်။
          ဗုဒ္ဓဘာသာကိုစတင်တည်ထောင်သူ ဗုဒ္ဓသည် ဘီစီ-၆-ရာစုတွင် ပွင့်ထွန်းခဲ့သည်။ ဘီစီ-၁-ရာစုတွင် သီရိလင်္ကာနိုင်ငံတွင် စတုတ္ထသင်္ဂါယနာတင်ခဲ့သည်။ ထိုအချိန်မှစတင်ကာ ဗုဒ္ဓဟောကြားတော်မူခဲ့သော တရားတော်များကို စာပေဖြင့်စတင်မှတ်တမ်းတင်ခဲ့သည်။ ထို့ထက်စောသောကာလအတွင်းကပင် ဗုဒ္ဓတရားတော်များကို ခေတ်အခြေနေနှင့် ပတ်ဝန်းကျင်လူတို့၏ လိုအပ်ချက်အရ နားလည်လွယ်ကူစေမည့် အဖွင့်ကျမ်းများကို ရေးသားခဲ့ကြသော်လည်း အေဒီငါးရာစုဝန်းကျင်လောက်တွင်မှ ပို၍ကျယ်ကျယ်ပြန့်ပြန့် ရေးသားလာသည်ဟု အချို့ကယူဆကြသည်။
          တတိယသင်္ဂါယနာတင်ပြီး ဘီစီ-၃-ရာစုမှစတင်ကာ အိန္ဒိယရှိဗုဒ္ဓဘာသာသည် အသောကမင်းကြီးနှင့် အရှင်မောဂ္ဂလိပုတ္တတိဿမထေရ်တို့၏ လမ်းညွှန်ချက်ဖြင့် နိုင်ငံအသီးသီးသို့ ရောက်ရှိထွန်းကားခဲ့သည်။ အေဒီ-၅-ရာစုတွင် အရှင်မဟာဗုဒ္ဓဃောသမထေရ်သည် ဆရာ၏ညွှန်ကြားချက်ဖြင့် သီဟဠဘာသာစကားဖြင့်တည်ရှိနေသည့် ဗုဒ္ဓစာပေများကို ပါဠိဘာသာပြန်ဆိုရေးသားရန် အိန္ဒိယကနေ သီရိလင်္ကာကိုရောက်လာခဲ့သည်။ ဗုဒ္ဓဟောကြားတော်မူခဲ့သည့် မူရင်းတရားတော်များအားလုံးနီးပါးကိုလည်း ခေတ်အခြေနေရ နားလည်သိမြင်အောင် အဖွင့်ကျမ်းများအဖြစ် ပြန်လည်ရေးသားခဲ့သည်။
          ထိုအေဒီ-၅-ရာစုကာလ၊ သီရိလင်္ကာကိုရောက်လာသော အရှင်မဟာဗုဒ္ဓဃောသမထေရ်ကို မဟာဝိဟာရ၀ါသီရဟန်းတို့က စမ်းသပ်လို၍ ဂါထာတစ်ပုဒ်ကို အဖွင့်ကျမ်းရေးသားစေခဲ့သည်။ သို့ဖြင့် ထေရ၀ါဒဗုဒ္ဓဘာသာတွင် ထင်ရှားလှသည့်ကျမ်းတစ်ဆူဖြစ်သည့် ၀ိသုဒ္ဓိမဂ်ကျမ်းကြီးမှာ ပေါ်ပေါက်လာရသည်။
          မြန်မာနိုင်ငံတွင်မူ အေဒီ-၁၁-ရာစုဝန်းကျင်ကာလမှစတင်ကာ ဗုဒ္ဓစာပေဆိုင်ရာ သဒ္ဒါ၊အလင်္ကာနှင့် အဖွင့်ကျမ်းစသည်တို့ကို ရေးသားခဲ့ကြောင်း သမိုင်းပညာရှင်တို့က သုံးသပ်ကြသည်။ ထိုသို့ရေးသားရာတွင်လည်း အထက်ပါတင်ပြခဲ့သည့်အတိုင်း ခေတ်အခြေနေ လိုအပ်ချက်တစ်မျိုးမျိုးကြောင့် တစ်စုံတစ်ဦး၏ တောင်းပန်၊မေတ္တာရပ်ခံချက်တို့ဖြင့်သာ ဆိုင်ရာကျမ်းစာများကို ရေးသားခဲ့ကြသည်။
          ကေလနိယတက္ကသိုလ် ဗုဒ္ဓဘာသာနှင့် ပါဠိစာပေလေ့လာရေးဋ္ဌာနတွင် ဒါရိုက်တာလည်းဖြစ် ပရော်ဖက်ဆာတစ်ဦးလည်းဖြစ်သည့် ဒေါက်တာသုမနပါလ၏ ဗုဒ္ဓစာပေဆိုင်ရာ ရေးသားမှုနှင့်ပတ်သက်၍ မှတ်ချက်ပေးသည်မှာ မှတ်သားဖွယ်ကောင်းသည်။ အကြောင်းမှာ ပညာရှင်တို့သည် သူတို့ယုံကြည်ရာကို လိုက်ပါအောင်ဆွဲဆောင်လိုသောကြောင့် စာပေရေးသားရာတွင် မဖြစ်နိုင်သည့်အခြေနေများကို ပြည်သူတို့အား ရေးသားတင်ပြ၍ အဂတိတရားကို လိုက်စားရာရောက်သည်ဟု ထောက်ပြလာသောကြောင့်ဖြစ်သည်။ 
          ဒေါက်တာသမနပါလနှင့် ဗုဒ္ဓစာပေဆိုင်ရာ ပညာရှင်အသီးသီးတို့ အလိုအလိုအရ ယင်းထောက်ပြချက်မှာ နားလည်မှုလွဲမှားခြင်းသာဖြစ်ကြောင်း၊ ဘာသာရေးဆိုင်ရာ စာပေများကို သဒ္ဓါတရားရှု့ထောင့်နှင့် ပညာရှင်ရှု့ထောင့်တို့ဖြင့် ခွဲခြားသိမြင်သင့်ကြောင်း ဆိုကြလေသည်။
အရှင်မဟာဗုဒ္ဓဃောသသည် ၀ိသုဒ္ဓိမဂ်ကို တစ်ညတည်းတွင် သုံးကြိမ်တိုင်အောင် ပြန်ရေးရသည်ဟု ဆိုစမှတ်ပြုကြသည်။ ထိုကျမ်းရေးပြီးနောက် ခဏတာအနားယူလိုသောကြောင့် စင်္ကြန်ထွက်လျှောက်ပြီး စာရေးရာနေရာသို့ ပြန်ရောက်လာသောအခါ ထိုရေးပြီးစကျမ်းစာမှာ ပျောက်ခြင်းမလှ ပျောက်သွားသည်။ သို့နှင့် ဒုတိယအကြိမ် ထပ်ရေးသည်။ ပျောက်သွားပြန်သည်။ ထိုနောက် တတိယအကြိမ် ထပ်ရေးပြန်သည်။ ဤအကြိမ်ရေးပြီးချိန်တွင်မူ မိုးစင်စင်လင်းသွားသည်။
သို့နှင့် ထိုသုံးကြိမ်မြောက်ရေးပြီးသော ကျမ်းစာကိုဖြင့်မူ စစ်ဆေးမည့် မဟာဝိဟာကျောင်းတိုက်နေ ရဟန်တော်များထံသို့ သွားပို့လိုက်သည်။ ကျမ်းကို စစ်ဆေးနေချိန်မှာပင် ပျောက်သွားသည့် ကျမ်းနှစ်စောင်လည်း အလိုအလျှောက်ပေါ်လာသည်။ ဆရာတော်၏ ဥာဏ်ပညာထက်မြက်မြင့်မားမှုကို ထင်ထင်ရှားရှား သိမြင်စေလိုသောကြောင့် နတ်များက ၀ှက်ထားသောဟူ၏။
ထိုဝိသုဒ္ဓိမဂ်ကျမ်းသည် ယနေ့အချိန်တွင် စာမျက်နှာပေါင်းများစွာရှိသည့် စာအုပ်တစ်အုပ်ဖြစ်သည်။ ထိုစာအုပ်ကို ရေးသားချိန် ပေခေတ်တွင်မူ မည်မျှများပြားနေမည်နည်း။ ကညစ်တံဖြင့်ရေးသားရသောခေတ်ဖြစ်၍ အဘယ်မျှ ပင်ပမ်းလေမည်နည်း။ တစ်ညတည်းဖြင့် ကိုယ်တိုင်ရေးဖို့မပြောနဲ့ ကူရေးဖို့ပင်မလွယ်။ တစ်စောင်မက သုံးစောင်တောင်မှ ရေးပြီးလေသည်။ ကျမ်းကိုစစ်ဆေးတိုက်ဆိုင်ကြည့်ရာတွင်လည်း ကျမ်းသုံးခုလုံး ၏၊သည်မရွေ့ တူသောဟူ၏။
 ဆက်ပါဦးမည်..............
မေတ္တာဖြင့်-
အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)

0 comments:

Post a Comment