အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Sunday, July 3, 2011

စံမှီမေတ္တာ အပိုင်း (၂)


“စံမှီမေတ္တာ”
              လူပေါင်းများစွာတို့၏အာရုံတွင် ဘုရားရှင်နှင့် သံဃာတော်များကိုသာမက ဘုရားရှေ့မှောက်တွင် ၀မ်းလျားထိုးကာ တံတားခင်းနေသည့် ရသေ့ငယ်ကိုလည်း သတိမပြုပဲ မနေနိုင်လောက်ကိုပင် ဖြစ်ခဲ့ကြပြီ။ ထို့အတူ မိမိတို့မြို့တွင် အချောဆုံးလည်းဖြစ် မည်သူမေတ္တာပန်းကိုမျှ မပန်ဆင်၊ မိမိကို တောင်းရမ်းလာသူမှန်သမျှကိုလည်း ယဉ်ယဉ်ကျေးကျေး ခေါင်းခါခဲ့သည့်   နာမည်ကြီးသူဋ္ဌေးသမီး သုမိတ္တာ၏ ထူးဆန်းလှသည့် အမူရာကိုပါ သတိထားမိစေတော့သည်။
     သုမိတ္တာကတော့ ရသေ့လေးကလွဲရင် ကျန်တာကိုသိပ်သတိမထားမိပြန်တော့။ အညို့ခံထားရသည့်သူပမာ ရသေ့လေးမျက်နှာမူရာကိုသာ လိုက်ကြည့်နေမိတော့သည်။ တစ်ဖန် မိမိလက်ထဲမှာကိုင်ထားသည့် ကြာရှစ်ပွင့်ကိုကြည့်ရင်း ဝေခွဲမရဖြစ်နေသည်။ မိမိအကြည့်တွေသည် ဘုရားရှင်မျက်နှာ ရသေ့လေးမျက်နှာ ပြီးတော့ကြာပန်းများ ကူးချည်သန်းချည်။ ရင်တွင်းမှာလည်း ဘယ်သူ့ကိုဘယ်လောက်လှူရမလဲ…..။ ဒီလောက်လွယ်ကူနေတာကို သူမမှာရှုပ်နေသည်။ ပန်းရှစ်ပွင့်ပဲ။ လေးပွင့်စီခွဲလှူလိုက်ရင် ပြီးရောပေါ့….။
          နောက်ဆုံးမတော့ ပန်းရှစ်ပွင့်ကား အောင်မြင်စွာခွဲဝေပြီးလေပြီ။ ရသေ့လေးကို ပန်းငါးပွင့်။ ကျန်တဲ့သုံးပွင့်က ဘုရားရှင်ကိုလှူဖို့။ လူတွေကတော့ သူ့မဟန်ပန်ကိုနားမလည်ပေ။ ပန်းငါးပွင့်ကို ရသေ့လေးထံ အရင်လှူလိုက်သည်။ ရသေ့လေးကလည်း ကြည်ရွှင်စွာဖြင့် ပန်းငါးပွင့်ကို လက်ခံလိုက်သည်။ အမျိုးသမီးငယ်၏ သဘောကိုလည်း ကောင်းစွာသိလိုက်ပြီ။ ထိုနောက်တွင်တော့ လက်ထဲရောက်လာသည့် ပန်းငါးပွင့်ကို မိမိကိုမမှိတ်မသုန် ကြည့်နေသည့် အမျိုးသမီးငယ်ရှေ့မှာပင် ဘုရားရှင်ထံလှူလိုက်တော့သည်။ ဘုရားဖြစ်ရပါလို၏လို့ နှုတ်ကဖွဖွလေးထွက်သွားသည်။ သို့ရာတွင် အများစုက ပီပီသသကြားလိုကရသည်။ ပြတ်သားခိုင်မာလှသည့် ဆုတောင်း။
          ထိုနောက်တွင်တော့ အားလုံးအကြည့်က ဘုရားရှင်ထံရောသွားကြပြန်သည်။ ဘုရားရှင် ဘယ်လိုတုန့်ပြန်မလဲ။ ရှင်းသန့်ကြည်လင်လှသည့် အသံတော်ဖြင့် ယနေ့ကစပြီး နောင်လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းရောက်လျှင် ငါကဲ့သို့ပင် ဘုရားစင်စစ် မယွင်းဖြစ်လိမ့်မည်ဟု မိန့်တော်မူလိုက်သည်။ အားလုံးက ရသေ့လေးကို ကောင်းချီးပေးကြသည်။
          သုမိတ္တာ ………..သူမှ ဘာလုပ်မလဲ။ မဆိုင်းမတွပင် မိမိလက်မှာကျန်နေသည့် ပန်းသုံးပွင့်ကို ဘုရားရှင်ထံလှူလိုက်သည်။ ဤကောင်းမှုကြောင်း ဘ၀ဆက်တိုင်း ဘ၀ဆက်တိုင်းတွင် ရသေ့လေး၏ ပါရမီဖြည့်ဘက် အိမ်သူသက်ထား ဇနီးယားဖြစ်လိုပါကြောင်း ဆုတောင်းလိုက်သည်။ တွေဝေမှုမရှိသည့်ဆုတောင်း………။ လူအားလုံး တအံ့တသြဖြစ်နေချိန်တွင် မျှော်လင့်ချက်အပြည့် ယုံချက်အပြည့်တို့ဖြင့် ဘုရားရှင်ကို မော်ဖူးနေသည့် သုမိတ္တာလေး။ အဆုံးဘ၀တိုင် ဆင်မယဉ်သာ နောက်ကပါသည့်ပမာ ရသေ့လေး၏ ပါရမီဖြည့်ဘက် ဖြစ်လိမ့်မည်ဟု ဘုရားရှင်က မိန့်တော်မူလိုက်သည်။
          ရောက်လာကြသည့် လူအားလုံးက ရသေ့လေးနှင့် သုမိတ္တာသူဋ္ဌေးသမီးလေးတို့၏ ဆုတောင်းပြီး ဘုရားရှင်မိန့်ကြားချက်ကို ကြားလိုက်ရတော့ ၀မ်းပန်းတသာ အားပေးလိုက်ကြသည်။ မလွဲမသွေ ဘုရားဖြစ်ပါစေ……..။ ထက်ကြပ်မကွာ ဘ၀မခြားဆက်တိုင်းညားပြီး ပါရမီဖြည့်ဘက် ကြင်သူ့နောက်ပါ မယ့်သက်လျာလည်းဖြစ်ပါစေ…။ အိမ်သူ့သက်ထား တန်ဖိုးထားအပ် မယားမြတ်လည်းဖြစ်ပါစေ………။
          ဘုရားရှင်နှင့် နောက်ပါရဟန်တော်များလည်း ရသေးဘေးမှလွှဲကာ ဆိုင်ရာခရီးကို ကြမြန်းသွားကြပြီ။ လူအုပ်ကြီးလည်း ဘုရားနှင့်သံဃာနောက်ပါးမှ လိုက်သွားကြပြီ။ ရသေ့လေးကား ၀မ်းလျားမှောက်နေဆဲ။ သုမိတ္တာလည်း မတ်မတ်ရပ်နေဆဲ။ ပတ်ဝန်းကျင်တွင် တိတ်ဆိတ်ချိန်တွင် ရသေ့လေးသည် မတ်မတ်ထရပ်လိုက်ပြီး ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ ပန်းလှူခဲ့တဲ့ အမျိုးသမီးလေးပဲ။ မိမိနဲ့ ဘ၀ဆက်ဆက် ပါရမီဖြည့်လိုသူလေးပဲ။ ထိုနောက် နှုတ်ဆက်အကြည့်ဖြင့် ကြည့်လိုက်ရင်း တောရပ်မြိုင်ဆီကို ဣနြေ္ဒရရ ဦးတည်လိုက်သည်။ မြင်ကွင်းကနေ တစ်ဖြေးဖြေးနှင့် ပျောက်ကွယ်သွားသည့်တိုင်အောင် ပီတိပြည့်လျမ်းသော မျက်ဝန်းအစုံတို့ဖြင့် စိုက်ကြည့်နေသော သုမိတ္တာမိန်းမငယ်လည်း မိမိအိမ်ရှိရာမြို့တွင်းသို့ တဖြည်းဖြည်းနှင့်လှမ်းတော့သည်။
          သုံးနဲ့လေးလို အသီးသီးကျောင်းခိုင်းသွားနေသည်ကို သုမိတ္တာရင်ထဲမှာတော့ ထိုကျောခိုင်းသွားသည့် ခြေလှမ်းတွေသည်ပင် တဖြေးဖြေးနှင့် နီးစပ်လာဖို့ဖြစ်ကြောင်း အခိုင်အမာ ယုံကြည်လိုက်သည်။ သူတို့အားလုံး နောက်ကိုပြန်သွားနေတာမဟုတ်တာ။ ရှေ့ကိုပဲ။ ယုံကြည်ချက်တူ ပန်းတိုင်တူသူတို့အဖို့ ခြေလှမ်းတိုင်းသည် နီးစပ်ဖို့ဖြစ်သည်မလား။ နားလည်မှုသည် ပိုင်ဆိုင်မှုဆိုတာထက် ချစ်မေတ္တာနယ်ပယ်တွင် သာလွန်သည်။ မွန်မြတ်သည်။
*****
          သုမေဓာလုလင်သည် ရှင်းလင်းသည့်အမြင်၊ ခိုင်မာသည့် ယုံကြည်ချက်၊ စစ်မှန်သည့်သဒ္ဓါတရားတို့ဖြင့် လူရပ်ကိုခွာပြီး တောရပ်မြိုင်ကို ဖန်ရည်စွန်းအ၀တ်ဖြင့်သာ ချဉ်းကပ်ခဲ့သည်။ ရသေ့ဖြစ်လာခဲ့သည်။
          သုမိတ္တာသည် လိုတိုင်းရတတိုင်းပြည့်သည့် သူဋ္ဌေးသမီးတစ်ဦးဖြစ်သည်။ ထိုထက် စဉ်းစားချင့်ချိန်တတ်သည့် ပညာဥာဏ်နှင့်ပြည့်စုံသည်။ တတ်သိလိမ္မာသည်။ ပတ်ဝန်းကျင်၏ အလေးအမြတ်ပြုခြင်းကိုခံရသည်။
          သူတို့နှစ်ယောက်သည် ဆုံတွေ့ချိန်တွင် ပေါင်းဖက်ဖို့ရာ မဖြစ်နိုင်ကြောင်း သုမိတ္တာ ကောင်းစွာဘောပေါက်သည်။ ရူးမိုက်သည့် ဆုတောင်းမျိုးလို့ သာမန်လူတို့ ထင်ကောင်းထင်ကြမည်။ သို့ရာတွင် မိမိအတွက် အဓိပ္ပါယ်ပြည့်ဝလှသည့် တောင့်တချက်ဖြစ်သည်။ ဘယ်တော့မှ နောင်တရမှာမဟုတ်သည့် ယုံကြည်ချက်လည်းဖြစ်သည်။
          သူမသည် ရသေ့လေးနှင့် ဒီဘ၀တွင် ဆုံဆည်းပေါင်းဖက်ခွင့် အများအမြင်တွင်မရလိုက်။ သို့ရာတွင် သိပ်ကိုအရေးကြီးလှသည့် တစ်နည်းအားဖြင့် ဘ၀ခရီးဖော်တို့အတွက် အသက်တမျှ အရေးကြီးလှသည့် နားလည်မှုကို ရလိုက်သည်ဆိုတာကို အားလုံးက မြင်ချင်မြင်လိမ့်မည်။ မမြင်သူလည်း ရှိကောင်းရှိပေမည်။ မည်သို့ပင်ရှိစေ မိမိကတော့ ဘုရားရှင်၏ အတည်ပြုချက်အပြီး ရသေ့ငယ်က မငြင်းဆိုခြင်းသည်ပင် မိမိမေတ္တာရဲ့ အောင်မြင်မှုတစ်ခု။ ဒါဟာ မိမိလို ချစ်တတ်သူတို့ ရလိုက်တဲ့ နားလည်မှုလေ။
          မိမိဘာဆုကို တောင်းခဲ့တာလဲ။ အားလုံးအသိ။ ပိုင်ဆိုင်လိုကြောင်းမဟုတ်။ ဖြည့်ဆည်းလိုကြောင်းဖြစ်သည်။ မိမိ၏ ချစ်ခြင်းမေတ္တာ……. အင်း………..အဲလိုပဲဆိုပါရစေတော့။ မိမိ၏ချစ်မေတ္တာတွေဟာ သူ့လိုအပ်ချက်ကို ဖြည့်ဖို့ပဲ။ သူ့ကို ပိုင်ဆိုင်ဖို့မှမဟုတ်တာ။ သူလိုအပ်ချိန်မှာ ကိုယ်ကဖြည့်ဆည်းပေးဖို့။ သူ့ကိုဖြည့်ဆည်းပေးလိုက်ရခြင်းဖြင့် နောက်ထပ်ရခဲ့တာတစ်ခုတော့ ရှိပါသေးသည်။ အဲဒါကတော့ ဒီလိုလုပ်ပေးနိုင်လို့ လုပ်ပေးခွင့်ရလို့ ကျေနပ်တယ်ဆိုတာပဲ။ ဟုတ်ပါရဲ့။ မိမိမှာ နားလည်ခြင်းအပြင် ကျေနပ်ခြင်းဆိုတဲ့ တစ်စုံတစ်ခုကိုလည်း ထပ်ရလိုက်ပြန်သေးသည်။
          ကိုယ့်ရဲ့ဖြူစင်တဲ့ မေတ္တာစမ်းရေကြောင့် သူရဲ့စစ်မှန်တဲ့ ရနံ့ပြည့်ဝ ပန်းလှလှတွေ ပွင့်ပါစေ…။ လန်းပါစေ…..။ အဲဒီရနံ့တွေကို ကမ္ဘာသူကမ္ဘာသားတွေ သက်ရှိတွေအားလုံး ရှူရှိုက်နိုင်ပါစေ…….။ ၀တ်ရည်သောက်သုံး ပျားပိတုန်းတို့လည်း အလိုရှိတိုင်းလွေးနိုင်ကြပါစေ…….။ မိမိ၏မေတ္တာသည် အဖြည့်ခံဆုတောင်းကြောင့် မိမိရင်မှာ အတိုင်းမသိ ငြိမ်းအေးလှသည်။ ကြည်နူးရသည်။ ထိုအတူ သတ္တလောကြီးတစ်ခုလုံး ငြိမ်းချမ်းပါစေသား……..။ အေးမြပါစေသား……..။
သူ (သရက်)
Thursday, June 30, 2011

0 comments:

Post a Comment