အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Friday, June 10, 2011

စာအုပ်ကလူကိုပြန်ဖတ်ရာဝယ်


“စာအုပ်က လူကိုပြန်ဖတ်ရာဝယ်”
          ရန်ကုန်တွင် အင်္ဂလိပ်စာသင်တန်းတက်ခဲ့စဉ်က မှတ်သားမိတာလေးတစ်ခုရှိသည်။ မြန်မာနိုင်ငံက ကွယ်လွန်သွားပြီဖြစ်သော နာမည်ကြီးစာရေးဆရာကြီးတွင် ငါးနှစ်အရွယ်မြေးတစ်ယောက်ရှိသည်။ တစ်နေ့တွင် မိခင်ဖြစ်သူက ဈေးဝယ်ထွက်ရန် လက်ဆွဲခြင်းကိုစွဲကာ ထွက်လာသည်။ ငါးနှစ်အရွယ်သာရှိသေးသော ဆရာကြီး၏မြေးက အိမ်ထဲမှပြေးထွက်လာပြီး “Mum, Waits! Waits!” ဟုအော်ကာ မိခင်နောက်ကို ပြေးလိုက်သွားသည်။
          ယင်းအချိန်တွင် အဆိုပါဆရာကြီးမှာ ခြံထဲရှိသရက်ပင်အောက်တွင်ထိုင်ပြီး စာရေးနေသည်။ မြေးဖြစ်သူ၏ အော်သံကိုကြားတော့ လှည့်ကြည့်မိသည်။ သွက်သွက်လက်လက် မိခင်နောက်ကို ပြေးလိုက်သွားသည့် မြေး၏ကြောပြင်ကိုသာတွေ့လိုက်ရသည်။ သို့ရာတွင် သူ့မြေးအော်လိုက်သော “Mum, Waits! Waits!”ဆိုတာကို စိတ်ထဲကနေ အလိုလျှောက်ဘာသာပြန်နေမိသည်။ “အမေ..! စောင့်…! စောင့်..!”။ စာအရေးသားမှာတော်သည့်အပြင် ဘာသာပြန်အလွန်ကောင်းလှသည်ဟုလည်း နာမည်ကြီးလှသော ဆရာကြီးမှာ မြေးဖြစ်သူပြောသောစကားကို ဘာသာပြန်ရာတွင်တော့ ဘ၀င်မကျနိုင်ဖြစ်နေသည်။
          ခဏအကြာတွင် အိမ်နီးတွင်ရှိသောဈေးကနေ ၀ယ်ခြမ်းပြန်လာသော သားအမိနှစ်ယောက်ကို ခြံဝတွင်တွေ့လိုက်ရသည်။ ဘ၀င်မကျဖြစ်နေသော ဆရာကြီးသည် မြေးဖြစ်သူကိုခေါ်ကာ “ငါ့မြေး အိမ်ထဲကနေထွက်လာတော့ မင်းအမေကို ဘယ်လိုပြောလိုက်တာလဲ”။ “Mum, Waits! Waits!”-လို့ ပြောလိုက်တာပါ။ အေး..! အဲဒါ ဘာကိုပြောတာလဲ။ မေမေ..! နေဦး၊ နေဦး-လို့ပြောတာလေ။ ဆရာကြီးမှာ မြေးဖြစ်သူ၏ ပြန်ပြောလိုက်ပုံကို အတော်သဘောကျသွားသည်။ မိမိက“အမေ..! စောင့်…! စောင့်..!” သဘောပေါက်သည်။ မြေးဖြစ်သူက မေမေ..! နေဦး၊ နေဦး-တဲ့.။
          တစ်ခါတစ်ရံတွင် စာဖတ်ပါများသော လူတွေဟာ စာအုပ်တွေရဲ့ဖတ်ခြင်းကို ပြန်ခံရတယ်ဟု ပြောဆိုလေ့ရှိကြသည်။ ထိုကြောင့် ထိုသူတို့ရဲ့ တွေးခေါ်လုပ်ဆောင်ချက်များသည် နေ့စဉ်ဘ၀နှင့် အံဝင်ခွင်ကျမဖြစ်သလို အစီစဉ်တကျလည်းမဖြစ်တတ်ပေ။ တစ်နည်းပြောရလျှင် စာအုပ်ကြီးသမားတွေဖြစ်လာသည်။
*****
          နိုင်ငံခြားကိုထွက်ကာနီး သူငယ်ချင်းကို ပြောဖြစ်ခဲ့တာတစ်ခုရှိသည်။ နိုင်ငံခြားကို ပညာသင်သွားတဲ့သူတွေကို ဘွဲ့တွေရတာ/မရတာ၊ ပညာတွေတတ်တာ/မတတ်တာ အပထား၊ နိုင်ငံခြားကိုသွားနိုင်ရုံနဲ့တင် ငါလေးစားသွားပြီလို့ သူငယ်ချင်းကို အမှတ်မထင်ပြောလိုက်သည်။ သူငယ်ချင်းက ပုစွန်မျက်လုံးနဲ့ပြန်ကြည့်သည်။ သူ့အကြည့်ကို သဘောပေါက်ပါသည်။ (ပေါက်သည်ဟုထင်သည်)။
ထိုကြောင့် နိုင်ငံခြားသွားဒုက္ခတွေကို ပြောရတော့သည်။ ထိုအထဲမှ နိုင်ငံခြားထွက်သူအများစုသိတဲ့ နိုင်ငံကူလက်မှတ် (Passport) ရရှိရေးဖြစ်သည်။ ဒူးခလောက်ဆန်လိုက်အောင် ပြေးလွှားရသည်။ ပြီးတော့ နေဦး..နေဦးမဟုတ်တော့။ စောင့်..စောင့်..တွေဖြစ်လာသည်။ ဟိုလူမရှိလို့၊ ဒီလူမရှိလို့၊ ဟိုဟိုဒီဒီ ထောက်ခံစာတွေမပါလို့…စည်းမျဉ်းအရ…..ဘာဘာညာညာ..တဲ့။ ရုံးဝန်ထမ်းတွေ၏ မျက်နှာကို ဘာသာမပြန်တတ်တာက အကြောင်းတစ်ခုဟု သူငယ်ချင်းတွေကပြောပါသည်။
*****
          နိုင်ငံခြားရောက်တော့ ရုံးရောက်ကျောင်းရောက်ဖြစ်ရသည်။ (ရုံးရောက်ဂါတ်ရောက်မဟုတ်ပါ) ကျောင်းတက်အောင်လာတာ ကျောင်းကိုတော့ ရောက်မှာပေါ့လေ။ အင်း…… နိုင်ငံခြားသားဆိုတော့လည်း ရုံးတွေဘာတွေဆိုတာ သွားရပြန်ရော။ ဗီဇာသက်တမ်းတွေ တိုးရမှာမဟုတ်လား။ ဗီဇာအတွက်တော့ သိပ်တော့အခက်ခဲကြီးမဟုတ်ပါ။ ကျောင်းထောက်ခံစာတစ်ခုတည်းနှင့်ပင် လုံလောက်ပါသည်။
          ထောက်ခံစာရဖို့ သက်ဆိုင်ရာတက္ကသိုလ်ကိုသွားပြီး မှတ်ပုံတင်ဌာနတွင် ဖောင်ဖြည့်ရသည်။ ထိုနောက် တာဝန်ခံက “Come tomorrow, please.”-တဲ့။ နောက်နေ့ ချိန်းထားသောအချိန်တွင် တက္ကသိုလ်ကိုရောက်သွားသည်။ တာဝန်ခံဝန်ထမ်းက လူသေလည်ပြန်နဲ့ (သမင်လည်ပြန်မဟုတ်ပါ) စကားပြောနေရာကနေ (အလုပ်လုပ်နေတာမဟုတ်ပါ) မျက်လုံးကို ခက်ခက်ခဲခဲနဲ့ ပင့်ကြည့်သည်။ ပြီးတော့ “Come tomorrow, please.”-တဲ့။ ဒီလိုနဲ့ တစ်ပတ်လောက်ကြာမှရသည်။ အခြားရုံးတွေရောက်တော့လည်း ထိုနည်းနှင်နှင်။
          လုပ်စရာရှိတိုင်း တက္ကသိုလ်ဝန်ထမ်း၊ ရုံးဝန်ထမ်းတွေနဲ့ ရက်ချိန်းယူရသည်။ တစ်ခါတည်းနဲ့ အလုပ်ပြီးသောနေ့တွင် အိုင်ယာလန်ထီပေါက်မယ်လို့ သူငယ်ချင်းတွေကပြောကြသည်။ “Come tomorrow, please.”-ကိုသာ ချက်ချင်းလက်ခံရရှိသည်။ သို့ရာတွင် ကျောင်းသားတစ်ယောက်အနေဖြင့် ကျောင်းကြေး၊ သင်တန်းကြေး၊ စာကြည့်တိုက်ကြေးစသည်သွင်းတာအတွက်တော့ ချက်ချင်းကိုရသည်။ အခွန်ဆောင်တာတွေကို အချိန်နှင့် အပြေးညီ လက်ခံသည်။ ကောင်းလေစွ….။
          Tomorrow-ကို အများစုက မနက်ဖြန်လို့ ဘာသာပြန်ကြသည်။ နောက်တစ်နေ့ဟုလည်းဆိုသည်။ မိမိလည်း ဤသို့ပင်မှတ်သားထားသည်။  ယခု Tomorrow-ကိုနားလည်တာ မှားနေသည်ဟု သံသယရှိမိသည်။ သို့နှင့် အဘိဓာန်ကိုရှာကြည့်မိသည်။ “အနာဂတ်၊ အနာဂတ်တချိန်ချိန်တွင်”လို့ အဓိပ္ပါယ်ဖွင့်ဆိုချက်တစ်ခုကို ထပ်တွေ့လိုက်ရသည်။ သို့ဆိုသော် သူတို့ပြောလေ့ရှိသော “Come tomorrow, please.”-ဆိုတာ အနာဂတ်တချိန်ချိန်မှာ လာခဲ့ဟုဘာသာပြန်ရမည်ထင်သည်။ စာအုပ်တွေက မိမိကိုပြန်ဖတ်နေပြီထင်သည်။ “ယနေ့ရောင်းရငွေသည် မနက်ဖြန်အတွက် အရင်းအနှီးဖြစ်သည်”-ဆိုတာကိုတော့ နားလည်မိသလို ထင်ခဲ့မိသား….။  ။
သူ (သရက်)
Saturday, June 11, 2011

0 comments:

Post a Comment