အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Friday, June 3, 2011

သင်္ကန်းတောင်းလေးမေ့နေပြီလား (အပိုင်း-၃)


သင်္ကန်းတောင်းလေး  
                       မေ့နေပြီလား?.....?......?
          ရဟန်းတော်တစ်ပါးအနေဖြင့် ထိုတာဝန်နှစ်ရပ်လုံးကို တစ်မျိုးစီသော်၎င်း၊ နှစ်မျိုးလုံးကို၎င်း တပြိုင်နက်တည်းထမ်းဆောင်နိုင်ပါသည်။ ရှေးဆရာတော်ကြီးများ အလိုအရမူ ရှေးဦးစွာ ပရိယတ္တိစာပေသင်ကြားခြင်း(ဂန္ထဓူရ)ကို အထူးတလည်ဖြည့်ကျင့်ပြီးနောက်မှ တရားအားထုတ်ခြင်း (၀ိပဿနာဓူရကို) လုပ်ဆောင်သင့်သည်ဟု ယူဆကြသည်။ အများစုမှာ ထိုအတိုင်းပင် လိုက်နာကြသည်ကို တွေ့ရပါသည်။ မြန်မာနိုင်ငံတွင် ထိုတာဝန်နှစ်မျိုးလုံးကို တစ်ပြိုင်နက်တည်း ထမ်းဆောင်နေသော စာသင်တိုက်များ၊ စာပေသက်သက်ချည်း သင်ကြားပို့ချနေသော စာသင်တိုက်များ၊ ၀ိပဿနာ(တရားအားထုတ်ခြင်း)သီးသန့်သာ ထမ်းဆောင်နေသော ရိပ်သာများ စသဖြင့် ရှိကြသည်။
          ပရိယတ်နှင့်ပဋိပတ် သို့မဟုတ် သင်ကြားခြင်းနှင့်တရားအားထုတ်ခြင်းတို့သည် အပြန်အလှန် မှီခိုနေကြသလို တိုက်ရိုက်ပတ်သက်မှုလည်းရှိပါသည်။ ပရိယတ္တိ-စာပေသင်ကြားခြင်းသည် ကန်ဘောင်ရိုးနှင့်တူ၍ ကန်တွင်းကရေသည် ပဋိပတ္တိ-တရားအားထုတ်ခြင်းနှင့်တူသည်။ ပရိယတ်တစ်ဖက်မျှသာစွမ်းသူသည်လည်း ဥယျာဉ်စောင့်မျှသာဖြစ်၍ အသီးကိုမစာသုံးရသူဟု ဆိုထားလေသည်။ ထိုကြောင့် ပရိယတ်-ပဋိပတ်နှစ်မျိုးလုံးကို ဖြည့်ကျင့်လိုက်လိုက်နာရမည်ဟု သဘောကျမိသည်။ ဤနှစ်မျိုးတွင် နှစ်ခုလုံးကိုဖြစ်စေ တစ်ခုတည်းကိုပင်ဖြစ်စေ လိုက်နာနေသည့် ရှင်-ရဟန်းသည် ဘယ်မှာလျှင် သင်္ကန်းတောင်းကို မေ့နေသည်ဟု ပြောနိုင်မည်နည်း။
          ဤနေရာတွင် သင်င်္ကန်းတောင်းဟူသည်မှာ ရှင်သာမဏေဖြစ်ဖို့ရန် ခွင့်တောင်းရသော သင်္ကန်းတောင်းဂါထာကို အလွတ်ရခြင်း-မေ့နေခြင်းကို ဆိုလိုသည်မဟုတ်ပါ။ သင်္ကးန်းတောင်း၏ ရည်ရွယ်ချက်ဖြစ်သော “သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ပါရခြင်း အကျိုးငှါ”ဆိုသည့် အန္တိမရည်မှန်းချက် ရည်ရွယ်ချကိုသာ ဆိုလိုခြင်းဖြစ်ပါသည်။
          ယနေ့ခေတ် သာသနာ့ဝန်ထမ်းအများစုသည် မိမိထမ်းဆောင်ရမည့် အဓိကတာဝန်နှစ်ရပ်မှ တစ်ခုခုကိုတော့ ထမ်းရွက်နေကြသည်သာဖြစ်သည်။ ၀ိနည်းစည်ကမ်းချက်များတွင် “စည်းကမ်းချက်ကို မသိ၍ကျူးလွန်လျှင်လည်း အပြစ်ရှိသည်၊ မသိလျှင် သိအောင်လုပ်ရမည်”ဟု ဆိုထားသောကြောင့် ပရိယတ္တိစာပေကို သင်ကြားခြင်းကို ယေဘုယျအားဖြင့်မူ ရှေးဦးစွာလုပ်သင့်သည်။ ရှေးဆရာတော်ကြီးများလည်း ထိုသို့ပင်ယူဆဟန်တူသောကြောင့် ငယ်ရွယ်စဉ်မှာ စာပေကိုသင်ကြားရန် အထူးတလည် မိန့်တော်မူကြလေသည်။ ထိုကြောင့် စာပေသင်ကြားခြင်းသည် ရှင်သာမဏေ စ,ဖြစ်ခါစတွင် ရွတ်ဆိုခဲ့သည့် သင်္ကန်းတောင်းပါ အဓိပ္ပါယ်ကနေ သွေဖည်ရာ ရောက်နိုင်မည်လော…?
          ပြောစရာတစ်ခုတော့ရှိလာသည်။ ထောက်ပြစရာတစ်ခုဟုဆိုက ပို၍သင့်တော်လေမလားပင်။ ရနေ့ခေတ်ရှင်ရဟန်းတို့၏ ပရိယတ္တိစာပေသင်ကြားခြင်းမှာ ပြည်တွင်းတွင်သာမက နိုင်ငံခြားတွေပါ ရောက်လာသည်။ ထိုကြောင့် သက်ဆိုင်ရာ နိုင်ငံခြားစာပေနှင့် ဘာသာစကားများကိုပါ မဖြစ်မနေ သင်ကြားလာရတော့သည်။ အချို့ကလည်း ရဟန်းတစ်ပါးသည် ဘုရားစာ သို့မဟုတ် ပါဠိစာပေမှတစ်ပါး အခြားစာပေကို သင်ကြားလျှင် မိစ္ဆာအဖြစ်ရှုမြင်သည်လည်းရှိသည်။ ဓမ္မကို မည်သူမဆိုလိုက်နာ ကျင့်သုံးခွင့်ရှိသည်ဆိုသော စကားကိုမူ အားလုံးက ချွင်းချက်မရှိလက်ခံထားကြသည်။ ပြောင်းလဲလာသော ပတ်ဝန်းကျင်နှင့် ခေတ်စနစ်များအရ ဗုဒ္ဓ၏ဓမ္မများကို ဘာသာစကားအမျိုးမျိုးဖြင့် သင်ကြားဟောပြောကြခြင်းမှာ အပြစ်မရှိပါ။ အားလုံးအတွက် အကျိုးရှိလျှင် ကောင်းသည်ပင်မဟုတ်ပါလား။
          အထူးအလေးပြုရမည့်အချက်မှာ သာသနာတော်နှသုံးရပ်ရှိရာတွင် ကန်ဘောင်ရိုးနှင့်တူသော ပရိယတ္တိသာသနာတည်ရှိပါမှ ရေနှင့်တူသော ပဋိပတ္တိသာသနာ တည်ရှိနိုင်မည်ဆိုသည့်အချက်ပင်။ ထိုနှစ်မျိုးလုံးရှိနေပါက ကြာနှင့်တူသော ပဋိဝေဓသာသနာကို သိမြင်ခံစားရမည်မှာ မလွဲပေ။
          တဖန် ပါဠိစာပေများတွင်လည်း ပါဠိစစ်စစ်စကားလုံးမဟုတ်သည့် စကားလုံးပေါင်းမြောက်များစွာကို သုံးစွဲထားသည်ဟု ပညာရှင်များက ထောက်ပြလာကြသည်။ ဥပမာအားဖြင့် သာသနာတော်၏ အသက်သဖွယ်ဖြစ်သော ၀ိနည်းစာပေများတွင် “သံဃာဒိသေသ”၊ “ပါစိတ္တိယ”တို့လိုမျိုးဖြစ်သည်။ ဘာသာစကားဟူသည် ဖက်တွယ်နေဖို့မဟုတ်၊ လူတို့နေ့စဉ်ဘ၀တွင် အဆင်ပြေချောမွေ့ရေးအတွက်သာဖြစ်သည်။ ထိုအတူ ဓမ္မကိုသင်ကြားရာတွင် မည်သည့်ဘာသာစကားကိုမျှ တစ်ဖက်သတ်စွဲနေစရာမလိုပါ။ ဓမ္မ၏အနှစ်သာရကို နားလည်းဖို့ရာသာ အဓိကဖြစ်သည်။
          ပညာရှင်များ၏ အခြားထောက်ပြချက်မှာလည်း မှတ်သားစရာကောင်းသည်။ ဘုရားရှင်ပွင့်တော်မူခဲ့ရာ အိန္ဒိယတွင် ဘာသာစကားပေါင်း ရာနှင့်ချီပြီးထွန်းကားခဲ့သည်။ ပါဠိစကားတစ်ခုတည်းကိုသာမက အခြားဘာသာစကားများကိုလည်း အသုံးပြုပြီး ဓမ္မကိုဟောပြော လိုက်နာကျင့်သုံးခဲ့ခြင်းကြောင့် နှစ်တိုတိုနှင့် ဗုဒ္ဓတရားတော်များ ကျယ်ပြန့်ခဲ့သည်။ ထိုပြင် ဘုရားရှင် သာသနာတွင်းဝယ် နယ်ပယ်အသီးသီး လူမျိုးအဖုံဖုံမှ ၀င်ရောက်လာကြသည်ကို ဗုဒ္ဓစာပေများအရ အလွယ်တကူသိမြင်နိုင်သည်။ ထိုအတူ ဘာသစကားများလည်း အမျိုးစုံပါဝင်ခဲ့သည်။
          ဓမ္မကိုလူမျိုးတစ်မျိုးတည်း၊ နိုင်ငံတစ်နိုင်ငံတည်းက ပိုင်ဆိုင်ရမည် သိရမည်ဟု ယူဆထားလျှင်မူ ကြီးမားသောလွဲချော်မှုသာဖြစ်သည်။ ဓမ္မသည် သတ္တ၀ါအားလုံးအတွက်ဖြစ်သည်။ ထိုဓမ္မကို ဟောပြော-ပြသဖို့ သင်ကြားပေးဖို့ လူအများနာလည်းအဖို့အတွက် မည်သည့်ဘာသာ-စကား သာပေကိုဖြစ်ဖြစ် ကြားခံအဖြစ်သုံးလျှင် အပြစ်ရှိနိုင်ပါမည်လော?။ အပြစ်ရှိခဲ့သော် ဓမ္မသည် အားလုံးအတွက်မဟုတ် ကန့်သတ်ချက်အတွက်သာ ဖြစ်ပေတော့မည်။ လိုရင်းအားဖြင့်မူ မည်သည့်ဘာသာကိုပင်သုံးသုံး ဓမ္မကိုနားလည်ဖို့ရာသာ အဓိကဖြစ်သည်။ ဘာသာစကားဟူသည် ဓမ္မကိုသိမြင်နားလည်စေဖို့ ကြားခံသက်သက်မျှသာဖြစ်သည်။
          မဇ္ဈိမနိကာယ်တွင် ဘုရားရှင်မိန့်တော်မူချက်ကို ဖော်ပြထားသည်မှာ “သစ္စာတရားကိုနားလည်ဖို့အတွက် မည်သည့်အရာကိုမျှ စွဲလန်းမနေရ၊ ဖက်တွယ်မနေရပါ။ ယုတ်စွအဆုံး ဓမ္မကိုပင် စွန့်လွှတ်ရမည်ဟု ဆိုထားသည်။ အကြောင်းမှာ ဓမ္မကို သံသရာတစ်ဖက်ကမ်းကိုကူရာတွင် ဖောင်အဖြစ်သာ အသုံးပြုရန်အတွက် ရည်ရွယ်ခဲ့ခြင်းကြောင့်ဖြစ်သည်။ မကောင်းသော အဓမ္မကိုဆိုရပါမူ အဘယ်မှာလျှင် ပြောစရာလိုလိမ့်မည်နည်း” ဟူ၏။
          ဘေးအန္တရာယ်များနှင့် ပြည့်နှက်နေသည့် မြစ်တစ်ဖက်ကမ်းကနေ ဘေးလွတ်ရာတစ်ဖက်ကမ်းကို ဖောင်(ဓမ္မ)အကူညီဖြင့် ဖြတ်သန်းရောက်ရှိပြီးနောက် ထိုအန္တရာယ်မှ လွတ်မြောက်အောင် ပို့ဆောင်ပေးသည်ဖောင်ကို ကျေးဇူးကြီးမားပေ၏ဟုမှတ်ယူကာ ကျောပိုးသယ်ဆောင်သွားလျှင် မှန်ကန်ရာမရောက်၊ မှန်ကန်သောနှလုံးသွင်းမှုမဟုတ်-ဟု ဗုဒ္ဓက မိန့်တော်မူခဲ့သည်။
          ဓမ္မကိုသင်ကြားပြသပေးဖို့၊ သိမြင်နားလည်စေဖို့ ဘာသာစကားအမျိုးမျိုးကို လေ့လာသင်ကြားခြင်း၊ ထိုထိုဘာသာစကားတို့ဖြင့် ဓမ္မကိုလမ်းညွှန်ပေးခြင်းတို့သည် သင်္ကန်းတောင်းပါ အဓိပ္ပါယ်ကို လွဲချော်စေသည်ဟု မယုံကြည်ပါ။ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ခြင်းဟူသည် ကိုယ်တစ်ယောက်တည်း လွတ်မြောက်ခြင်းသာမက သတ္တ၀ါအားလုံးလွတ်မြောက်ခြင်းကိုပါ အကျုံးဝင်သည်ဟု နားလည်သဘောက်ပေါက်မိသောကြောင့် ဖြစ်ပါသည်။
ကိုယ်တော်များ (သာသနာ့နွယ်ဝင်-ရှင်-ရဟန်း) သည် သင်္ကန်းတောင်းလေးရဲ့အနက်ကို မေ့နေကြတယမဟုတ်သလို မေ့ချင်ယောင်ဆောင်နေကြတာ မဟုတ်သည်ကိုလည်း သိမြင်လောက်ပေပြီ။ လိပ်ကို ယုန်လောက်မမြန်ရကောင်းလားဟု ဆိုနေမည့်အစား ပန်းတိုင်ရောက်ဖို့သာ အဓိကဖြစ်သည်ဟု သဘောကျပါက အဆင်ပြေလေမည်လားမသိ။ ခုံတော်မောင်ကျပန်းက ရှင်ဥတ္တမကျော်ကို “တပည့်တော်သည် မသိမလိမ္မာ မိုက်မဲသည့်အလျှောက် အရှင်ဘုရားကို ပြစ်မှားမိခဲ့ပါသည်၊ ခွင့်လွှတ်တော်မူပါ”ဟု တောင်ပန်းရာတွင် ဆရာတော်မှ “မင်းမှမိုက်သည်မဟုတ်၊ ငါလည်းမိုက်သည်သာ၊ လိမ္မာခဲ့ရင် ဘုရားနဲ့တွေ့ပြီး အကျွတ်တရားရနေလောက်ပြီ”ဟု ပြန်လည်၍မိန့်တော်မူဖူးသည်။ ယောနိသောမနိသိကာရ (သင့်တင့်စွာနှလုံးသွင်းခြင်း) ဖြင့် မြင်နိုင်-ကျင့်နိုင်ပါစေဟုသာ………..။   ။
မေတ္တာဖြင့်-
            အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
                    Tuesday, May 31, 2011
 

0 comments:

Post a Comment