အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Thursday, June 2, 2011

သင်္ကန်းတောင်းလေးမေ့နေပြီလား (အပိုင်း-၂)


သင်္ကန်းတောင်းလေး  
                     မေ့နေပြီလား?.....?.......?
အသက်နှစ်ဆယ်အရွယ်သည် များပြားလှသည့် ၀ိနည်းစည်းကမ်းများကို ကိုယ်ပိုင်အသိဖြင့် ကျင့်သုံး/လိုက်နာနိုင်သည့်အရွယ်ဖြစ်သည်။ တစ်နည်းအားဖြင့် ကိုယ့်ယုံကြည်ချက်နှင့်ကိုယ် လုပ်နိုင်၊ဆုံးဖြတ်နိုင်သည့်အရွယ်ပင်။ ၁၉-နှစ်နှင့်သုံးလဟု သတ်မှတ်သည်မှာ ယေဘုယျအားဖြင့် အမိဝမ်းတွင် ၉-လပဋိသန္ဓေနေရခဲ့ရသည့် အရေတွက်နှင့် သုံးလကိုပေါင်းကာ ရေတွက်ခြင်းဖြစ်သည်။ အမိဝမ်းတွင်းကနေ စတင်ရေတွက်လျှင် အသက်နှစ်ဆယ်ပြည့်သည်ဟု သတ်မှတ်ခြင်းလည်းဖြစ်သည်။
ရဟန်းပြုရာတွင်မူ နောက်ထပ်လိုအပ်ချက်များမှာ မင်းမှုထမ်းအဖြစ်မှ ကင်းလွတ်သူ၊ ကြွေမြီကင်းသူ၊ အနာကြီး ငါးမျိုးမရှိသူနှင့် လူစင်စစ်ဖြစ်ခြင်း၊ ယောက်ျားစင်စစ်ဖြစ်ခြင်းတို့ဖြစ်သည်။
မင်းမှုထမ်းအဖြစ်မှ ကင်းလွတ်သူဆိုရာတွင် ချွင်းချက်တစ်ခုရှိပါသေးသည်။ ယင်းမှာ မင်းမှုထမ်းဖြစ်သော် ခွင့်ယူထားသည့်အခိုက်တန့်ကို မင်းမှုထမ်းမဟုတ်ဟု သတ်မှတ်ရပါသည်။ အချို့သူများသည် အကြွေးတင်ပြီး ပြန်မဆပ်နိုင်၊ မဆပ်လိုသည့်အတွက်ကြောင့် ရဟန်းပြုလာသည်များ ရှိသည်။ ထိုသူများကိုလည်း ရဟန်းပြုခွင့်မပေးရပါ။
အနာကြီးငါးမျိုးနှင့်ပတ်သက်၍ ဘရားရှင်လက်ထက်အခါက ငွေကြေးမတတ်နိုင်သည့် အနာကြီးရောဂါသည်များသည် ဆရာဇီဝက,က ရဟန်း၊သာမဏေများကို အခမဲ့ဆေးကုသပေးသည့် အခွင့်ရေးကို ရယူလိုသောကြောင့် အမှန်တကယ်ရဟန်းပြုလိုသည်မဟုတ်ပဲ ဆေးကုလိုခြင်းကြောင့် ရဟန်းပြုလာခြင်းကြောင့် တားမြစ်ရခြင်းဖြစ်သည်။ ထို့အပြင် ဘုရားရှင်၏သာသနာတွင် ထိုအနာကြီးငါးပါးစွဲကပ်နေသူများ နေထိုင်ရန်မသင့်တော်သည့်အတွက်ကြောင့်လည်း တားမြစ်ရခြင်း ဖြစ်သည်။ ရှင်-ရဟန်းဖြစ်ပြီးမှ ထိုထိုရောဂါများဖြစ်ပွားလျှင်မူ အပြစ်မရှိပေ။
လူသားစင်စစ်ဖြစ်ရခြင်းဟူသည် ဘုရားရှင်လက်တော်အခါက သာသနာတော်ကို ကြည်ညိုသောနဂါးများ လူယောင်ဖန်ဆင်းကာ ရဟန်းပြုလာသောကြောင့်ဖြစ်သည်။ နိမ့်ကျသော အဟိတ်တိရစ္ဆာန်များနှင့် မြင့်မြတ်သောရဟန်းအဖြစ်သည် မတင့်တယ်သောကြောင့်ဖြစ်သည်။ ယောက်ျားစစ်ဖြစ်ရခြင်းမှာမူ အထူတလည်ပြောစရာမရှိပေ။ ဘုရားရှင်လက်ထက်တော်အခါနှင့် နောက်ပိုင်းကာလတွင် ရဟန်းဖြစ်လာကြရာတွင် ကွာခြားမှုများရှိပါသေးသည်။ ဥမာအားဖြင့် အိုးထိမ်းသည်တဲတွင် ဘုရားရှင်နှင့် ပက္ကုသာတိတို့ တွေ့ဆုံကြပြီးနောက် ပက္ကုသာတိက ဘုရားရှင်ထံ ရဟန်းပြုခွင့်တောင်းရာတွင် “သပိတ်တစ်လုံး၊ သင်္ကန်းသုံးထည်(အောက်ဝတ်သင်းပိုင်၊ အပေါ်ရုံသင်္ကန်းနှင့် နှစ်ထပ်သင်္ကန်းကြီး) မရှိသူကို ဘုရားရှင်တို့ ရဟန်းပြုမပေးကုန်၊”ဟု မိန့်တော်မူခဲ့ပါသည်။ ဤနေရာတွင် ပြောရန်မလိုအပ်သည့်အတွက် အကြောင်းတိုက်ဆိုင်လျှင် အကျယ်တ၀င့် ဆွေးနွေးပါဦးမည်။
ရဟန်းဖြစ်ပြီးနောက် ချက်ချင်းဆိုသလိုပင် သိမ်တွင်းကနေ အပြင်မထွက်ခင် အရေးကြီးသော မှာတမ်းများမှာ “မှီရာလေးပါး၊ တည်ရာလေးပါး သို့မဟုတ် ရှင်လေးပါး၊ သေလေးပါး” တို့ဖြစ်သည်။ မှီရာလေးပါးမှာ-
ရဟန်းဘ၀တွင် နေသမျှကာလပတ်လုံး
၁။ ဆွမ်းခံ၍သာစားရန်။
၂။ ပံ့သကူသင်္ကန်း (အမှိုက်ပုံ၊ သုဿာန်စသည်တို့မှ အ၀တ်စများကို ကိုယ်တိုင်ချုပ်စပ်ရသည့်အ၀တ်) သာ ၀တ်ရုံရန်။
၃။ သစ်တစ်ပင်အောက်၊ ၀ါးတစ်ပင်အောက်တွင်သာ နေရန်နှင့်
၎။ နွားကျင်ငယ်ရေဖြင့် စိမ်ထားသော ဇီးဖြူ၊ ဖန်ခါး၊ သျှစ်သျှားသီးတို့ကိုသာ ဆေးအဖြစ်သုံးစွဲရန်။
သို့ရာတွင် အထက်ပါစည်းကမ်းချက် ၄-ခုလုံးတွင် ချွင်းချက်အသီးသီးရှိပါသည်။ နံပါတ် (၁)တွင် ဆွမ်းခံ၍စားရမည်ဆိုသော်လည်း ရှေးဘုန်းရှေးကံ (အတိရေကလာဘော)ရှိလျှင် မည့်သည့်ဆွမ်း၊ဆွမ်းဟင်းပဲဖြစ်ဖြစ် ဆွမ်းခံကြွစရာမလိုပဲ ဘုဉ်းပေးသုံးဆောင်နိုင်သည်။ သို့တစေ ရဟန်းတစ်ပါးအနေဖြင့် အသားကြီး ၁၀-မျိုးကိုမူ လုံးဝရှောင်ကြဉ်ရပါမည်။ အသားကြီး ၁၀-မျိုးမှာ လူ၊ ခွေး၊ မြင်း၊ ဆင်၊ သစ်၊ ကျား၊ ခြင်္သေ့၊ ၀ံ၊ အောင်း နှင့် မြွေ-တို့ဖြစ်သည်။
ထို့အတူ ကျန်သောစည်းကမ်းချက်များမှာလည်း ချွင်းချက်အသီးသီးရှိနေပါသည်။ မိမိတို့ဘုန်းကံအလျှောက် ဖြစ်ပေါ်လာသော ခေတ်ပေါ်သင်္ကန်းများ၊ ဆေးများနှင့် အဆောက်ဦးများ စသည်တို့သည်လည်း သုံးဆောင်ခွင့် နေထိုင်ခွင့်ရှိသည်သာ။
တည်ရာလေးပါးမှာ-
ရဟန်းဘ၀တွင် နေသမျှကာလပတ်လုံး
          ၁။ မေထုန်အမှုကိုရှောင်ကြဉ်ရန်။ (ယုတ်စွအဆုံး တိရစ္ဆာန်မနှင့်သော်မှ မေထုန်မပြုရန်)
          ၂။ သူတစ်ပါးဥစ္စာကို ခိုးယူခြင်းမပြုရန်။ (အနည်းဆုံး တစ်မတ်တန်ကစ၍မခိုးရန်)
          ၃။ လူ့စင်စစ်အသက်ကို မသတ်ရန်။ (အောက်ထက်ဆုံး ကိုယ်ဝန်ကျဆေးကိုပင် မပေးရ)
          ၄။ မရသေးသော ဈာန်၊ မဂ်-ဖိုလ်တရားတို့ကို ရ၏ဟု မပြောရန်။
ဤလေးချက်တွင် တစ်ပါးပါးကို ကျူးလွန်ဖောက်ဖျက်မိလျှင်ပင် ရဟန်းစစ်စစ်မဟုတ်တော့။ နောင်ဘယ်တော့မှလည်း ရဟန်းအဖြစ်ကို ရနိုင်ခွင့်မရှိတော့ပါ။ စာပေလာ ဥပမာအားဖြင့်မူ လည်ဇက်ပြတ်သောသူသည် အသက်ပြန်မရှင်နိုင်သကဲ့သို့၊ ထက်ပိုင်းပြတ်သော ထန်းပင်သည် ပြန်မရှင်နိုင်သကဲ့သို့၊ နှစ်ခြမ်းကွဲပြီးသော ကျောက်ဖြာသည် ပြန်ဆက်ရန်မဖြစ်နိုင်သကဲ့သို့ ပါရာဇိကကျပြီးသူ (တည်ရာလေးပါးမှ တစ်ပါးပါးကိုကျူးလွန်သူ)သည် မည်သည့်အခါမျှ ရဟန်းပြန်မဖြစ်နိုင်တော့ပေ။
          ရဟန်းတစ်ပါးဖြစ်လာသည်နှင့် အဓိကတာဝန်နှစ်မျိုးကို ထမ်းဆောင်ရပါသည်။ ရွေးချယ်ခွင့်ပြုထားသည်ဟု မရှိပေ။ ရဟန်းပြုလာခြင်းကပင် ထိုနှစ်မျိုးကို စွမ်းနိုင်သမျှ ထမ်းဆောင်ဖို့ဖြစ်ပါသည်။ တစ်နည်းဆိုသော် ရဟန်းအဖြစ်ကိုရွေးချယ်ခြင်းသည်ပင် ထိုအရာနှစ်မျိုးကို ထိထိရောက်ရောက်လုပ်ဆောင်ဖို့ ရွေးချယ်ခြင်းဖြစ်သည်ဟု မှတ်ယူရပေမည်။ ၄င်းတို့မှာ စာပေသင်ကြားခြင်း(ဂန္ထဓူရ)နှင့် တရားအားထုတ်ခြင်း(၀ိပဿနာဓူရ) တို့ဖြစ်သည်။ (ဤတာဝန်များမှာ သာမဏေ(ကိုရင်)နှင့် သာသနာ့နွယ်ဝင်သီလရှင်များကိုလည်း အကျုံးဝင်ပါသည်။)
ဆက်ပါဦးမည်..........
မေတ္တာဖြင့်-
             အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
 

0 comments:

Post a Comment