အချိန်ရှိခိုက်၊ လုံ့လစိုက်၊ မမိုက်သင့်ပေ၊ ဒို့တစ်တွေ။

Wednesday, June 1, 2011

သင်္ကန်းတောင်းလေးမေ့နေပြီလား (အပိုင်း-၁)


သင်္ကန်းတောင်းလေး 
                   မေ့နေပြီလား?.....?.......?
တစ်နေ့….
စာရေးသူ ဧည့်ဝတ်ပြုရာ အင်တာနက်စာမျက်နှာကို ဧည့်သည်(စာဖတ်သူ)တစ်ယောက် ရောက်လာခဲ့သည်။ စာရေးသူမှာလည်း ကျောင်းတစ်ဖက်နှင့်မို့ ဧည့်သည်နှင့်တွေ့ခွင့်မရလိုက်။ ဆောင်းပါးတွေ၊ ကဗျာတွေကတော့ စာရေးသူ၏ကိုယ်စား ဧည့်ဝတ်ပြုလိုက်ဟန်တူသည်။ သို့ရာတွင် ဧည့်ဝတ်ကျေဟန်မတူ။
          စာရေးသူပြန်ရောက်သောအခါ ဧည့်သည်တော်က စေတနာဖြင့်ထားရစ်ခဲ့သော (ထိုကဲ့သို့ပင် ယူဆပါသည်) စကားလက်ဆောင်ကို တွေ့လိုက်ရသည်။ ကိုယ်တော်တို့ သင်္ကန်းတောင်းလေးရဲ့ အနက်ကိုသိပါသလား? မေ့များမေ့နေလား? မေ့ချင်ယောင်ဆောင်နေလား?” တဲ့…။ စာရေးသူမှာလည်း သုတေသနစာတမ်းရေးဖို့ရာ အဆိုပြုလွှာ(Synopsis)ကို အရေးတစ်ကြီး ပြင်ဆင်နေရသည်ဖြစ်ရာ ဧည့်သည်တော်၏ မေးခွန်းလား၊ ဒါမှမဟုတ် သတိပေးတာလားဆိုတာကို သိပ်ပြီးအလေးမထားမိတာ အမှန်ပင်။
          သို့နှင့် စာရှာရင်း တစ်ခြားဝက်ဆိုက်များကို ရောက်သွားရာ အမှတ်မထင် မိမိထံတွင် ချန်ထားခဲ့သော “ကိုယ်တော်တို့ သင်္ကန်းတောင်းလေးရဲ့ အနက်ကိုသိပါသလား? မေ့များမေ့နေလား? မေ့ချင်ယောင်ဆောင်နေလား?” ဆိုတာကိုပင် ထပ်တွေ့လိုက်ရပြန်သည်။ အဆိုပါဧည့်သည်,သည် ရဟန်းတော်များရေးသားနေသော အင်တာနက်စာမျက်နှာများတွင် မှတ်ချက်ဘောက်ကနေ ယင်းစကားကိုပင် ထပ်ပြန်တလဲလဲ မေးနေဟန် သို့တည်းမဟုတ် သတိပေးနေဟန်တူသည်။
          ပြောဆိုဟန်ကိုကြည့်ခြင်းအားဖြင့် ဧည့်သည်တော်သည် ရဟန်းတွေအကြောင်းကို အူမချေးခါးမဟုတ်တောင် အတော်အတန်သိသည်မှာ မေးခွန်းကိုကြည့်ခြင်းအားဖြင့် သံသယမဖြစ်မိတော့။ ထိုကြောင့် မိမိဘလော့ဂ်မှာပင် ရဟန်းတော်နှင့်တာဝန်ဟူသော ခေါင်းစဉ်ဖြင့် အင်္ဂလိပ်လို ဆောင်းပါးတစ်ပုဒ်ကို ရေးတင်ဖြစ်ခဲ့သည်။ ယခုဆောင်းပါးမှာ အရင်တင်ပြီးသား အင်္ဂလိပ်ဆောင်းကို ဘာသာပြန်ခြင်းမဟုတ်ပါ။ အချိန်ရသည်နှင့်ပင် မြန်မာလိုထပ်မံရေးလိုက်ရပေသည်။ ဖြေရှင်းချက်ပေးသည်ဟု မယူဆစေလိုပါ။ အကြောင်းမှာ မိမိမှာ တရားခံတစ်ယောက်မဟုတ်သလို စွပ်စွဲခံရသူတစ်ယောက်လည်း မဟုတ်ဟု လက်ခံထားသောကြောင့်ဖြစ်ပါသည်။ ယခုဆောင်းပါးသည် စာရေးသူ၏ အယူဆသက်သက်မျှသာဟု သဘောကျပါလေ။
          ပါဠိစာပေများတွင် ဗြဟ္မဏခေါ်ပုဏ္ဏားများကို ဒွိဇ(ဒွိ=နှစ်ကြိမ်+ဇ=ဖြစ်ခြင်း)ဟုခေါ်ဝေါ် သုံးစွဲလေ့ရှိသည်ကို တွေ့ရသည်။ သူတို့ကို လူသားမိခင်မှ တစ်ကြိမ်ဖွားမြင်ပြီး၊ ဖန်ဆင်းရှင် မဟာဗြဟ္မာကြီး၏ပါးစပ်မှ နောက်ထပ်တစ်ကြိမ်ဖွားကြသူများအဖြစ် အန္ဒိယဓလေ့ထုံးစံများအရ လက်ခံထားကြသူများဖြစ်သည်။ တစ်ဘ၀တည်း၌ပင် နှစ်ကြိမ်နှစ်ခါ ဖွားမြင်ကြသူများဟု အဓိပ္ပါယ်ရပါသည်။
          ရဟန်းတစ်ပါးဖြစ်လာသည်ကို ကြည့်ခြင်းအားဖြင့်မူ ရဟန်းတော်များကို တိဇ(တိ=သုံးကြိမ်+ဇ=ဖြစ်ခြင်း)ပုဂ္ဂိုလ်များဟု သုံးနူံးက သင့်တော်မည်လားမသိ။ ကြည့်ပါ။ ရှေးဦးစွာ လူတို့ထုံစံအတိုင်း မိခင်မှ အရင်ဖွားမြင်သည်။ ထိုနောက် ရဟန်းမဖြစ်ခင် ဆံရိတ်ပယ်ဖြင်းစသည်ဖြင့် ရှင်သာမဏေကို အရင်ဝတ်ရသည်။ ထိုနောက်မှပင် (ဥာတ္တိစတုတ္ထကမ္မ၀ါဖြင့်) သိမ်ထဲတွင်ရဟန်းခံပြီး ရဟန်းဖြစ်ရသည်။
          ရှင်သာမဏေပြုရာတွင် အခြေခံလိုအပ်ချက်များရှိသည့်အထဲမှ ရှင်သာမဏေကို စတင်ပြုနိုင်သည့်အရွယ်မှာ ကျီးငှက်ကိုခြောက်လှန့်နိုင်သော အသက်အရွယ်ရှိဖို့နှင့် သရဏဂုံကို ပီသအောင်ရွက်ဆိုတတ်သော အရွယ်ရှိဖို့ဖြစ်ပါသည်။ ယင်းသတ်မှတ်ချက် စတင်ဖြစ်ပေါ်ရခြင်းမှာ မိဘနှစ်ပါးဆုံးပါးသွားပြီး တခြားအားကိုးအားထားပြုစရာ ဆွေမျိုးသားချင်းများ မရှိတော့သော ကလေးငယ်များကြောင့်ဖြစ်ပါသည်။ မြတ်စွာဘုရား၏ ညာလက်ရုံးတစ်ဆူ ဖြစ်တော်မူသော အရှင်သာရိပုတ္တရာမထေရ်က ထိုကဲ့သို့အဖြစ်ဆိုးမျိုးကို ကြုံတွေ့နေရသည့် ကလေးများအတွက် မြတ်စွာဘုရားကို လျှောက်ထားရာမှ ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
ဘုရားရှင်၏သားတော် ရာဟုလာကို ငယ်ငယ်ရွယ်ရွယ်နှင့် ရှင်သာမဏေ ပြုပေးခဲ့သည့်အတွက်ကြောင့် မိဘများမှာ စိုးရိမ်သောကပွားရသည်။ ထိုကြောင့် မိဘများခွင့်မပြုသူများကို ရှင်သာမဏေ၊ရဟန်းပြုပေးခြင်းကို ခွင့်မပြုပါရန် ဘုရားရှင်၏ဖခင် သုဒ္ဓေါဓနမင်းကြီးကိုယ်တိုင် လျှောက်ထားခဲ့သည့်အတွက်ကြောင့် မိဘများ သို့မဟုတ် အုပ်ထိမ်းသူများ၏ သဘောတူခွင့်ပြုချက်သည် ရှင်သာမဏေဖြစ်ဖို့ရာအတွက် လိုအပ်ချက်တစ်ခု ဖြစ်လာခဲ့သည်။
မိဘများခွင့်ပြုချက်နှင့်ပတ်သက်၍ ချွင်းချက်တစ်ခုကိုလည်း အရှင်သာရိပုတ္တရာ၏ ညီတော်အရင်းဖြစ်သော ရေ၀တသာမဏေ၀တ္ထုတွင် တွေ့ရသည်။ အရှင်သာရိပုတ္တရာမထေရ်က ရဟန်းတော်တစ်ပါးပါးထံတွင် မိမိ၏ ညီအကိုမောင်နှမများ ရှင်သာမဏေပြုခွင့် တောင်းလာခဲ့သော် မိဘများ၏ သဘောတူညီချက်စောင့်မနေပဲ ချက်ချက်ဆောင်ရွက်ပေးပါရန် ရဟန်းတော်များအား ကြိုတင်မေတ္တာရပ်ခံထားပါသည်။ အကြောင်းမှာ သူတို့သည် ဘုရားသာသနာကို မကြည်ညိုသူများ၊ ဘာသာခြားများဖြစ်နေသောကြာင့်ပင်။ ထိုပြင် မိမိကိုယ်တိုင်သည်ပင် အုပ်ထိန်းသူဖြစ်အနေဖြင့် ကြိုတင်ခွင့်ပြုထားခြင်းလည်းဖြစ်သည်။ အကိုကြီးတော့ အဖရာဆိုသည်မဟုတ်လား။
ထိုနောက်တွင်တော့ ဥပဇ္ဈာယ်(အပြစ်ကြီးငယ်ကို ဆုံးမသွန်သင်တတ်သူ)ဆရာ၏ရှေ့တွင် “သံသာရ ၀ဋ္ဋဒုက္ခတော မောစနတ္ထာယ”စသော ဂါထာနှစ်ပုဒ်ဖြင့် ရှင်သာမဏေပြုခွင့်တောင်းရသည်။ (ဤသည်ကို သင်္ကန်းတောင်သည်ဟု ပြောစမှတ်ပြုကြသည်)။ ထိုဂါထာနှစ်ပုဒ်၏ လိုရင်းအဓိပ္ပါယ်မှာ “သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ပါရခြင်းအကျိုးငှါ (တပည့်တော်၏ လက်၌ရှိသော ဤသင်္ကးန်းကို ယူတော်မှူု၍/ အရှင်ဘုရား၏ လက်တော်၌ရှိသော ထိုသင်္ကန်းကို ပေးတော်မူ၍)သနားချီးမြှောက်သောအားဖြင့် ရှင်သာမဏေ ပြုပေးတော်မူပါ”ဟု ဖြစ်သည်။
ထိုနောက်တွင်တော့ သရဏဂုံသုံးပါးနှင့် လိုအပ်သောကျင့်ဝတ်၊သီလများကို ဆောင်ထိန်းလိုက်နာသောအားဖြင့် ရှင်သာမဏေဖြစ်လာသည်ဟု အလွယ်နားလည်ရပေမည်။ ရှင်သာမဏေဖြစ်ပြီးနောက် အသက်နှစ်ဆယ် သို့မဟုတ် ၁၉-နှစ်နှင့် ၃-လပြည့်လျှင် ရဟန်းပြုနိုင်ပါသည်။ 
ဆက်ပါဦးမည်..........
မေတ္တာဖြင့်-
             အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)

0 comments:

Post a Comment